Sunday, February 6, 2011

0 အီဂျစ်နဲ့ မြန်မာနိုင်ငံ (ထွန်းအောင်ကျော်)

အီဂျစ်အာဏာရှင် မူဘာရက်ကို အီဂျစ်ပြည်သူတွေက မလိုလားတော့ကြောင်း အတိအလင်း လမ်းမများတွင် ထွက်ပြီး ဆန္ဒပြနေခဲ့သည်မှာ ရက်ပေါင်း ၇ ရက်ခန့် ရှိနေခဲ့ပါပြီ။ ပထမတော့ နိုင်ငံကိုနှစ်ပေါင်း (၃၀) ကြာ အုပ်ချုပ်နေခဲ့တဲ့ သမတမူဘာရက်ဟာ ယခင်က ခန့်အပ်ခြင်း မပြုဖူးတဲ့ ဒုသမတနေရာကို ဖန်တီးပြီး (Omar Suleiman) အိုမာဆူလီမန် ကို ဒုသမတအဖြစ် ခန့်အပ်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲသွားမယ်လို့ ပြည်သူတို့ကို နှစ်သိမ့်ဘို့ ကြိုးစားခဲ့ပါသည်။ သို့ရာတွင် ပြည်သူတွေဟာ မလျော့ဘဲ “မူဘာရက် ထွက်ပေး” ဆိုတဲ့ အသံနဲ့ ဆက်လက် ဆန္ဒပြခဲ့ကြပါသည်။ ကိုင်ရိုမြို့ကနေ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ဇန္ဒရားမြို့အထိ လူထုဆန္ဒပြပွဲကြီး အီဂျစ်နိုင်ငံမှာ ပြန်နှံ့လာခဲ့ပြီး လူတွေ သန်းနဲ့ချီပြီး ဆန္ဒပြပွဲကို ပေါင်းစည်းလို့ လာခဲ့ပါသည်။

          ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း အရေးတကြီး ပါဝင်လာခဲ့ပါသည်။ အီဂျစ်နိုင်ငံဟာ အမေရိကန်တို့ဘက်က ရပ်တည်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတွေ ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် အမေရိကန်ရဲ့ ကျိုးပမ်းမှုကို ထောက်ခံအားပေးတဲ့ နိုင်ငံဖြစ်တဲ့ အပြင် အစ္စလမ် အစွန်းရောက်တွေ မထကြွနိုင်အောင် အင်တိုက်အားတိုက် နှိမ်နင်းနေတဲ့ နိုင်ငံလည်း ဖြစ်ပါသည်။ ဒီဂျစ်သမတ မူဘာရက်ဟာ အာဏာရှင်ဘဝနဲ့ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်နေခဲ့သော်လည်း အရှေ့လယ်ပိုင်းဒေသမှာ အမေရိကန်အလိုကျ လိုက်လုပ်ပေးနေတဲ့ သူလည်းဖြစ်တဲ့အတွက် အမေရိကန်တွေဟာ သူတို့ပြောနေကျ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတွေကို ရှေ့တန်းမတင်ဘဲ မူဘာရက်လုပ်ရပ်တွေကို မျက်စိမှိတ်နေခဲ့တာ ဖြစ်ပါသည်။ တကယ်တော့ မူဘာရက်ဟာ အမေရိကန် အကျိုးစီးပွားအတွက် အလွန်အရေးကြီးတဲ့ မဟာမိတ်တဦးဘဲ ဖြစ်ပါသည်။

          အရှေ့အလယ်ပိုင်းက ရေနံတွေတင်ပို့မှု လွယ်ကူချောမွေ့ရေး၊ မူဆလင်အကြမ်းဖက် အဖွဲ့အစည်းတွေ ခေါင်းထောင်မလာနိုင်အောင် နှိမ်နင်းရေးနဲ့ အစ္စရေးနိုင်ငံကို အာရပ်နိုင်ငံများက ကမ္ဘာပေါ်က ပျောက်သွားအောင် မလုပ်နိုင်ရေးတို့ဟာ အမေရိကန်နိုင်ငံရဲ့ အဓိက ရည်မှန်းချက်များ ဖြစ်ပါသည်။ ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက်  အီဂျစ်နိုင်ငံတွင် အမေရိကန်လိုလားသည့် အစိုးရတရပ် တည်ရှိနေရေးသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ပါသည်။

          ယနေ့ အီဂျစ်နိုင်ငံတွင် ဖြစ်ပေါ်လာသော လူထုအုံကြွမှုကြီးသည် မူဘာရက်ပြုတ်ကျသွားရေး ဖြစ်ပြီး ၎င်းပြည်သူတို့ မလိုလားသည့် မူဘာရက်သည် အမေရိကန်၏ မဟာမိတ်ဖြစ်နေပြန်သည့်အတွက် မူဘာရက် ပြုတ်ကျသွားလျှင် နောင်တက်လာသော အစိုးရသည် အမေရိကန်ဆန့်ကျင်ရေး ခေါင်းဆောင်မဖြစ်ဘို့ အထူးအရေးကြီးသဖြင့် အမေရိကန် အစိုးရသည် အီဂျစ်နိုင်ငံ၏ အခြေအနေကို စိုးရိမ်တကြီး အနီးကပ် လေ့လာလျက်ရှိပေသည်။

          ထိုအခြေအနေများကြောင့် အမေရိကန်သမတ အိုဘားမားသည် တိုင်းပြည်ရုပ်သံလွှင့် အစီအစဉ်မှနေ၍ အမေရိကန်ပြည်သူများနှင့် အထူးသဖြင့် မူဘာရက်နှင့် အီဂျစ်ပြည်သူများကြား သိစေရန် ထုတ်ဖေါ်ပြောဆိုမှုများကို လုပ်ဆောင်လာခဲ့ပေသည်။

          အိုဘားမားက မူဘာရက်သည် မျိုးချစ်တယောက်ဖြစ်သည်။ အီဂျစ်ပြည် အကျိုးကို လိုလားသူလည်းဖြစ်သည်။ မူဘာရက် အနေဖြင့် သူ့အစိုးရ အဖွဲ့အစည်းတွင်းမှ လုပ်ဖေါ်ကိုင်ဖက်များ၏ သဘောထားကို နားထောင်ရန် လိုသလို အီဂျစ်ပြည်သူတို့၏ အသံကိုလည်း နားထောင်ဘို့ အလေးအနက်ထားဘို့လိုကြောင်း ပြောခဲ့ပြီး အီဂျစ်နိုင်ငံ၏ လက်ရှိ အခြေအနေကို အမြန်ဆုံး ပြောင်းလဲပစ်ဘို့ လိုကြောင်း ပြုပြင်ပြောင်းလဲရာ၌ အပေါ်ယံပြောင်းလဲမှုမျိုးထက် အမှန်တကယ်ပြောင်းလဲမှုလုပ်မှသာ ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း အစိုးရအပြောင်းအလဲ ပြုလုပ်ရာတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုဖြစ်ရန်နှင့် ငြိမ်းချမ်းစွာ ပြောင်းလဲမှုတို့ ရှိရမည်ဟု ထုတ်ဖေါ်ပြောကြားလာခဲ့သည်။ ထို့ပြင် အီဂျစ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ပြင်ပမည်သည့် နိုင်ငံကမျှ ဝင်ရောက် စွက်ဖက်မှု မပြုဘို့လိုကြောင်း၊ အီဂျစ်ပြည်သူများကသာ သူတို့လိုလားသည့် အစိုးရကို ရွေးချယ်သွားရမည်သာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

          မူဘာရက်သည် အာဏာရှင်တယောက်ဖြစ်သည်။ သူ၏ အဓိက မဟာမိတ်ဖြစ်သည့် အမေရိကန်နိုင်ငံက သူ့အား ပြုပြင်ပြောင်းလဲဘို့ အမြန်ဆုံးလုပ်ရန်လိုကြောင်း တရားဝင် ကမ္ဘာသိထုတ်ဖေါ်ပြောကြားလာမှုကြောင့် မူဘာရက် အနေဖြင့် ဆင်းပေးရန်မှတပါး အခြားမရှိပြီဟု မြင်သည်။ အလားတူအဖြစ်အပျက်မျိုး ဖိလစ်ပိုင်နိုင်ငံတွင်လည်း ဖြစ်ဘူးသည်။ ဖီလစ်ပိုင်အာဏာရှင် မားကို့စ်ကို ပြည်သူများဆန္ဒပြသည့်အပေါ် ဗိုလ်ချုပ်ကြီး ရာမို့စ်နှင့် ဗိုလ်ချုပ်ကြီးအင်ရိုင်းတို့က ပြည်သူတို့နှင့် ပေါင်းစည်းလိုက်သဖြင့် စစ်တပ်သည် ပြည်သူဘက်သို့ ပါလာခဲ့သည်။ အဓိက မဟာမိတ် အမေရိကန်ကလည်း သမတမားကို့စ်ကို အာဏာစွန့်လိုက်တော့ဟု ပြောလာခဲ့သည့်အခါ မားကို့စ် ဖီလစ်ပိုင်မှ ထွက်ပြေးခဲ့ရပေသည်။ ယခုလည်း မူဘာရက်ကို အမေရိကန်သမတက ပြောနေပြီဖြစ်သည်။ ဆင်းပေးလိုက်တော့၊ အစွန်းရောက်ဝါဒီတွေ အီဂျစ်မှာ ခေါင်းထောင်မလာခင် အသာတကြည် ဆင်းပေးလျှင် ထိန်းလို့ ရနိုင်သေးသည်ဟူသည့် သဘော ပြောနေပြီဖြစ်သည်။ မူဘာရက်ကလည်း ရွေးကောက်ပွဲလာမည့် သူသက်တမ်းကုန်သည့် အောက်တိုလတွင် ကျင်းပပေးမည် သူလည်း ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ပြောလာခဲ့သည်။ သို့ရာတွင် ပြည်သူကမလျော့၊ မူဘာရက်ထွက်ဟုသာ တောင်းဆိုနေသဖြင့် မူဘာရက်ထွက်ရတော့မည်ဟု မှန်းဆသည်။ ယနေ့အချိန်ထိ အီဂျစ်စစ်တပ်သည် ပြည်သူကို မပစ်သေးပေ၊ သို့သော် မူဘာရက်ကိုလည်း ဆက်လက်သစ္စာခံနေဆဲ ဖြစ်သည်။
  မြန်မာနိုင်ငံတွင်မူ ဗိုလ်သန်းရွှေ၏ အဓိက မဟာမိတ်သည် တရုတ်ကြီးဖြစ်သည်။ တရုတ်ကြီးသည် တပါတီစံနစ်ကို ကျင့်သုံး၍ မိမိတိုင်းပြည်ကို အုပ်ချုပ်နေခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိသွားလျှင် တရုတ်ကြီးအတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုလာနိုင်သည်။ တရုတ်ပြည်သူများ မြန်မာပြည်သူတို့ကဲ့သို့ ဒီမိုကရေစီရေး၊ လူအခွင့်အရေးတို့ကို ပိုမို အာရုံစိုက်ပြီး တောင်းဆိုလာနိုင်သည်။ ၁၉၈၈ ခုနှစ်က မြန်မာကျောင်းသားများ ဦးဆောင်ခဲ့သော ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးသည် တရုတ်ပြည်တွင်းရှိ တက္ကသိုလ်ကျောင်းသားများ၊ လူလတ်တန်းစားများကို အားကျစေခဲ့သည့် သာဓကရှိသည်။ ထိုကြောင့် ၁၉၈၉ ခုနှစ် တီယင်မင် ရင်ပြင်တွင် တရုတ်ကျောင်းသားများ ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့သောအခါ တရုတ်ကျောင်းသားခေါင်းဆောင်တချို့က ၎င်းတို့ မြန်မာကျောင်းသားများ လှုပ်ရှားမှုကို များစွာ အားကျခဲ့ကြကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ပြောင်းလဲမှုသည် တရုတ်နိုင်ငံကို တိုက်ရိုက်ချိမ်းခြောက်မှု ရှိနိုင်သည်ဟု တရုတ်ခေါင်းဆောင်များက တွက်ဆခဲ့ကြသည်။ အကယ်၍ မြန်မာပြည်တွင် ရှစ်လေးလုံးကဲ့သို့သော အရေးတော်ပုံကြီးတခု ထပ်၍ ပေါ်ပေါက်ခဲ့လျှင် ဗိုလ်သန်းရွှေ၏ အဓိက မဟာမိတ်တရုတ်ကြီးက အမေရိကန်သမတအိုဘားမားကဲ့သို့ ပြည်သူ့အလိုကျ အာဏာကို စွန့်ပစ်ဘို့၊ အကြမ်းမဖက်ဘဲ ညင်သာသော အပြောင်းအလဲကို ငြိမ်းချမ်းစွာ ပြုလုပ်ရန် ပြောဆို တိုက်တွန်းလိမ့်မည်မဟုတ်ဘဲ၊ မင်းတို့နိုင်ငံ အတွင်းရေးဖြစ်သည်၊ မင်းတို့ ကြိုက်သလိုလုပ်၊ ငါတို့မင်းတို့ဘက်မှာ ရှိသည်ဟုသာ ပြောဆိုလိမ့်မည်ဟု မှတ်ယူရပေသည်။ အချုပ်အားဖြင့် အင်အားကြီးနိုင်ငံများ၏ ထောက်ခံမှုကို ယူထားသည့် အာဏာရှင်နိုင်ငံများသည် မိမိကိုထောက်ခံနေသော နိုင်ငံကြီး၏ နိုင်ငံရေးစံနစ်အပေါ် မူတည်ပြီး ဒီမိုကရေစီစံနစ်သို့ ပြောင်းလဲနိုင်သလို၊ မပြောင်းလဲဘဲလည်း နေနိုင်သည်။ မိမိကို ထောက်ခံသော အင်အားကြီး နိုင်ငံ ၏ ထောက်ခံမှု မရှိတော့လျှင် ပြုတ်ကျရန် လွယ်ကူပြီး၊ ဆက်လက်ထောက်ခံမှု ရရှိနေလျင် ခိုင်မြဲနေတတ်သည်။ မြန်မာနိုင်ငံ အပြောင်းအလဲသည် သွေးမြေကျပြီးမှသာ ပြောင်းလဲမည့် သဘောတွင် ရှိသည်မှာ ဝမ်းနည်းစရာပင်ဖြစ်သည်။

ထွန်းအောင်ကျော်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.