Monday, October 10, 2011

0 မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တရုတ်သတင်းစာ အကာအကွယ်ပေးရေးသား

(8 Oct 2011 ရက်စွဲပါ Reuters သတင်းဌာန၏ China paper defends Myanmar Investment ကို yangonchronicle ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တရုတ်စီမံကိန်းကြီးများသည် စီးပွားရေး တိုးတက်မှုကိုဖြစ်ထွန်းစေနိုင်သလို သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိအောင်လည်း အာမခံနိုင်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက အောက်တိုဘာလ ၇ ရက်နေ့တွင် အသိပေး ရေးသားဖော်ပြလိုက်သည်။ နိုင်ငံခြားမီဒီယာများက မြန်မာနိုင်ငံမှ တရုတ်စီမံကိန်းကြီးများနှင့်ပတ်သက်၍ အပုပ်ချရေးသားဖော်ပြမှုများသည် အများ ပြည်သူ သဘောထားကို များစွာလွှမ်းမိုးနေခြင်းဖြစ်သည်ဟု အဆိုပါ မီဒီယာက ပြောဆိုထားသည်။

မြန်မာအစိုးရက တရုတ်နိုင်ငံ၏ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံတန် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုကို ရပ်ဆိုင်းရန် ကြေညာ လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံက သင့်တင့်လျောက်ပတ်သော ဖြေရှင်းချက်တစ်ခု ထုတ်ဖော်ရန် ဖိအားပေးတောင်းဆိုလာသည်။ အဆိုပါ စီမံကိန်း ကြောင့် ဧရာဝတီမြစ်အပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိလာနိုင်သလို ဒေသခံပြည်သူများလည်း နေရာရွှေ့ပြောင်းနေထိုင်ကြရ သည်ဟု အစိုးရဆန့်ကျင်ရေးသမားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လာပြီးနောက် မြန်မာအစိုးရ က ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီအာဘော်ဖြစ်သော People's Daily သတင်းစာကရေးသားဖော်ပြရာတွင် တရုတ် ရေအားလျှပ်စစ် စီမံကိန်းကြီးများ ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမှ သက်သာရာရစေနိုင်သလို ဧရာဝတီ မြစ်ကူးတံတားကြီးများ တည်ဆောက်ခြင်းကြောင့် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်ကာ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ကြောင်း ဖော်ပြပါရှိသည်။

"မြန်မာနိုင်ငံတွင်းမှ အများပြည်သူသဘောထားကို လေ့လာကြည့်ရာ အချို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက မြန်မာအစိုးရအပေါ် ယုံကြည်မှု မရှိကြဘဲ နိုင်ငံခြားမီဒီယာများ၏ လွှမ်းမိုးမှုကိုသာ ခံနေကြရသည်ကို တွေ့ရသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့်ပတ်သက်၍ အပြုသဘော ဆောင်သည့် သတင်းအချက်အလက်များကို လူအနည်းစုမျှသာ ရရှိကြသည်" ဟု People's Daily က ရေးသားဖော်ပြသည်။

ယင်းမြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးထိခိုက်မှုမှာ အနည်းငယ်မျှသာဖြစ်သည်ကို နှစ်နိုင်ငံမှ ကျွမ်းကျင်သူပညာရှင် များက ရှာဖွေတွေ့ရှိထားကြောင်း အဆိုပါသတင်းစာတွင်ပါရှိသော ဆောင်းပါးကဆိုသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို China Power Investment Corp(CPI) က အကောင်အထည်ဖော် ဆောက်လုပ်ခြင်းဖြစ်ပြီး ယင်းသို့ဆောက်လုပ်ရာတွင် မြန်မာအစိုးရ၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှုရှိသလို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ စံသတ်မှတ်ချက်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု လည်း ဆိုသည်။

CPI သည် မြစ်ဆုံစီမံကိန်းဒေသတွင်းနေထိုင်သူများ ပြန်လည်နေရာချထားရေးအတွက် ဒေါ်လာ ၂၅ သန်းကျော် ကုန်ကျခံခဲ့ကြောင်း၊ ဒေသခံ ကျေးရွာများတည်ဆောက်ရေးအတွက် မိုဒယ်တစ်ခုကိုလည်း ရေးဆွဲဖန်တီးပေးခဲ့ကြောင်း ဖော်ပြသည်။ "မြန်မာပြည်သူများသည် ပြီးပြည်စုံပြီး တိကျ မှန်ကန်မှုရှိသော သတင်းအချက်အလက်များကို ရှင်းလင်းစွာ မရရှိခဲ့ကြပေ။ အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများက လူမှုရေးဆိုင်ရာ တာဝန်ယူမှုများ ပြုလုပ်ခြင်း၊ ဒေသခံ လူ့အဖွဲ့အစည်းများအတွက် အကူအညီပေးခြင်း အစရှိသည်တို့နှင့်ပတ်သက်သော အသင်းအချက်အလက်များ မရရှိခဲ့ကြပေ" ဟု ဆို သည်။

မြန်မာနှင့် တရုတ်နှစ် နိုင်ငံအခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှာ တဖြည်းဖြည်းချင်း ကြီးထွားလာလျက် ရှိသည်။ ယမန်နှစ်ဝက်ခန့်အထိ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံတန်ဖိုးထိရောက်ရှိလာသည်။ တရုတ်နိုင်ငံဘက်မှ ရရှိသော အချက်အလက်များအရ မြန်မာ ပြည်တွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၂ ဒဿမ ၃ ဘီလီယံသို့ ရောက်ရှိလာပြီဖြစ်သည်ဟု ဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်သည်ဟူသော စွပ်စွဲချက် များဖြင့် အနောက်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ခံနေရသည့် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းတရုတ်သည် သံတမန်ရေးအရ လွန်စွာ အရေးပါ သော မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.