Wednesday, May 4, 2011

0 မေလ၊ (၁၀) ရက်၊ ၂၀၁၁ ခုနှစ် ဒဂုန်တာရာ (၉၂) နှစ်ပြည့် အမှတ်တရ။ သခင်ဗဟိန်း၏ မေ၀တ္ထု အမှာစာ

မေ ၀တ္ထုကိုဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်ရသည်နှင့်တူလေသည်။ အဘယ့်ကြောင့်
ဆိုသော် သူ့ အရသာမှာ အခြားအစာအဟာရများလို ဒါချည်းဒါချည်း မဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းကနဲ
ဖိန်းကနဲ ဖြစ်သွားသောကြောင့်ဖြစ်သည်။

သူ့ ကို လျှာပေါ်တင်လိုက်ကတည်းက ဆန်းသစ်သောဝေဒနာကို တွေ့ ရသည်။ ခါတိုင်း စားနေကြ
အရာများထက် ထူးသည်ကိုတော့ သိလိုက်သည်။ ၀မ်းထဲသို့ ချောချောမွေ့ မွေ့  ၀င်မသွား၊ ပထမတော့
ပူတူတူ ရှိန်းတိန်းတိန်းနှင့်ပင် မျိုချလိုက်ရသည်။ သူ့ ကို ဖတ်နေစဉ်ပင် အသစ်အဆန်းကလေးများကို
မတွေ့ ဝံ့ဝံ့ တွေ့ ဝံ့ဝံ့ ဖြစ်နေရသည်။ သို့ ရာတွင် ဘာဘဲဖြစ်ဖြစ် သူ့ ကိုတွေ့ ရ၍ ခံစားရမည့် ဝေဒနာကို
ရင်ဆိုင်ရမည်။ သူ့ အယုအယကို ခံယူရာ၌ သူ့ ကို အရေလယ်ဖို့ လိုသည်။ သူ၏ ယုယမှုမှာ အရေလယ်
ရေး ပေါ်တွင် တည်လေသည်။ အရေလယ်လာလေ ဖတ်၍ အင်မတန်အရသာရှိလေ ဖြစ်သည်။ သူ့ 
စိတ်ကူးကို ဖော်ကျူးသော အရေးအသားမှာ အနုစိပ်သည်။ သူ အနုစိပ်သလောက်ကို ကြည့်သူက မြင်မှ
ဟန်ကျမည်။ သူ၏ ရောင်ခြည်များသည် ရှေ့ ဝယ် လှပစွာ ထင်လာလေသည်။ ထိုရောင်ခြည်များသည်
ပဉ္စလက်နည်းဖြင့် ပေါ်လာသောရောင်ခြည်ဖြစ်၍ ထိုဟာသာ သူ၏ Art အနုပညာ ဖြစ်လေသည်။

ဒီဟာများသာ အရက်ကိုမူးရသော အရသာဖြစ်လေသည်။

မေသည် မည်သူ့ အအုပ်အထိန်းကိုမှ မခံရသော ကောလိပ်ကျောင်းသူကလေးဖြစ်သည်။ သူ့ သဘော
အတိုင်း ဘာမဆို လုပ်နိုင်သည်။ မေသည် ကျောင်းကထွက်လျှင် ထွက်ချင်း လူကုံထံတွေနှင့် တွေ့ ရသည်။
ပထမတော့ လူကုံထံကို နားမလည်။ လူကုံထံကို အကဲ မခတ်တတ်။ နောက်ဆုံး မေသည် လူကုံထံကို
နားလည်လေသည်။ နားလည်လျှင် လူကုံထံ၏ ဒဏ်ကြောင့်ပင် သူတို့ ကို စွန့် ခွာ၍ သွားရလေသည်။

နောက် မေသည် သူ့ ကိုယ်သူ လူကုံထံဖြစ်အောင် က လေသည်။ ဒီအခန်းအထိ ၀တ္ထုရေးဆရာက လူကုံထံ
တွေကို လှောင်ပြောင်လေသည်။ ၀တ္ထုရေးဆရာသည် မေ့ဘက်မှနေ၍ လူကုံထံကို သရော်သည်။ နှုတ်ခမ်း
မဲ့ သည်။ ကျန်အခန်းများတွင် ၀တ္ထုရေးဆရာသည် မေ့ဘက်ကလည်း မနေ၊ ဘယ်ဘက်ကမှ မနေပေ။

မေ့ ဘ၀ကိုသာ ၀တ္ထုရေးဆရာသည် ပန်းချီဆရာလို ပုံတူရေးပြသည်။ မေ့ပုံကားကို ရေးရာ၌ တစ်လုံး
တစ်ပါဒမျှ မကွန့် ၊ ဆေးရောင်နှင့်လည်း မမှုန်းသေး။ မေ့ကို စက္ခုဖြင့် မြင်ရသည့်အတိုင်းသာ ရေးဆွဲလေ
သည်။ တစ်ခုတော့ ရှိသည်။ ပုံကားကို ဆွဲရာတွင် ဆေးသား အင်မတန် ညီသည်။ အချယ်အလှယ် လှပသည်။

လက်ရာ ယဉ်ကျေးသည်။ ပုံကား ပြီးလျှင် ၀တ္ထုရေးဆရာသည် အသာ ထောင်ထားလိုက်လေသည်။ ဘယ်
နေရာက အမှောင်၊ ဘယ်နေရာက အလင်း စသည်တို့ ကိုမူ ၀တ္ထုရေးဆရာက မညွှန်ပြ။ ကြည့်သူကသာ
အလင်းနှင့် အမှောင်ကို ခွဲခြားရမည် ဖြစ်လေသည်။ ခွဲခြား၍ စိတ်ကူးဥာဏ် ထုတ်ရခြင်းမှာ အရသာတစ်မျိုး
ဖြစ်လေသည်။

မေ၀တ္ထုကို ရေးသော ကိုဌေးမြိုင် (ဒဂုန်တာရာ) မှာ ကျောင်းသားဖြစ်လေသည်။ သူသည် တက္ကသိုလ်
သမဂ္ဂအသင်းတွင် အမှုဆောင်တစ်ဦးဖြစ်၍် သူသည် မနှစ်က ၀ါဒပြန့် ပွားရေးမှုး ဖြစ်လေသည်။ ဗမာနိုင်ငံ
လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းမှ ထုတ်ဝေသော မျိုးညွန့် မဂ္ဂဇင်းနှင့် တက္ကသိုလ်သမဂ္ဂမှ ထုတ်ဝေ
သော အိုးဝေမဂ္ဂဇင်းတို့ တွင် အယ်ဒီတာဖြစ်ခဲ့သည်။ သူသည် သမဂ္ဂအစည်းအရုံးစင်မြင့်မှ လာသော
စာရေးဆရာဖြစ်လေသည်။ သူရေးသော ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာများကို ဒဂုန်မဂ္ဂဇင်း၊ ဂန္တလောက၊
ယူနီဗာစတီကောလိပ် မဂ္ဂဇင်းများတွင် ဖတ်ရသည်။ သူသည် စာပေကို ရေးစ က ကဗျာများကို ရေးသည်။

ယခုမူ သူသည် ၀တ္ထုရေးဆရာ ဖြစ်လေပြီ။ သူ့ တွင် ကဗျာစိတ်ကူး ရှိသည်။ ထို့ ကြောင့် သူရေးသားရာ၌
စာလုံးကလေးများမှာ ကဗျာဆန်သည်။ အင်မတန် လှပသည်။ သူသည် ၀တ္ထုကို ရေးသားရာ၌ စာလုံး
ကလေးမျာကို ပန်းသီသလို သီသည်။ နောက်တစ်ခုမှာ သူသည် စကားလုံးထုဆရာ ဖြစ်သည်။ သူသည်
စကားလုံးအသစ်ကလေးများကို ထုလုပ်သည်။ အသစ်အဆန်းများ ပေါင်းဖွဲ့ ၍ အရေးအသား ဖြစ်လာရ
သည်။ သူသည် သီကုံးရေးသားရာ၌ Rhythmic ညီညွတ်၍ ပြေပြစ်သည်။

သူသည် တော်လှန်ရေးသမားလည်း ဖြစ်လေသည်။ ရေးနေကြ စိတ်ကူးနေကြများကို တော်လှန်၍်
အသစ်ထွင်သည်။ လေပြေလေညှင်းဟု မသုံး။ လေနုအေး ဟု ရေးသည်။ ကစားသည်ဟု မရေး။
နော့သည်ဟု ရေးသည်။ ဒီလို သူသည် ဘယ်သူနှင့်မှ မတူ၊ ဘယ်ဟာနှင့်မှ မတူသောအရသာ ရှန်ပိန်
အရက်ကို သောက်၍ မူးနေသော အရသာဖြစ်လေသည်။ မေ၏ ပုံကားသည် ရှေ့ တွင် အခိုးအငွေ့ များ
သဖွယ် လိပ်၍လိပ်၍ သဏ္ထာန်ဝတ္ထုတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ထိုပုံသဏ္ထာန်သည် မေ၀တ္ထုဖြစ်၍်
အရက်လို မူး၍ လာရန်မှာ အမှာကိုကျော၍ ရှေ့ ဆက် ၀တ္ထုကို ဖတ်ဖို့ ပင် ဖြစ်လေသည်။


၈- ၈- ၁၉၄၁ သခင်ဗဟိန်း

တက္ကသိုလ်သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ

ကျောင်းသားများသမဂ္ဂအသင်း ဥက္ကဌဟောင်း

ကိုအောင်မျိုးထွန်းအားကျေးဇူးတင်ရှိပါသည်....

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.