Sunday, May 1, 2011

0 သမ္မတ အကြံပေးအဖွဲ့ဆိုလားဘာဆိုလား

ဓာတ်ပုံထဲက ဂစ်တာတီးနေတဲ့ သူဟာ သမ္မတရဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာတို့အတွက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၉ ဦးထဲက တယောက်ပါ။ဒေါက်တာဦးမြင့် လို့ခေါ်ပါတယ်။
ဒီရက်ပိုင်း ကောလဟလ လိုလို ဘာလိုလိုနဲ့ ထွက်လာတဲ့သတင်းတစ်ခုရှိတယ်.. အစိုးရသတင်းစာနဲ့ ရေဒီယိုမှာ တရားဝင် မကြေငြာပေမယ့်.. သမ္မတ အကြံပေးအဖွဲ့ဆိုလားဘာဆိုလား ခန့်သတဲ့.. အွန်လိုင်း သတင်းဖက်မှာ ကိုသူတော် တင်ပေးထားတာဖတ်ပြီး ကျန်တဲ့ သတင်းပလင်းတွေ စုံစမ်းကြည့်တော့ သမ္မတအကြံပေးအဖွဲ့ကို
( ၁ ) စီးပွားရေး
( ၂ ) နိုင်ငံရေး
( ၃ ) ဥပဒေ ဆိုပြီး ကဏ္ဍသုံးခု... အဖွဲ့ဝင် သုံးဦးစီနဲ့ စုစုပေါင်း သမ္မတအကြံပေးအဖွဲ့ဝင် ကိုးဦး တွေ့ရတယ်..

အဲဒီအထဲမှာ အားအကောင်းဆုံးလို့ဆိုနိုင်တာကတော့ စီးပွားရေးအကြံပေးအဖွဲ့မှာ ထိပ်ဆုံးက နာမည်စာရင်း ထည့်ထားတဲ့ ဒေါက်တာဦးမြင့်ပါ.. တကယ့် ပညာရှင်စစ်စစ်လို့ ပြောနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို စာရင်းထဲမှာ ထည့်ထားတာတွေ့ရပေမယ့် ကာယကံရှင်ကိုယ်တိုင်ကတော့ ကြိုတင်မသိရတဲ့သဘောမျိုးပြောသွားတာ တွေ့ရ ပြန်ရော ဘာဘဲပြောပြော နိုင်ငံတကာ ထုံးစံနဲ့ ကိုက်ညီအောင် သမ္မတ အကြံပေးအဖွဲ့ဆိုတာကိုတော့ ဖွဲ့ရတာပေါ့လေ.. စီးပွားရေးအကြံပေးအဖွဲ့ထဲက နောက်တစ်ယောက်ဖြစ်တဲ့ ဦးဆက်အောင် ကိုတော့ သိသလိုလိုဘဲ ကျနော်သိတဲ့လူဆိုတာ သေချာရင်တော့ မဆိုးလှဘူးပြောရမယ်.. နိုင်ငံတကာစီးပွားရေးဆက်ဆံမှုမှာ လူမသိသူမသိ ကျွမ်းကျင်သူတစ်ဦးဆိုရင် မမှားဘူးပေါ့ဗျာ.. နောက်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ တင်လှဗိုလ်ဆိုတာကိုတော့ အရိုးသားဆုံးပြောရရင် လုံးလုံးမသိပါဘူး..

နောက်တစ်ခါ နိုင်ငံရေးအကြံပေးအဖွဲ့ရဲ့ နံပတ်စဉ်တစ်မှာ ပါလာတဲ့ ပုဂ္ဂိုလ်ကတော့ ဦးကိုကိုလှိုင် တဲ့...အဲဒီဦးကိုကိုလှိုင်ဟာ MRTV 4 မှာ နိုင်ငံတကာရေးရာတွေကို အာပေါင်အာရင်းသန်သန်နဲ့ ဝေဖန်သုံးသပ် တင်ပြဖူးသူတစ်ယောက်ပေါ့.. စာဖတ်အားကောင်းပုံရပြီး တော်တဲ့လူတစ်ယောက်လို့ သတ်မှတ်လို့ရနိုင်ပေမယ့် စစ်မှုထမ်းဟောင်းဖြစ်တာရယ်.. နောက်တစ်ခါ Northern Starဆိုတဲ့ ဖော်လံဖား ဂျာနယ်တစ်စောင်ကို ဦးစီးထုတ်ဝေဖူးတာရယ်.. နောက်ပြီးတော့.. နာဂစ်မုန်တိုင်းပြီးခါစက ဖားရှာငါးရှာ စားဖို့ သတင်းစာထဲကနေ တိုက်တွန်းရေးသားခဲ့ဖူးသူ ဆောင်းပါးရှင် ]အောင်လှိုင်} ဖြစ်နေတာရယ်ပါဘဲ.. ဒီတော့ ဒီပုဂ္ဂိုလ်က နိုင်ငံရေး အကြံပေးအဖွဲ့ခေါင်းဆောင်ဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့လို့ဘဲ ပြောချင်တော့တာပါ.. အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာနေဇင်လတ်ဟာ စီးပွားရေးသမားတစ်ယောက်လို့ဘဲ သိထားခဲ့တာဖြစ်ပြီး ရွှေစည်းစိမ်မဂ္ဂဇင်း.. Ambo Hotel အပြင် တခြားစီးပွားရေးလုပ်ငန်းတွေကို အခွင့်ထူးခံဘောင်ထဲကမဟုတ်ဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ လုပ်ကိုင်စီးပွားရှာနေသူ လို့ဘဲမြင်တယ်.. နိုင်ငံရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ အတွေးအမြင်ကို တစ်ကြိမ်တစ်ခါမှ မမြည်းစမ်းဖူးလို့ ပြောဖို့ခက်တယ်.. နောက်.. အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဦးရဲတင့် ကျနော်ကောင်းကောင်းမသိပါ..

ဥပဒေ အကြံပေးအဖွဲ့ခေါင်းဆောင်ကတော့ ရဲမှူးကြီးစစ်အေးတဲ့... ဒီပုဂ္ဂိုလ်ဟာလည်း သူ့ဌာနမှာ သိပ်ပြီးတော့ ခေလှသူမဟုတ်ပေမယ့် ဘယ်လောက်ဘဲတော်တော် ဘယ်လောက်ဘဲ အရည်အချင်းရှိရှိ... ရဲဟာ ရဲ ပါဘဲ.. ရဲ ကို ဥပဒေအကြံပေးခန့်ထားတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အတွေးအခေါ်ကိုတော့ လက်ဖျားခါတာပါဘဲ.. အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါ်ခင်မျိုးမြင့် ဆိုတာကတော့ စိတ်ထင် တရားသူကြီးဟောင်းတစ်ယောက်လို့ထင်မိပေမယ့် မသေချာလှပါဘူး.. နောက်တစ်ယောက်ဖြစ်တဲ့ ဦးသန်းကျော်ဆိုသူကိုတော့ လုံးဝမသိပါ.. ဘာဘဲပြောပြော ဥပဒေ အကြံပေးဆိုတဲ့ အဖွဲ့မှာ ဥပဒေနဲ့ပတ်သက်ပြီး ဒေါင်ဒေါင်မြည်တစ်ယောက်မှ ပါဝင်ခြင်းမရှိတာကိုတော့ အံ့ဩခြင်းများစွာဖြစ်မိပါရဲ့..

နိုင်ငံတကာမှာလည်း သမ္မတ အကြံပေးအဖွဲ့တွေရှိတာပါဘဲ.. အမေရိကန်နိုင်ငံမှာဆိုရင် သမ္မတ အကြံပေး အဖွဲ့ဝင်တွေဟာ နာမည်ကျော် Think Tank အဖွဲ့ကြီးဖြစ်တဲ့ Brooking Institute  ပညာရှင်တွေ တစ်ယောက်မဟုတ် တစ်ယောက်ပါတာကို တွေ့ရပြီး အများစုဟာ ဒေါင်ဒေါင်မြည်တွေပါ.. ဒါ့အပြင် အနီးအနားက ကွန်မြူနစ်စနစ် ကွန်မြူနစ်ပါတီနဲ့ အုပ်ချုပ်နေတဲ့ တရုတ်ပြည်မှာလည်း တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုကို အဓိက အကြံပေးနေတဲ့ အဖွဲ့အစည်းက Chinese Academy of Social Science ဆိုတဲ့ အရှိန်အဝါ ဩဇာ ကြီးမားတဲ့ ပညာရှင်အဖွဲ့အစည်းကြီးဖြစ်ပါတယ်..

မြန်မာနိုင်ငံရဲ့ သမ္မတ အကြံပေးအဖွဲ့ကို လေ့လာကြည့်တဲ့အခါ စီးပွားရေးအကြံပေးအဖွဲ့တစ်ခုတည်းသာ.. ဆရာဦးမြင့်ရဲ့ အရှိန်အဝါကြောင့် လူရိုသေရှင်ရိုသေဖြစ်ဖို့ရှိနေတာပါ..

ဒီတော့.... မေးချင်တာက သမ္မတကြီးခင်ဗျား.. အကြံပေးအဖွဲ့ကို ဖွဲ့စည်းခန့်ထားရခြင်းရဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့ အကြံအဉာဏ်တွေ ရယူသုံးစွဲဖို့လား.. ဒါမှမဟုတ် လုပ်သမျှကို ထောက်ခံဆွေးနွေးဖို့လား.. ဒါမှမဟုတ် လုပ်သမျှကို ခေါင်းခံဖို့အတွက် ခေါင်းငှားခြင်း သက်သက်လား..

MMCPမှ koshwemungအားကျေးဇူးတင်ရှိပါသည်...

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.