Saturday, October 15, 2011

0 အညတြသူရဲကောင်း ကိုသန်းဇော် ခေါ်- သန့်ဇော် -
မှတ်တမ်းပြုစုသူ- ခွန်ဆိုင်း


Name: Thant Zaw aka Than Zaw • Occupation: National League for Democracy (NLD) - Youth Member • Address: Tanyin Township, Rangoon Division • Sentenced: 30 Years photo -credit to AAPP

ကိုသန်းဇော်ကျွန်တော်အနားကပ်လာတယ်။ အတူတူအကြာကြီးနေလာပြီး ရုတ်တရက် ခွဲကြရမယ်။ ဘယ်တော့မှပြန်တွေ့ကြမယ်ဆိုတာမသိ။အားလုံးနားလည်တဲ့ကိစ္စ။  ကျွန်တော် ဘာမှ စကားမပြောနိုင်ဘူး။ သူကျွန်တော်ကို ကျစ်ကျစ်ပါအောင်ဖက်တယ်။ နောက် ပါးစပ်ကအကို-  ကျွန်တော့်အမှုကို ကမ္ဘာက သိအောင် လုပ်ပေးပါ-  အထပ်ထပ်-မှာတယ်- အထပ်ထပ်-မှာလိုက်တယ်။

ကြိုးတိုက်ထဲမှာ၂၃နှစ်ကြာ

(အပိုင်း-၁)

အညတြ သူရဲကောင်းဆု စာရင်းမှာ ကိုသန်းဇော် ပါတယ်ကြားလို့ ကျွန်တော် အတိုင်းမသိ ၀မ်းသာမိတယ်။ ခုအချိန်ဗမာပြည်မှာ ၈၈က စရေတွက်လိုက်ကြ လို့ ထောင်ကျသက်အကြာဆုံး နိုင်ငံရေးအကျဉ်းသား ၃ယောက်ကို ပြပါဆိုရင် ကိုသန်းဇော် ဟာ အဲဒီထဲကတယောက်ပါ။အခုဆိုသူ့ ထောင်သက် ၂၃နှစ် ရှိပြီပေါ့ဗျာ။ ရင်နာစရာကောင်းတဲ့ကိစ္စကသူဟာ နိုင်ငံရေးနဲ့ အမှုအလုပ်မခံရပဲ မဆီမဆိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးလုပ်ကြံမှုတွေဖန်တီး- ဖေါက်ခွဲရေးကိစ္စတွေနဲ့ အတင်းဆွဲဆက်စပ်ခဲ့တဲ့ ၈၈-၈၉ ကာလတ၀ိုက် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တန်ဆာဝင်ခံခဲ့ရ၊ တစ်တရားခံအလုပ်ခံခဲ့ရလို့ပါပဲ။

သူ့ကို ကျွန်တော်စတွေ့ဘူး တဲ့အချိန်က ၁၉၈၉ သြဂုတ်လ ဒုတိယပတ်လောက်မှာ။ ရေကြည်အိုင် ငရဲခန်းမှာ ကျွန်တော့်ကို အပြင်းအထန် သုံးပတ်ကျော်လောက် ငါးဖယ်တေတေပြီးအမှုတည်ဆောက်အပြီး အင်းစိန်ကြိုးတိုက်ကို ပို့လိုက်တဲ့အချိန် သူ့ကို စတွေ့ပါတယ်။ ကြိုးတိုက်ရောက်လို့ နောက်တနေ့ ကိုသန်းဇော်ရေချိုးထွက်ရတဲ့အလှည့်မှာ ကျွန်တော်ရှိတဲ့ အခန်းကို သူ ပြေးလာပြီး သူ့ကိုယ်သူမိတ်ဆက် ပါတယ်။ သူ့တို့အမှု့ကို ဇူလိုင်လဒုတိယပတ်သတင်းစာတီဗွီတွေကနေ ဟိုးလေးတကျော် တပိုင်းတစ-ကျွန်တော်သိခဲ့တယ်။ တကိုယ်လုံးအညိုအမဲစွဲနေတဲ့ သူ့ဒဏ်ရာတွေ။ ကျောမှာ ပေါင် ပတ်ပတ်လည် မှာ ။ ဦးခေါင်းမှာ။ သူတို့အဖွဲ့ ကို အတင်းထုနှက် ၀န်ခံခိုင်းပြီး ထောင်ချလိုက်တဲ့အကြောင်း။ ဒီအမှုကို သူတို့ဘာမှ မသိခဲ့ကြောင်း။ သူပြောနေပုံ က အကိုကြီးတယောက်ကို ညီတယောက်က အားကိုးတကြီး တိုင်တည်နေတဲ့ပုံ။ သူ့တို့ကို စဖမ်းတဲ့နေ့က ၈၉ ဇူလိုင်၁၃ရက် ။ကျွန်တော်ကျတော့ ဇူလိုင် ၁၅ရက်။ အာဇာနည်နေ့ ချီတက်ပွဲကိစ္စအစည်းအဝေး အစီအစဉ်တွေ သွားနားထောင် ဆွေးနွေးတဲ့ပွဲအပြီး ၅၄အင်းယားလမ်း NLD ရုံး ကအပြန်-လမ်းမှာ အဖမ်းခံရတာ။

ပြောချင်တာက ဇူလိုင်လ ၁၃ရက် ၁၄ရက်လောက်က ထုနှက် ထားတဲ့ ဒဏ်ရာတွေဟာ သြဂုတ်လအထိ တလကျော် အညိုအမဲစွဲနေသေးတာထောက်ရင် ဘယ်လောက်အထိပြင်းထန်မလဲ ကျွန်တော်ခန့်မှန်း နေမိတာပါ။ သူနဲ့နောက်ထပ် NLD လူငယ် ၂ဦး( ညီညီဦးနဲ့ မိုးကျော်သူ)တို့ကို၈၉ခုနှစ် ဇူလိုင်၇ရက်နေ့ သံလျင်ရေနံချက်စက်ရုံမှာကွဲတဲ့ ဗုံးပေါက်မှုတရားခံတွေဆိုပြီး ၀န်မခံမချင်း အတင်းထုထောင်းရိုက်နှက် မရရအောင် ၀န်ခံခိုင်း။ တီဗွီရိုက်။နောက် ရုပ်သံလွှင့်ကနေ အကျယ်တ၀န့်ရှင်းလင်း။ တပတ်အတွင်း သေဒဏ်နဲ့ နောက်တမှုက နိုင်ငံတော်ပုန်ကန်မှုတပ်ပြီး တသက်တကျွန်း အပြစ်ဒဏ်တွေတပုံကြီးနဲ့ ထောင်ထဲ ထည့်လိုက်ကြတာ။ တကယ်က အဲဒီဗုံးကွဲတဲ့နေ့က သူတို့ဟာ သံလျင် ဒီချုပ် ရုံးမှာ ဆဲဗင်းဇူလိုင်အခန်းအနားဦးဆောင် ကျင်းပနေခဲ့ကြတဲ့လူငယ်တွေ။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်း ရေး တွေက ဒီချုပ်ကိုလူထုထင်ယောင်ထင်မှားဖြစ်လာအောင်။ ၀ိုင်း မထောက်ခံရဲအောင် ဖြိုခွဲဘို့ မဖြစ်ဖြစ် အောင် အမှုဆင်သူတို့ကိုတရားခံလုပ်လိုက်ကြတာပဲ။ နောက်ထပ်ဖါးကူးရွာမှာ ဆေးခန်းဖွင့်ထားတဲ့ ဒီချုပ်တာဝန်ခံ ဒေါက်တာထွန်းသူ အပါအ၀င် ဒီချုပ်လူငယ် ၁၆ ယောက် ကို ပါ နောက်ထပ်တမှုဖွင့် ထောင်ဒဏ် အနှစ် ၂၀ စီ ထပ်ချလိုက်ကြတာ။အချိုးမပြေပုံက သဘာဝယုတ္တိမတန် အမှုဆင် လိုက်တဲ့ ထောက်လှမ်းရေးတွေက အလောတကြီးကိုသန်းဇော် တို့ကို တရားခံလုပ်ဖြောင့်ချက်ယူ၊ သေဒဏ်ချ ။ ရုပ်သံလွှင့်အစီအစဉ်ကနေ ကိုသန်းဇော်တို့ဖြောင့်ချက်ပေးပါတယ်ဆိုပြီး လုပ်ကြံကြေငြာလိုက်လို့ တလအပြည့်မှာတင် တကယ့်ဖေါက်ခွဲရေးတရားခံအစစ်ဗိုလ်မှူး ကိုကိုနိုင် (KNU)ကို ကော့ကရိတ်မှာဖမ်းမိ။ ဗိုလ်မှူး ကိုကိုနိုင်ကလည်းသူခွဲတာကို ၀န်ခံ။ သံလျင်ရေနံချက်စက်ရုံနဲ့ တချိန်ထဲ မြို့တော်ခန်းမ ကိုပါ ပါဆယ်ဗုံးတွေ ပို့တဲ့အကြောင်းဝန်ခံ ။ ဒါပေမယ့်တိုင်းသိပြည်သိ လိမ်လိုက်ကြပြီးပြီဆိုတော့ဗိုလ်မှူးကိုကိုနိုင်နဲ့ အဖွဲ့ ကို မြို့တော်ခန်းမဗုံးခွဲမှုနဲ့ သက်သက်သေဒဏ် ချပြီးကိုသန်းဇော်တို့အမှုကို ပြန်မပြင်ပေးတာ ဒီနေ့အထိပေါ့ ။

ကိုသန်းဇော် ကိုညီညီဦးတို့ နဲ့ ကျွန်တော် အင်းစိန် ကြိုးတိုက်မှာ ကာလတခုအထိ ရေချိုးဆင်းချိန်လေးတွေမှာ အပြေးအလွှားတယောက်နဲ့တယောက် တွေ့ကြ ။ အတွေးအမြင်တွေဖလှယ်ကြ ဖြတ်သန်းရမယ်ထောင်သက်တွေအတွက် ပြင်ဆင်အားမွေးကြပါတယ်။အဲဒီအချိန်က အဘတော်ဘုရားလေး ၊ ဆရာဦးဝင်းတင်ဗိုလ်ကြီးဝင်းထိန် ဒေါက်တာဦးတင်မျိုးဝင်း။ဒေါ်အောင်ဆန်းစုကြည်ခြံထဲကလူငယ်တွေ၊သုံးရောင်ခြယ်လူငယ်တွေအပြုံလိုက်နဲ့ ၈၈အရေးအခင်းကာလအပြီးသိမ်းကြုံးဆွဲထည့်ထားတဲ့ရောကောသောကော သေဒဏ်ကျ ကြိုးသမား ၁၀၀ကျော်(ရောကောသောကောလို့ပြောရတာက ကိုယ့်အိမ်ရှေ့မှာလာသေတဲ့ အလောင်းပြာကို တံမျက်လှဲမိတဲ့လူလည်းသေဒဏ်ပဲ) လောက်နဲ့ ကျွန်တော်တို့ နေခဲ့ရတဲ့ ကြိုးတိုက်ဟာ လူတွေပြည့်ညှပ်စည်ကားနေခဲ့တဲ့အချိန်ပေါ့။တိုက်ဝင်းထဲက တိုက် ၆တိုက်စလုံး စုစုပေါင်းလူ ၇၀၀ကျော်အထိရှိခဲ့တဲ့ကာလ။ ဒါပေမယ့်ထောင်ဆိုတာ ဘာကိုမှ အစိုးမရတဲ့နေရာ။ ဆိုတော့ ကျွန်တော်ကို ၈၉ နိုဝင်ဘာမှာ အမိန့်ချပြီးကြိုးတိုက်ကနေ တိုက်နံပါတ်- ၄ ကို ရွေ့လိုက်တဲ့အခါကိုသန်းဇော် ကိုညီညီဦးတို့နဲ့ ဝေးသွားပါတယ်။

၁၉၉၀ မေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်လိုက်တဲ့အခါမှာတော့ ထောင်မှူးထောင်ပိုင် ထောင်ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံက ကျွန်တော်တို့အပေါ်ချိုသာလာပါတယ်။ ကျွန်တော်တို့လည်း မကြာခင်လွတ်ကောင်းရဲ့လို့ မသိမသာလေးတွက်ကြပါတယ်။ မျှော်လင့်ချက်လေးတွေနဲ့ ပျော်နေကြတာပေါ့လေ။ ဒါပေမယ့်ဒီအပျော်က ကြာကြာမခံပါဘူး။ တလကျော်ကြာလာလို့ လည်း ဘာအကြောင်း မှ မထူး။ ဒီချုပ်ကိုလည်း လွှတ်တော်ခေါ်မပေး၊ အာဏာလွှဲပေးဘို့ဆိုတာ ဝေလာဝေး။ ဒါကိုသိလာတဲ့ ထောင်ဝန်ထမ်းတချှိုကျွန်တော်တို့အပေါ်မာရေကျောရေ ပြန်စိမ်းစိမ်းကားကား ဖြစ်လာ ကြပြန်ပါတယ်။

၁၉၉၀ စက်တင်ဘာနောက်ဆုံးပတ် ၂၅ရက်နေ့ မှာ ကျွန်တော်တို့ ထောင်ထဲကနေ လွှတ်တော်ခေါ်ရေး အာဏာလွှဲပြောင်းပေးရေးဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး- ကြွေးကြော်သံတွေနဲ့ မိုက်မိုက်ကန်းကန်း သပိတ် တိုက်ပွဲနွဲကြပါတယ်။ အဲဒီမှာထောင်ထဲကို ဗိုလ်မှူးကျော်ဆန်း ခေါင်းဆောင်တဲ့ စစ်တပ် ။ လုံထိန်းတပ်တွေ့အလုံးအရင်း ၀င်လာပြီး ကျွန်တော်တို့ကို တိုက်တွေအသီးသီးကနေ ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ်။ ကမ္ဘာပျက်သလိုပဲ။ အဲဒီတုန်းကအသံတွေကိုပြန် တွေးလိုက်ရင် ဒီနေ့အထိ ကျွန်တော်ပြန်ကြားနေနိုင်တုန်း။ ကျွန်တော်တို့ကို မျက်နှာအ၀တ်စည်း( ခေါင်းစွပ်တွေက မလောက်တော့ လို့) ခေါင်းကို ပုဆိုးနဲ့ အုပ်ပြီးလိမ်ကျစ်စုချည်လိုက်တာ။နောက် လက်ထိပ်နောက်ပြန်ခတ် မြေကြီးပေါ်တွန်းလှဲ ၀ိုင်းကန်ကြ တက်ခုန်ကြ နံပါတ်တုတ်တွေနဲ့ အသားကုန်တေကြပါတော့တယ်။ နားထဲမှာတော့ ငယ်သံပါအောင်အော်ဟစ်နေတဲ့အသံပေါင်းစုံ နံပါတ်တုတ်သံ စက်တီးတာရာကို တ၀ှီးဝှီးလွှဲရိုက်နေတဲ့အသံ။မချိမဆန့်အော်ဟစ်နေတဲ့အသံတွေပဲ ကြားနေရပါတယ်။ ကိုယ်လည်းပါတာပေါ့။ အားရအောင်ရိုက်ပြီး အတော်ကြာတော့ နေပူထဲမှာပစ်ထားလိုက်ပါတယ်။ ရိုက်ရတဲ့လူတွေက အတော်များတော့တော်တော်နဲ့မပြီးပါ။ အားရတဲ့အခါကျွန်တော်တို့ကို နေရာတော်တော်ဝေးဝေးဆီ တရွတ်ဆွဲသွားပါတယ်။ နောက်မှသိတာတော့ခွေးတိုက်ပေါ့။

ကျွန်တော့်ကိုအခန်းတခုထဲဆောင့်ကန်ထည့်၊ တံခါးပြန်ပိတ်။ ပြီးမှအပြင်ကနေ လက်နောက်ပြန်ခတ်ထားတဲ့ လက်ထိပ်ကို ဖြုတ်ပေးပါတယ်။ တံခါးပြန်ပိတ်သံ။ ပြန်ထွက်သွားတဲ့အသံ။ အသံတွေငြိမ်သွားလို့ အားသွားတဲ့လက်နဲ့ ကျွန်တော့်မျက်နှာမှာလုံးထွေးစည်းနှောင်ထားတဲ့ ပုဆိုးကို ဖယ်လိုက်တဲ့အချိန်မှာ ကိုသန်းဇော်ကို သွေးအိုင်ထဲလဲနေတာတွေ့ပါတယ်။သူ့ တကိုယ်လုံး ခေါင်းပေါ်က နှာခေါင်းတွေထဲက စီးကျနေတဲ့သွေးတွေနဲ့ သူ့အဖြူရောင်ထောင်ဝတ်စုံဟာ ချင်းချင်းနီနေပါတယ်။

ကျွန်တော် ကိုယ့်ညီလေးတယောက်လိုသူ့ကို ပွေ့ထားမိပါတယ်။ နှာခေါင်းသွေးတွေကမတိတ်ပဲ အတော်ကြာအောင် ကျနေတုန်း။ ကျွန်တော်တို့ဘာစကားမှမပြောနိုင်ပဲတယောက်ကို တယောက်အကြာကြီး ဖက်ထားကြပါတယ်။ဖြစ်ရလေကွာ။

နောက်နှစ်ဦးသား တယောက်ဒဏ်ရာတယောက် စစ်ကြပါတယ်။ သူက ခေါင်းက ၃နေရာလောက် ကွဲသွားတယ်။ နှာခေါင်းကတော့ အတွင်းက ထိထားပုံရတယ်။ ကျွန်တော်ကျတော့ သူ့လိုခေါင်းမကွဲပါ။ နဖူးမှာနဲနဲကွဲသွားတာတခု ပဲ။ ခေါင်းအနှံ့အာလူးသီးကြီးကြီးတွေတော့အတော်များများစမ်းမိတယ်။ ။ ၂ယောက်လုံးကျော တင်ပါးတွေတပြင်လုံး မဲမဲညိုလို့ သပြေသီးရောင်ဖူးဖူးထနေပါတော့တယ်။

မကြာခင် ထောင်ဝန်ထမ်းတွေရောက်လာပြီး အကျီလုံချည် အသစ် တစုံစီ ပေး။ ကျွန်တော်တို့ဆီက သွေးစွန်းနေတဲ့ လုံခြည်အကျီတွေကို သိမ်းသွားကြပါတယ်။ သဘောကောင်းတယ်လို့ ပထမထင်လိုက်တယ်။ နောက်မှ ဒါ ထောင်ပြောင်းမလို့ စီစဉ်တာဆိုတာပြန်စဉ်းစားမိလာတယ်။

သေချာတယ်။ ည ၁၀နာရီလောက်ကျတော့ တယောက်ချင်းထုတ်ပြီးလူကိုလည်း နဲနဲပါးပါးထပ်ထုနှက် ။ခြေထောက်တွေမှာ ခြေကျင်းတွေ ရိုက်ပါတယ်။ ခြေကျင်းရိုက်တယ်ဆိုတာ ခြေကျင်းဝတ်နှစ်ဘက် ကို သံခြေကျင်းစွပ်လိုက်ပြီး ပေပေါ်တင် သံမှိုစို့ သွင်း ထုနှက်ပြားလိုက်တာပေါ့။ ပေပေါ်တင် စို့နဲ့ပြန်ရိုက်ဖြုတ်မှ သံမှိုက ပြန်ပြုတ်ပြီး အဟကြောင်းပေါ်။ ဒါကိုပြုတ်တူနှဲ့သံခြေကွင်းကို ဖြဲထုတ်မှ ခြေကျင်းဖြုတ်လို့ရတဲ့စနစ်။

မနက်လေးနာရီလောက်မှာ တ၀ုတ်ဝုတ်ဟောင်နေတဲ့ စစ်ခွေးတွေခြံရံပြီးကျွန်တော်တို့ကို ထောင်ဗူးဝနားအထိထုတ် လူစစ်။ နောက် အချုပ်ကားပေါ်တင်။ မနက်မှောင်မဲမဲမှာ ခရီးတခုကို စကြရတယ်။ နေရစ်တော့အင်းစိန်ထောင်။

ဘယ်ရောက်မယ်မသိဘူး။ အချုပ်ကားပြာထဲမှာတော့ အင်းစိန်ထောင်ကမထားချင်ဆုံး တကယ့် ဆိုးပေ့တေပေ့ ဆိုတဲ့ သေဒဏ် ကျ လူဆိုးလူမိုက် ၁၀ယောက်ကို နိုင်ငံရေး နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ ၁၀ယောက်နဲ့ တွဲ။ စုစုပေါင်းအယောက်၂၀ ပါလာကြတယ်။ သင်္ကန်းကျွန်းကခေါင်း၆ခေါင်းဖြတ်တယ်ဆိုတဲ့ခွေးဘီလူး ခေါ် တင်မောင်လတ်ဆိုတာလည်းပါရဲ့။

အားလုံး ဒဏ်ရာတွေကိုယ်စီ။ တချို့ ကြိုးသမားတွေက မျက်လုံးတွေမှာပါ သွေးခြေဥနေတာကြောက်စရာ။ နောက်တော့ ကြိုးသမား သိန်းအေးနဲ့ ညီညီထွေးလို့ သိလာ။အချုပ်ကား အခန်းအလယ်ကောင်မှာက အချိန် ၅၀-၀င် စဉ့်အိုးကြီးတလုံးချထားတယ်။ အလေးအပေါ့ လုပ်ကြ။ ကားကသွားနေတုန်း လူ ၁၉ယောက် ရှေ့မှောက်မှာအလေးအပေါ့ဆိုတာကို သံခြေကျင်းကိုးယို့ကားယားနဲ့ သွားရတာ ဘယ်လိုရှိမလဲ။ ချောင်းကြည့်ပေါက်က မြင်သလောက်တော့ကားက ပြည်ဘက်ကိုဦးတည်နေ။ ဒါပေမယ့် သာယာဝတမြိုီ့ကို ကျော်လာတယ် ။ သာယာဝတီထောင်ကိုပြောင်းတာမဟုတ်။

ပြည်မြို့ကို ၀င်တော့ ဧရာဝတီမြစ်ကြီးနဲ့ယှဉ်ပြီး ကား ကိုမောင်းနေတာမှတ်မိတယ်။ စက်တင်ဘာလဆိုတော့ ဧရာဝတီရေက တိုးနေတာ လမ်းပေါ်ကိုရေစပ်စပ်ရောက်နေတယ် ။ အကွေ့အကောက်ဖြစ်နေတဲ့လမ်းကို နေရာတော်တော်များများမှာရေကျော်နေတာ ချောင်းကြည့်ပေါက်ကမြင်ရတယ်။ ကားက လမ်းအူကြောင်းကို ယူမောင်းနေပေမယ့် ကျွန်တော့်စိတ်ထဲမှာမျက်စိတဆုံးမြစ်ရေပြင်ကြီးကို မြင်နေတော့ကျောထဲအထိကြောက်စိတ်က ၀င်လာတယ်။မမြင်ရတဲ့တနေရာမှာ လမ်းချော်ပြီး ကား ရေထဲဆင်းသွားရင်ဆိုတဲ့အတွေး။ လောကကြီးကိုတာတာ့ပြရုံပဲ။ သံတခါး ၂ထပ်ကိုဖြတ်ဝင်ရတဲ့ အချုပ်ကားထဲမှာလူက ခြေကျင်းဝတ်နဲ့ ဆိုတော့ ရေနစ်ခဲ့ရင် ဆိုတဲ့အတွေး။

ပြည်ရောက်တော့ ပြည်ထောင်ထဲ ၀င်ရတယ် ။ ပြည်ထောင်ကိုများပြောင်းလိုက်တာလား။

မဟုတ်သေးဘူး။ဆက်ထွက်ကြရတယ်။

ကြိုးတိုက်ထဲမှာ၂၃နှစ်ကြာ
အပိုင်း (၂)


ထိပ်ဆုံးက မာဇဒါဂျစ်တစီး ဦးဆောင် ၊လက်နက်အပြည့်အစုံနဲ့ တိုင်းရဲကား ၂စီးရှေ့နောက် ညှပ် ၊ မနက် ၄နာရီလောက်ကတည်းက ခရီးစလာတဲ့ ကျွန်တော်တို့ အချုပ်ကားပြာကြီးဟာ ပြည်ထောင်က ထွက်လာတော့ နေ့လည် ၁နာရီလောက်ရှိပြီ။ လမ်းမှာ ကားခုန်တိုင်း တချို့တင်ပါးဒဏ်ရာတွေကပို နာလို့ထင်တယ်။ ကုန်းကုန်းကွကွ မတ်တပ်ရပ်လိုက်ပြန်ထိုင်လိုက်လုပ်နေတာဦးဇော်ဖေ၀င်း။ ဦးဇော်ဖေ၀င်း( မြန်ညီဒီပါတီ) တင်ပါးကညိုပုတ်နေရုံမက။သူ့အသားကပိုနုသလားမသိဘူး။မီးလောင်ဖုလို အရေကြည် ဖုတွေထပြီး ထိုင်ရတာပိုနာပုံရတယ်။ထိုင်လိုက်ထလိုက်နဲ့။နောင် ရာသီဥတုအေးတာနဲ့ ခြေထောက်တဖက်က ဒဏ်ဖြစ်ပြီး ခတ်ဆွဲဆွဲ လမ်းလျှောက်ရတာတွေ့တယ်။ ပန်းပဲတန်းမြို့နယ်က လူကောင်သေးသေးရှေ့နေဦးသိန်းဟန်ကတော့ သူ့ကိုယ်ပေါ် ထောင်ဝန်ထမ်းတွေ တက်ခုန်တဲ့အကြောင်း ခဏခဏမကြေမချမ်းစမြုံ့ပြန်။ ဗိုလ်ကြီးစိုင်းဝင်းကျော် ကခတ်တည်တည်။ ကျွန်တော်လည်းအတွေးနဲ့ ဘာမှ စကားသိတ်မပြောဖြစ်ဘူး။ ထောင်ဝင်စာတွေ့ခွင့်မရသရွေ့စိတ်ပူနေမယ့်အမေတွေအကြောင်း။ဘယ်ရောက်လို့ ဘယ်ပေါက်။ ဘာတွေ ဆက်ဖြစ်ကြမလဲ။

မွန်အမျိုးသား မကသ - ဥက္ကဌကိုမင်းဇေယျကအသဲကောင်းတဲ့လူ။ သူ့ကျောကုန်းနဲ့တင်ပါးဒဏ်ရာ အနာတွေက ပိုများတယ်။ ရုပ်ပျက်ဆင်းပျက်။ ထောင်က သူ့ကိုတော်တော်အညှိုးတကြီးထားတယ်။ -ရိုက်နေတာကျွန်တော့် မျက်နှာကို အ၀တ်စီးထားပေမယ့် အကြာကြီး-နားထဲမှာ ကြားနေခဲ့တယ်။ အညာသားမလှိုင်နယ်က ဗကသ ကိုညိုထွန်းက စစ်ကြောရေးက ကန်တဲ့နေရာကို ပြန်ထိတယ်ပြောတယ် ။တိုက်ထဲမှာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်တယ်။ ကိုသန်းဇော် ကိုမြင့်ဆွေ(ကျောင်းသား၊အေဘီ အက်စ်ဒီအဖ်ကသေဒဏ်ကျကြိုးသမား၊နောင်အရူးတယောက်လက်ချက်နဲ့ သရက်ထောင်ထဲမှာ ကွယ်လွန်)ကိုဆက်အောင်နိုင်(တကသ ဦးလှရွှေသား) ကိုအောင်ဇော်ရှား(ပဲခူးကျောင်းသား)တို့က လူငယ်ပိုင်းတွေလို့ပြောရင်ရမယ်။ အားလုံး ၁၀ယောက်။

ထောင်သဘာရင့်နေတဲ့ကြိုးသမားတယောက်ကတခြားထောင်တခုရောက်ရင်အ၀င်မှာထပ် အရိုက်ခံရနိုင်သေးတယ်လို့ဆိုလိုက်တဲ့အချိန်မှာအားလုံးငိုင်သွားတယ်။ထောင်အ၀င် ဦးချိုးတာဆိုပဲ။ ပက်ပက်စက်စက်ရိုက်တတ်တဲ့အကျင့်ရှိတဲ့အကြောင်းပြောတော့အားလုံး တွေကုန်တယ်။ ရထားတဲ့ဒဏ်ရာတွေကနာကျင်နေကြပြီ။သွေးအေးနေပြီ။ ထပ်တွယ်ခံရရင်မလွယ်ဘူးဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပေါ့။

လက်ပံတန်းကိုကျော်၊အောင်လံမြို့အရောက်ကားကဧရာဝတီကမ်းစပ်ကိုတောက်လျှောက် ထိုးမောင်းချသွားတော့သိလိုက်ကြပြီ။ အောင်လံတဖက်ကမ်းမှာ သရက်ရှိတယ်။ အဲဒီမှာသရက်ထောင်လေ။

ကျွန်တော်တို့ကို ကားပေါ်က ချတော့ အောင်လံစခန်းတခုလုံးက ရဲတွေခေါ်ထားသလားမသိဘူး။ လူတွေကိုဘေးတဖက်တချက်ကနေကိုက်နဲနဲစီခြား ခြံရံပြီး ဒုတိယကမ္ဘာစစ်လက်ကျန် ငါးတောင့်ထိုး အမေရိကန်ရိုင်ဖယ်ကြီးတွေနဲ့ဝိုင်းချိန်ထားကြတာ။ စကားပြောစက်နဲ့ အရပ်ဝတ်ထောက်လှမ်းရေးတွေ အလုပ်တွေရှုပ်လို့်။

အချိန်သိတ်မကြာလိုက်ခင် အောင်လံမြို့လူထုက မြင်ကွင်းကို အထူးအဆန်းနဲ့ ရုန်းစုရုန်းစု ဖြစ်ပြီး လာကြည့်ကြတာရုပ်ရှင်ရိုက်သလိုပဲ။ ထောင်ဝန်ထမ်းတွေက ကျွန်တော်တို့ကို ဘယ်မှလှမ်းမကြည့်နဲ့ ခေါင်းတွေငုံ့ထားလို့ဟိန်းဟောက်ခြိမ်းခြောက်နေတယ်။ မော်တော် ထဲကိုဆင်းတော့ မော်တော်က ခတ်သေးသေးလေး။လူ၂၀-၀မ်းခေါင်းထဲထိုင်လိုက်တော့ပြည့်သွားတယ် ။မသိမသာခိုးကြည့်တော့ မော်တော် နှုတ်ခမ်းက ရေပြင်နဲ့ နီးနေသလိုလို။ ရဲတွေကလက်ရမ်းဘောင်တွေပေါ်ကနေလက်နက် ကိုယ်စီ အသင့်အနေအထားမှာ။ ဒီကောင်တွေရေထဲခုန်ချထွက်ပြေးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုး။တကယ် ကိုယ့်အတွေးမှာက ဘောင်းဘောင်းထနေတဲ့ ဧရာဝတီမြစ်ပြင်ကြီးကိုကြည့်ပြီး ဒီမော်တော်မှောက်လို့ကတော့ သံခြေကျင်းတွေနဲ့ ငါတို့အားလုံး ခဏလေးမြုတ်သွားမှာလို့ တွေးကြောက်နေခဲ့တာ။

သရက်ဆိပ်ကမ်းကိုတက်လာကြတော့လည်း ကမ်းညွှတ်အောင်လူတွေကြည့်ကြတယ်။ ရဲတွေက စီတန်းပြီးတဖက်တချက်ကနေသေနတ်တွေချိန်ထားတဲ့ ဒီထောင်သားတွေဟာ အတော်ဆိုးတဲ့ ရာဇ၀တ်သားတွေဖြစ်မယ်ဆိုတဲ့အတွေးတွေရှိမလားမသိ။အနီးကပ်လာကြည့်ရင်ဒဏ်ရာတွေလည်းကိုယ်စီ။

သရက်ထောင်ဝင်တော့ကျွန်တော်တို့ ကံကောင်းပါတယ်။ ထောင်ပိုင် က လုပ်သက်ရင့်အရပ်သားထောင်ပိုင် အဖိုးကြီး။ပင်စင်သွားလုဆဲဆဲ။သတင်းတွေအစုံရထားပြီးပြီ။ နောက်မှသိတာ နိုင်ငံခြားသတင်းဌါနတွေ အားလုံးက အင်းစိန်ထောင် ဆန္ဒပြပွဲကို ညတွင်းချင်းလွှင့်ထုတ်နိုင်ခဲ့ကြတယ်။ သူထပ်ထုလိုက် ထောင်းလိုက် လို့ပါ လာပြီးသား အတွင်းကျေ ဒဏ်ရာတွေနဲ့ တခုခုဖြစ်ရင်သူ့ ခေါင်းကိုပုံလာနိုင်တယ်လို့တွက်ပုံရတယ်။ လိုက်ပို့တဲ့ ထောင်မှူးကိုယ်တိုင်ကဆေးမှူး ။ ဒီလူတွေ လမ်းမှာတခုခုဖြစ်ရင်ဆိုတဲ့အတွေးနဲ့ အင်းစိန်က ထည့်ပေးလိုက်တာ။။ထောင်ပိုင်ကြီးက ထပ်မထုမထောင်းလိုက်တာ ခုထိကျေးဇူးတင်တယ်။ ကျွန်တော်တို့သရက်ထောင်ရောက်ပြီးနောက်မှပြောင်းလာတဲ့သာယာဝတီက ကိုဂျော်လီထွန်း ။ အင်းစိန်က ၅ည နဲ့ လူ ၁၀၀ ရောက်လာချိန်မှာနောက်ထောင်ပိုင်အသစ်- အထုခံကြရတယ်။

ကျွန်တော်တို့ကို တိုက်ထဲတန်းပို့တယ်။ တယောက်တခန်း ။ ၀မ်းသာလိုက်တာ။ တိုက်ခန်းထဲဝင်လို့တံခါးသော့ခတ်လိုက်တာနဲ့ လူကစိတ်ချမ်းသာသွားတယ်။ လုံခြုံသွားပြီ်။လူ့ အသိစိတ်က အတော်ဆန်းတယ်။ ဒီလောက်တိုက်ခန်းကျဉ်းကျဉ်းလေးထဲ အပိတ်ခံလိုက်ရတာကိုစိတ်မမွန်းကြပ်သွားပဲ စိတ်အေးချမ်းလုံခြုံသွားတယ်ဆိုတာ ထောင်ကျတိုက်ပိတ်နေဘူးသူမှနားလည်နိုင်မယ်။ ဒါထောင်ကပေးတဲ့အသိတခု။

တိုက်တံခါးဖွင့်ထားရင်လူဟာအချိန်မရွေးအရိုက်ခံရအသတ်ခံရနိုင်တယ်။(နောင်ကျွန်တော်တို့နဲ့ပါလာတဲ့ကိုမြင့်ဆွေကတိုက်ခန်းအပြင်ထွက်မျက်နှာအသစ်မှာရိုက်အသတ်ခံ လိုက်ရ တာ။) တိုက်ခန်းတံခါးသော့ခတ်ထားတဲ့အခိုက်ဟာကိုယ့်ကိုယ်ဘယ်သူမှ ရုတ်တရက် အန္တရာယ်ပြုဘို့မလွယ်ဘူး။ ဘ၀ကအခိုက်အတန့် လုံခြုံသွားတယ်ဆိုတဲ့အသိ။

အဲဒီအတွေးဝင်လာရင်သူငယ်ချင်းတယောက်ဆီကခြံလှောင်မွေးတဲ့ ဥစားကြက်တွေကို ပြေးပြေးမြင်တယ်။ ခြံလှောင်ပြီးမွေးတဲ့ဥစားကြက်တွေကို ခြံပြင်ထုတ်လိုက်ရင် သူတို့မနေတတ်ဘူး။ ချက်ခြင်းခြံထဲ ပြန်ပြေး ၀င်တာ တွေ့ဘူးတယ်။ ကိုယ်လည်း ခြံလှောင်ကြက်တွေလိုခံစားချက်ဖြစ်နေတယ်လို့ မကြာခဏ တွေးဖြစ်တယ်။

သရက်ထောင်ကျမှ အ၀တ်တထည်ကိုယ်တခုနဲ့တကယ် အခြေအနေမဲ့ဖြစ်တော့တယ် ။ ထောင်သာပြောင်းပေးလိုက်တာ။ဘာပစ္စည်းမှ ပါမလာဘူး။ အင်းစိန်တိုက်နံပါတ်လေး ကနေ စစ်ခွေးတိုက်။ စစ်ခွေးတိုက်ကနေအခုသရက်ထောင်တိုက်နံပါတ်၂။ ထောင်ပိုင်ကတယောက်ချင်းဒဏ်ရာတွေလိုက်စစ်တယ်။ ဒါပေမယ့်ဘာဆေးမှတော့ မပေးဘူး။ အထက်ညွှန်ကြားချက်လည်းဖြစ်နိုင်တယ်။

ကိုသန်းဇော်နဲ့ ကျွန်တော်အတူတူ သရင်ထောင်တိုက်နံပါတ် ၂ မှာ နေခဲ့ကြတယ်။ သရက်ထောင်က အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီးမှာဆောက်တာဆိုတော့ တိုက်တွေက အိုလှပြီ။မျက်နှာကျက်မှာ လင်းနို့တွေ တွဲလွဲဆွဲ အုပ်ဖွဲ့နေကြတယ်။ ကျွန်တော်အတွက်တော့ စိတ်ဝင်စားစရာ တခုရတယ်အောက်မေ့တယ်။ လင်းနို့အမေတွေကလင်းနို့သား ကလေးတွေချီပိုးထားတာ။ နို့တိုက်တာ။

ခြေကျင်းတချွင်းချွင်းနဲ့၂ပတ်လောက်နေတော့ ရေစချိုးခွင့်ပေးတယ်။ ခြေကျင်းတွေလာဖြုတ်တယ်။ အချုပ်အနှောင်ဘ၀မှာ နောက်ထပ်အချုပ်အနှောင်တခု နဲ့နေရပြီး အဲဒီအချုပ်အနှောင်ကနေ ပြန်လွတ်တဲ့အရသာ။ အဲဒီမှာခံစားလို့ရတယ်။ လွတ်လပ်မှုသေးသေးလေးတခုပြန်ရတာ။

ကျွန်တော်အင်းစိန်က ပါလာတဲ့ဒဏ်ရာတွေမှာမထင်မှတ်တဲ့ လည်ပင်းက ဒဏ်ရာက ခံနေရတယ်။ ၀န်ထမ်းတွေမျက်နှာကို ပုဆိုးအုပ်ပြီးလည်ပင်းကနေလိမ်အရစ်မှာအတော်ကြပ်သွားတယ်။ နောက်- ဆောင့်ဆွဲဆောင့်တွန်းလုပ်ကြတော့လည်ပင်းအစ်ပြီးလည်ချောင်းက အသံအိုးကိုထိခိုက်သွားပုံပဲ။ စကားပြောရင်လည်ပင်းကနာနေပြီးအသံကသိတ်မထွက်ဘူး။ ကျောနဲ့တင်ပါးတွေကဒဏ်ရာတွေက ချက်ချင်း မပျောက်ပဲတလလောက်အထိညိုမဲနေပြီး။ ဒဏ်ရာတွေ တလကျော်တော့ ပျောက်ပြီ။ ထောင်ဝင်စာစတွေ့ခွင့်ပေးတယ်။

အဲဒီမှာ မိဘတွေနဲ့ပြန်တွေ့ခွင့်ရကြ။ အိမ်တွေက အသင့်ယူလာတဲ့ စောင်အ၀တ်အစား စားစရာလေးတွေနဲ့ ဘ၀က ပြန်စိုစိုပြေပြေဖြစ်လာကြ။ နောင်တော့ အပြင်က မိသားစုတွေလည်း ရင်းနှီးကုန်ကြပါတယ်။ သတ်မှတ်ထားတဲ့ရက်ကိုလာတွေ့ရတာဆိုတော့ ထောင်ဝင်စာလာတွေ့ရင်း အပြင်မှာအတူတူစောင့်ရင်း အကျွမ်းတ၀င်ဖြစ်သွားကြတာပေါ့။

ရန်ကုန်ကနေ သရက်ထောင်လစဉ်လာတွေ့ရတဲ့ဒုက္ခက မိဘတွေအတွက် အတော်ကြီးရှာကြပါတယ်။ ကုန်းတတန်ရေတတန်။မိုးတွင်းမှာကြုံရာကူးတို့စီး။ ရေပြင်ကြီးကိုဖြတ်မှရောက်တယ်။အောင်လံဘက်ကမ်းမှာတညအိပ်ပြီးမနက်စောစောထမှ သရက်ထောင်ဝင်စာကို နေ့လည်လောက်တွေ့ရတယ်။ ပြည်ရန်ကုန်ရထားအမှီကားအမှီ ပြန်ဘို့ဧရာဝတီမြစ်ကို ကြုံရာပြန်စီး။ နွေရောက်ပြီဆိုရင် ထောင်ဝင်စာတနင့်တပိုးထမ်းပြီး နေပူပူမှာသဲသောင်ပူပူရှည်ကြီးတွေကိုဖြတ်လာ တွေ့ရတဲ့ ဒုက္ခ။ မိဘတွေညည်းကြတယ်။

ဒီလိုနဲ့ တနှစ်လောက်ရှိတော့ ကိုသန်းဇော်အဖေလေဖြတ်ပြီးဆုံးတယ်။ အသက်သိတ်မကြီးသေးဘူး ။ တပ်ကြပ်ကြီးဟောင်းတယောက်။ ဒီသတင်းကို သူ့အမေက ကျွန်တော်တို့ကို တိုးတိုးတိတ်တိတ်ပေးသွားတာ။ သူ့သားကို ပြောမထွက်ဘူးလေ။

သူက သူ့အမေကို ထောင်ဝင်စာတွေ့ပြီးပြန်လာပေမယ့်အမှုမဲ့အမှတ်မဲ့။ ကျွန်တော်တို့က သတင်းကိုသိနေပြီ။ သူ့မျက်နှာကို ကြည့်ပြီး ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့အချင်းချင်းတိုင်ပင်ကြပါတယ်။ သေဒဏ်ကျထားတဲ့သူတယောက်ကို ထပ်စိတ်ဖိစီးစေတဲ့-ကိစ္စ။ ဒါပေမယ့်ဒါက ကြာကြာဖုံးထားလို့မဖြစ်ဘူး။သူ့အမေပြန်သွား။ ၃ရက်လောက်ရှိတော့ ကျွန်တော်တို့ ရေချိုးဖွင့်ချိန်တခန်းမှာစုပြီးသူ့ကို အားလုံးအလယ်မှာထားပြီးကျွန်တော်ပဲပြောရတယ်။ သူ့အဖေဆုံးပါးသွားပြီလို့ -သူ့အမေထောင်ဝင်ထမ်းတွေကတဆင့်ပြောခိုင်းလိုက်တဲ့ အကြောင်း။

သူမျက်နှာတချက်ပျက်တယ်။နောက်ဘာမှထွေထွေထူးထူးမပြောပါဘူး။ယောင်္ကျားတွေ။ ဒီလိုပဲကြိတ်ခံတာပေါ့။ ကျွန်တော်လည်း စိတ်ထိခိုက်တယ်။ နောင် ၁၀နှစ်ကြာ တော့ ဒီလိုအဖြစ်ကို ကျွန်တော်ကိုယ်တိုင်ရွှေဘိုထောင်မှာကြုံရတယ်။

ကံဆိုးပြန်တာကသဘောကောင်းတဲ့ အရပ်သားထောင်ပိုင်ကြီးကသရက်ထောင်မှာသိတ်မကြာလိုက်ဘူး။

ထောင်ပိုင်အသစ်ဗိုလ်ကြီးသောင်းညွန့်ဆိုတာပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်ဘုန်းမြင့်တိုက်ရိုက်ခန့်။စစ်တပ်ကပြောင်းပြီးရောက်လာတယ်။ အဲဒီမှာကျွန်တော်တို့ဂြိုလ်ဝင်တာပေါ့။ အတော်အနေကြပ်အစားကြပ်ဖြစ်တယ်။ သူကထောင်အတွေ့အကြုံလုံးဝမရှိ။ ဘယ်လိုအုပ်ချုပ်တယ်ဆိုတာမသိဘူး။ သူ့စိတ်ထဲ ကျွန်တော်တို့ကို စစ်မြေပြင်က ဖမ်းမိထားတဲ့ စစ်သုံပန်းလိုထင်ပုံရတယ်။ ပုံစံအပြတ်ကိုင်တယ်။

ကျွန်တော်တို့မှာ နေ့စဉ် ကြိုးသမားတွေနဲ့ စရိုက်မတူပဲနေရတဲ့ဒုက္ခ။ ထောင်က ပုံစံကိုင်တဲ့ဒုက္ခနဲ့ အတော် ငရဲကြီးနေကြတာပေါ့။ရာဇ၀တ်မှုနဲ့ ကြိုးသမားတွေကအချင်းချင်း မကြာခဏ ရန်သတ်ကြတယ်။ သူတို့ရန်သတ်ရင်အသေအကြေလုပ်တတ်တော့ ကိုယ်တွေက ၀င်ထိန်းရတယ်။ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုကြတယ်။

လုပ်လိုက်လို့ သောက်ခွက်- ရာသီလာသွားမယ်တို့။ နံနိမ့်သွားမယ်တို့။ ပုံစံကို ၀အောင်စားထား တို့ ။ မင်းကို သနားလို့နို့ပေးကိုင်-( ---) ---ရန်မရှာနဲ့ဆိုတာတွေ့က နေ့တိုင်းတချို့ဝန်ထမ်းတွေနဲ့သူတို့ဆီကနေကြားရတယ်။

ဒါပေမယ့် ရာဇ၀တ်မှုနဲ့ကြိုးသမားတွေအများစုက ထောင်ဝင်စာလာတွေ့တာမရှိတော့ အနေအစားမှာကျွန်တော်တို့ကိုမှီခိုရတယ်။ကျွန်တော်တို့ကလည်းဘ၀တူအကျဉ်းသားတွေဆိုပြီးမေတ္တာနဲ့ဆက်ဆံ။ နိုင်ငံရေးအမှု ရာဇ၀တ်မှု မခွဲပဲ အတူတူ မျှစားတော့ သူတို့ကလည်း ခင်မင်လေးစားရှိကြပါတယ်။ သူတို့အပေါ်အထိုက်အလျှောက်ပြောလို့ဆိုလို့ဆုံးမလို့နာခံကြပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့လို။ Amnesty International လိုအဖွဲ့မျိုးက စာတချို့ ကိုသန်းဇော်အမေအိမ်ကိုရောက်။နောက်စကားတွေပြန့်။ဘယ်လိုသတင်းရသလဲမသိဘူး။ သက်ဆိုင်ရာက စာတွေလာသိမ်းသွားတယ်လို့သူ့အမေကပြောတယ်တဲ့

ကိုသန်းဇော်က သူ့အမှုနဲ့ပတ်သက်ပြီးတကယ့်အဖြစ်မှန်ကို သူခံစားရသလို စာရေးတယ်။ စာရွက်ဘောပင်ဆိုတာကတော့ ကျွန်တော်တို့တတွေအသက်။ကျွန်တော်တို့လက်နက်လေ။ ရသလို ရင်းပြီး ရှာဖွေလေ့ရှိတယ်။ ဘောပင်တချောင်းကြောင့် နောက်မှပြောင်းလာတဲ့၅ညတချို့ ထောင်ပိုင် ဦးသောင်းညွန့်ရိုက်တာ သေလုမျောပါးခံရတဲ့အကြောင်း ကိုဝင်းနိုင်ဦးက တချိန်မှာအညတြတယောက်ရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း စာအုပ်မှာပြန်ရေးတာဖတ်ရမယ်။ မဂ္ဂင်ဆရာတော်ကြီးပါ သိမ်းကြုံးအရိုက်ခံခဲ့ရတာပေါ့။

သူရေးထားတွေးထားတာလေးတွေ ကိုသန်းဇော် ကျွန်တော်ကိုပြတယ်။ အင်းစိန်မှာ သူ့အမှုမှန်ကို ရေးပြီးအပြင်အထုတ်မှာထောင်က မိသွားပြီး သူသေလုမျောပါးအရိုက်ခံခဲ့ရပြီးပြီ။ ၀ါယာကြိုးတွေနဲ့ လူကို ချည်ပြီးရိုက်တာ။ ဒါကိုမမှတ်ဘူး။ သရက်ထောင်မှာထပ်ရေးတယ် ။

ကျွန်တော်က သရက်ထောင်မှာ ၃နှစ်ပဲနေရတယ်။ ၁၉၉၃ သြဂုတ်လရောက်တော့လွတ်ရက်စေ့တယ်။ ဘယ်နေ့လွတ်မယ်ဆိုတာ ထောင်ပိုင်က ကြိုမပြောဘူး။ လွတ်မယ့်နေ့ကျမှ နာရီဝတ်လောက်အလိုမှာ ရေချိုးအ၀တ်အစားလဲ။ လွှတ်မယ်လာပြောတာ။

ကိုသန်းဇော်ကျွန်တော်အနားကပ်လာတယ်။ အတူတူအကြာကြီးနေလာပြီး ရုတ်တရက် ခွဲကြရမယ်။ ဘယ်တော့မှပြန်တွေ့ကြမယ်ဆိုတာမသိ။အားလုံးနားလည်တဲ့ကိစ္စ။ ကျွန်တော် ဘာမှ စကားမပြောနိုင်ဘူး။ သူကျွန်တော်ကို ကျစ်ကျစ်ပါအောင်ဖက်တယ်။ နောက် ပါးစပ်ကအကို- ကျွန်တော့်အမှုကို ကမ္ဘာက သိအောင် လုပ်ပေးပါ- အထပ်ထပ်-မှာတယ်- အထပ်ထပ်-မှာလိုက်တယ်။

-အပိုင်း- ၃

ကျွန်တော့်ကိုထောင်ကလွှတ်လိုက်တော့သရက်ထောင်ပိုင်ကနယ်မြေခံထောက်လှမ်းရေးလက်ထဲထည့်။ သူက မှတ်တမ်းနဲနဲ ယူ။ နောက်ရဲစခန်းအပ် ။ ရဲက မော်တော်ဆိပ်လိုက်ပို့။ အောင်လံဘက်ကမ်းကူးတဲ့ ကူးတို့ပေါ် တင်ပေး။ ဘ၀တခုပြန်စကူးခတ်ရပြန်တာပေါ့။ နောက်နေ့မနက် အိမ်ပြန်ရောက်တော့ လင်းအားကြီး။ ဘယ်သူမှအိပ်ယာမနိုးခင်။ အမေဆိုတာဝမ်းသာအယ်လဲ။

ထောင်လွတ်စမှာ တိုက်ထဲအတူနေခဲ့တဲ့ လူတွေ မှာလိုက်သမျှ ကိုယ် မှတ်မိသမျှ လိပ်စာတွေအတိုင်း လိုက်တွေ့။ သူတို့အမေမိဘဆွေမျိုးတွေနဲ့ စကားပြောရတာ တလကုန်သွားတယ်။ ကျွန်တော်ထောင်ထဲ ရောက်နေတဲ့လေးနှစ်တာကာလမှာ တိုးချဲ့လာတဲ့ရပ်ကွက်တွေ၊ ရပ်ကွက်အရွေ့အပြောင်းတွေများလွန်းတဲ့ မဟာရန်ကုန်။ သင်္ကန်းကျွန်း သာကေတ မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေမှာနေတဲ့လူတွေကို ပြန်အစ ကောက်ရတာ မလွယ်ဘူး။ တချို့ကတရပ်ကွက်လုံး ဖယ်ရ တခြားပြောင်းရတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက် သွားကြတယ်မသိနိုင်တော့။ ထောင်ထဲကကြိုးသမားတွေဘ၀မှာ သူတို့မိသားစုတွေက သူတို့ ရှိတဲ့ နယ်ထောင်ဝင်စာကိုလိုက်လာ ပြီး တွေ့ဘို့ အင်အားမရှိတာနဲ့ တခါမှမတွေ့နိုင်ကြ။ ကျန်ခဲ့တဲ့သူတို့ ရပ်ကွက်တွေကလည်းဝေးဝေးလံလံရွှေ့သွားဆိုတော့နောင် တချိန်ဒီကြိုးသမားတွေ လွတ်မယ့်၁၅နှစ်။ နှစ် ၂၀ မှာမိသားစုကို ပြန်အစကေက်ဘိှု့ ပြန်ဆုံနိုင်ဘို့ ဘယ်လိုမှ လွယ်မှာမဟုတ်တော့ဘူး။ အားလုံး သုံည ကနေ- တကိုယ်တော်ပြန်စကြဘို့သာရှိမလား ။ ကျွန်တော်သူတို့မိဘတွေကို လိုက်ရှာမတွေ့တော့တဲ့အခါ အဲဒီလိုအတွေးဖြစ်တယ်။

ကိုသန်းဇော်အမေနဲ့အမရယ် ။ သူ့ဖတဆိုး တူမလေးကိုတော့ သူမှာလိုက်တဲ့ တညင် ဘက်မှာ ရှာလို့တွေ့တယ်။ကိုသန်းဇော်အမေနဲ့တနေကုန်စကားပြောတယ်။ရိုးရိုးဗွင်းဗွင်းကြီး။ ယောင်္ကျားကဆုံး။ ကိုသန်းဇော်ကမရှိ။ကိုသန်းဇော်ရှိတုန်းက-ဒီသားက မိသားစုစီးပွါးရေး မှာဦးဆောင်တာ-ခုသူမရှိတော့မိသားစုခက်ခဲတဲ့အကြောင်း။ သမီးမူလတန်းပြ ဆရာမလစာနဲ့နေရတယ်ဆိုတဲ့အကြောင်း အိမ်ကို ရောင်းပြီးနဲနဲဈေးသက်သာတဲ့ဘက်ရွှေ့ဘို့ စဉ်းစားနေတဲ့အကြောင်း။

နောက်တော့တကယ်လည်းသူတို့အိမ်ရောင်းနေရာပြောင်းရရှာတယ်။ သွားလည်တိုင်းတခေါက်ထက် တခေါက်အခြေပျက်နေတာတွေ့တယ်။ ကိုယ်ကလည်း ဘ၀ကို အသစ်တခုပြန်စရ ရုန်းကန်ရဆိုတော့ ဘယ်မှာအချိန်ပြည့် ကူနိုင်မလဲ။ လ္ဘက်ရည်ဆိုင်မှာမိုးလင်းမိုးချုပ်အလုပ်ရှုပ်နေခဲ့တာ။ သရက်ထောင်သူတို့သွားတဲ့ အခါမှာတော့ ၅၁လမ်းစိတ်တိုင်းကျ-ကို သူတို့ဝင်လာတတ်တယ်။ ကိုယ်ကလည်း ၀မ်းသာအားရအမှတ်တရ ကြာကြာခံတဲ့ ပလာတာလေးတွေ ကိုသန်းဇော်တို့စားဘို့ထည့်ပေး။ လမ်းစားရိတ်လေးနဲနဲထောက်။

ကိုယ့်လ္ဘက်ရည်ဆိုင်ကရောင်းကောင်းသလို ထောက်လှမ်းရေးကလည်းနေ့တိုင်း လူလဲနဲ့ ကိုယ့်ကို လာစောင့်ရှောက်ပေးပါတယ်။ ကျွန်တော့်ဆိုင်က ဒီမိုကရေစီသမားတွေနဲ့ ထောက်လှမ်းရေးတွေ- ရ၀တတွေ-သတင်းပေးတွေ နဲ့ ထောင်ထွက်ကျောင်းသားဟောင်းတွေ ခုံချင်းကပ်ကျောပေးထိုင်ရင်း အားပေးကြတဲ့ ဆုံမှတ်တခုပေါ့။အဲဒီမှာ လူထုကတကယ်ချစ်စရာကောင်းတာသိခဲ့တယ်။ တချို့က ထောင်ထွက်မှန်းသိလို့ သက်သက်လာအားပေးတာလို့ ပြောပြီးမှ လ္ဘက်ရည်မှာတယ်။

ဒါပေမယ့်နိုင်ငံရေးကိစ္စက ကျွန်တော်သွေးထဲသားထဲကိစ္စဆိုတော့ကြာကြာမနေရဘူး။ ၉၈အစကျွန်တော် အထူးကုဆေးခန်းတခုကိုတွဲ အလုပ်လုပ်နေတုန်း ကျောင်းသားလှုပ်ရှားမှုသမိုင်း စာအုပ်ထုတ်တဲ့အမှုပေါ်ပြီး ထောင်ထဲထပ်ဝင်ရတဲ့အခါ ကိုသန်းဇော် မိသားစုနဲ့အဆက်အသွယ်ပြတ်သွားပြီ။ ဒီတခါက ၇နှစ်ကြာသွားတယ်။ ပြန်ထွက်လာတော့ ကိုသန်းဇော်အမေကောအမပါဆုံးပါးသွားကြပြီ။မရှိကြတော့ဘူး။ သူ့တူမလေးက ဘယ်ဆွေမျိုးလက်ထဲပါသွားသလဲ။ဘယ်ရောက်သွားပြီလဲကျွန်တော်မသိတော့ဘူး။

၉၃တုန်းကတော့-ဘဘဦးဇော်ဘယ်တော့လွတ်လာမှာလဲဆိုတဲ့၅နှစ်သမီး- သူ့တူမလေး အမေးကို ကျွန်တော် မကြာခင်လွတ်မှာပါဆိုပြီးဖြီးဖြန်းခဲ့တယ်။ ၂၀၀၄ ရောက်တဲ့အခါ သူ၅နှစ်သမီး မဟုတ်တော့ဘူး။မကြာခင်ဆိုတဲ့ စကားနဲ့ထပ် ပြောလို့နှစ်သိမ့်လို့ ရတဲ့အရွယ်မဟုတ်တော့ဘူး။

ကျွန်တော်လည်းခုတခေါက်ထောင်သက် ၇နှစ်အတွင်းအဖေဆုံးပါး။ အမေကလည်း အသက် ၇၀ကျော်သွားပြီ်ဆိုတော့ လွတ်လာတဲ့အခါ အမေက အားလျော့တဲ့လေသံနဲ့ -"သားကို နောက်ထပ်အမေလိုက်တွေ့ဘို့အားမရှိတော့ဘူး။သားနိုင်ငံရေးကိုစိတ်မပြတ်နိုင်ရင် တိုင်းပြည်ကထွက်သွား။ အမေစိတ်ချလက်ချ သားကိုအဝေးကလွမ်းရင်းနေသွားချင်ပြီ""လို့ မပြောစဖူးပြောတယ်။ကျွန်တော်ရင်နင့်တယ်။

ခက်တာကနိုင်ငံခြားတရားဝင်ထွက်ကြည့်ဘို့ပတ်စ်ပို့ရုံးကသုံးပွင့်တတ်ထားတဲ့သူငယ်ချင်းနဲ့တဆင့်တီးခေါက်းကြိုးစားတာတောင် သူငယ်ချင်းက မလုပ်ပေးနိုင်ဘူး။ခင်ဗျားတို့ကို စိစစ်နေတုန်းတဲ့။ လျှောက်လို့မရ။ ဘယ်လောက်ကြာမယ်မသိ။ ၂၀၀၆ဧပြီမှာကျွန်တော်နယ်စပ်ကိုထွက်လာခဲ့ပြီ။

ကျွန်တော်အိပ်မပျော်တဲ့ကိစ္စတွေမှာကိုသန်းဇော်တို့အကြောင်းတွေအများကြီးစိုးမိုးတယ်။ကိုသန်းဇော် ခေါင်းမကြာခဏကိုက်တဲ့ဒဏ်က ပိုဆိုးနေပြီလား ။ သူ့ကို ဘယ်သူသွားတွေ့ဘို့ ရှိသလဲ။ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲ။

သူကိုယ်တိုင်ရေးထားတဲ့ သူ့အမှုဖြစ်စဉ်ကို တော့ သက်ဆိုင်တဲ့ဥပဒေဌါနတခုကို ပို့ပေးခဲ့တယ်။ ဒါပေမယ့်လည်း ဥပဒေဆိုတာ စစ်အစိုးရက ကြိုက်သလိုလုပ်နေတဲ့တိုင်းပြည်မှာ ဘယ်အချိန်ကျမှ ဥပဒေအကာအကွယ် ဥပဒေအထောက် အပန့်သူတို့ရမှာလဲ။

သူနဲ့ညီညီဦးကို သေဒဏ်နဲ့ တကျွန်းချထားတာဆိုတော့ လွတ်ငြိမ်းသက်သာအမိန့်လာတဲ့အခါ သေဒဏ်က နှစ် ၂၀ ဖြစ်ပါတယ်။ တကျွန်းက ၁၀နှစ်ဖြစ်တယ်။ ဒီတော့ သူတို့ ၂ယောက်က နှစ် ၃၀ အခုဆက်ခံစားနေရတာပေါ့။ မိုးကျော်သူလေးက သေဒဏ်က နေ တကျွန်းပြောင်းတော့ နှစ် ၂၀ ။ အခုသူလွတ်သွားပြီ။

ဒေါက်တာ ထွန်းသူတို့ ၁၆ယောက်လည်း တကျွန်းကျနေရာက လွတ်ငြိမ်းသက်သာလာတော့ ၁၀ နှစ်ဖြစ်ကုန်ပြီး အခုအကုန်လွတ်သွားကြပြီ။

ညီညီဦးကတောင်ငူထောင်မှာလေဖြတ်ခံရတယ်ကြားတယ်။ စိတ်ဘယ်လောက်ဆင်းရဲဖိစီးပြီး အသက်ငယ်ငယ်မှာလေဖြတ်ခံရနိုင်သလဲ။ သရက်ထောင်က လွတ်လာသူတိုင်းကိုကြုံရင် ကိုသန်းဇော်အကြောင်းမေးဖြစ်တယ်။သူကကျွန်တော့်ရင်ထဲကလွမ်းဆွတ်နေတဲ့ညီလေးတယောက်။ သိတ်စိတ်ကောင်းရှိတယ်။ အနစ်နာခံချင်တယ်။။ တာဝန်ခံတတ်တယ်။ စွန့်စားချင်တဲ့လူငယ်တယောက်။ သူနဲ့ ကျွန်တော် မီးပြင်းထဲကိုဖြတ်တဲ့ စမ်းသတ်ပွဲတွေကနေ သူကိုကျွန်တော်ဖတ်ခဲ့တယ်။

ကိုသန်းဇော်ဘယ်လိုနေလဲမေးရင်စိတ်ထိခိုက်နေတယ်ဖြေတဲ့လူများတယ်။ရေဒီယိုမိလို့ ထောင်၆လ ထပ်ချထားသေးသတဲ့။ကျွန်တော်ခန့်မှန်းမိတယ်။ကျွန်တော်ဆိုရင်လည်းစိတ်ထိခိုက်မှာပဲ။ရူးချင်လည်းရူးသွားနိုင်တယ်။ အင်္ဂလန်က ကိုယ်နေတဲ့ မြို့ ကောလိပ်ညနေ COURSE တွေမှာ COUNSELLING COURSE တွေတက်ဖြစ်တော့ အတန်းဖေါ်တွေက ဘ၀ပြသနာတွေတင်လာတာကို နားထောင်ရတဲ့အခါ ကျွန်တော် ခံစားလို့မရတာတွေဖြစ်တယ်။ပုရွက်ဆိတ်တန်ဆာအနာလုပ်တယ်နေတယ်လို့ မကောင်းတဲ့အတွေးတွေ ၀င်လာတတ်တယ်။ ငါလည်း ဆေးကုဘို့လိုတယ်။ ငါ့ညီကျတော့ ဘယ်လိုပြန်ကုမလဲ။ ၂၃နှစ်သား ဘ၀တခုကို အခု ၂၃နှစ်ပေါင်းလိုက်တဲ့အခါ အဲဒီဆုံးရှံးမှုကာလကြီးဟာ ဘာနဲ့ ပြန်အစားထိုးမလဲ။ ဘာနဲ့ဆက် တန်ဖိုးဖြတ်မလဲ။

ထောင်ကျတာမဆန်းပါဘူး ဘာမှမဖြစ်ပါဘူးပြောတဲ့လူတွေ။ မထိတထိကော်မင့်တွေတခါတလေ ဖတ်မိတဲ့အခါ ကျွန်တော်ကတော့ ထောင်ထဲတလှည့်ပြန်ရောက်သွားတဲ့ ထောက်လှမ်းရေးတွေရယ် ကျန်ခဲ့တဲ့ သူတို့ မိသားစုဘ၀တွေကို ပြေးပြေးမြင်လိုက်တယ်။

၂၀၀၄ နိုဝင်ဘာ ကျွန်တော့်ကို ရွှေဘိုထောင်က လွှတ်ပေးတော့ ၇ နှစ်ချထားတာ ပြည့်ဘို့ ၂လအလိုမှာပေါ့။ထောင်သက်၅နှစ်လောက်အရမှာလက်မှတ်ထိုးထွက်ဘို့ဆိုပြီးထောက်လှမ်းရေးကလာကြိုးစားတယ်။နယ်မြေခံအရာခံဗိုလ်ကကိုယ်ဖြေလိုက်တဲ့အဖြေကိုစိတ်ဆိုးပြီးထောင်ထဲမှာသေသွားချင်သလားလို့ပြောတယ်။မကြာခင်မှာကျွန်တော်တီဘီရောဂါရတယ်။ တီဘီအတွက်ဆေးကုဘို့ထောက်လှမ်းရေးကလာတွေ့တော့လည်းသူပဲ။လူကိုထောင်အကြိမ်ကြိမ်ကျပြီးထောင်မှာသေမယ့်လူလို့ပြောတယ်။

ကျွန်တော်လွတ်တဲ့အချိန်က-သူထောင်ထဲပြန်ဝင်ရတဲ့အချိန်ပေါ့။သူတို့ထောက်လှမ်းရေး တဖွဲ့လုံးထောင်ထဲရောက်ကြ။ အလုပ်တွေအနားပေးခံရချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း ထိပ်ကပါတယ်။ဗိုလ်ချုပ်ခင်ညွန့်လက်ထက် မှားယွင်းစစ်ဆေးမိခဲ့တဲ့အမှုတွေ စိစစ်ပြန်လွှတ်ပေးမယ်လို့ သတင်းစာက ဖေါ်ပြတယ်။ကိုသန်းဇော် ကိုညီညီဦးတို့ကို ပြန်လွှတ်လိုက်မလား မသိမသာ တွေးမိသေးတယ်။ ရွှေဘိုထောင်ကကျွန်တော်နဲ့အတူ- ၈၁ယောက်လို့ထင်တယ်။ လွှတ်ပေးတာ။ ကျွန်တော့်ကို လွှတ်တဲ့အချိန်မှာတခြားဘယ်၅ညမှ မပါဘူး။ လွတ်ခါနီး ၂လအလိုရောက်နေတဲ့ကျွန်တော်တယောက်ပဲလွတ်တယ်။

ပြီးခဲ့တဲ့သက္ကရာဇ်၂၀၁၀ နှစ်ထဲ ဗိုလ်ချုပ်ခင်ညွန့်ကို အိမ်ကနေလာခေါ်တဲ့ ဗီဒီယိုအပိုင်းတခု ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကိုထောက်လှမ်းရေးတွေ လှစ်ထုတ်လိုက်တယ်။ ဘာကိုပြောချင်တာလဲတော့ မသိဘူး။ ရွေးကောက်ပွဲမစခင်လေးဆိုတော့ လူတွေအာရုံပြားအောင်ဖန်တီးချက်တခုလည်းဖြစ်နိုင်တယ်။ အဲဒီမှာအိမ်ကခွါကာနီး။ မြေးကလေးတွေမိသားစုတွေကို နှုတ်ဆက်တဲ့အခန်း။ ၀မ်းနဲစရာကောင်းတယ်။ ကျွန်တော်လည်းစိတ်မကောင်းဘူး။ မိသားစုနဲ့ ခွဲခါနီးကိစ္စ ကျွန်တော်တို့ အကြိမ်ကြိမ်ခံစားခဲ့ရတာပေါ့။

သားတွေ သားမက်တွေနဲ့ ကွဲနေတဲ့အကြောင်းဦးခင်ညွန့်ထည့်ပြောတဲ့အခန်းလေး။ သူကအပုံကြီး တော်သေးတာသူမသိဘူး။ဒေါ်ခင်ဝင်းရွှေလိုက်ခွင့်ရတာကံကောင်းတာပေါ့။ သူ့ဘ၀မှာ သူများတွေ အကြောင်းတခါမှထည့်စဉ်းစားခဲ့ဘူးပုံမရဘူး။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်တယောက်။ ကံကံရဲ့အကျိုးကိုယုံတယ်။ ၀ဋ်ဆိုတာရှိတယ်။

ဦးခင်ညွန့်အခွေကို ကြည့်ပြီးသနားပါတယ်လို့ ကွန်မင့်ပေးတဲ့လူတွေ- ကိုသန်းဇော်တို့အတွက်လည်း ကွန်မင့်ဝင်ပေးစေချင်တယ်။တချို့ကမျက်နှာကြီးမှ သနား တတ်ကြစိတ်ဝင်စားကြတာလား။ ကိုသန်းဇော်တို့အမှုစစ်တုန်းကထောက်လှမ်းရေးတွေ ခုဆိုအားလုံးအလုပ်ပြုတ်ထောင်ကျဖြစ်နေကြတယ်ီ။ အမှုတခုကို သူတို့ ကိုင်ရင်အနည်းဆုံး ၆ယောက်ကိုင်လေ့ရှိတယ် ။ သမတလူကြမ်းလို ထိုးကြိတ် သတ်ပုတ်တာဝါသနာပါသူ၃ယောက်။ ချော့မော့ပြောတတ်သူ ၃ယောက် တလှည့်စီ ။ အမှုစစ်ပြီးအချက်အလက်ရှာတည်ဆောက်ကြတယ်။ သူတို့အထက်မှာသူတို့ရေးတဲ့အမှုကိုဖတ်ပြီး ရက်စ်-နိုး-အိုကေနဲ့မေးခွန်းတွေချပေးတဲ့ အရာရှိလူကြီးတွေရှိတယ်။ ကိုသန်းဇော်တို့ကို လုပ်ကြံတာ တယောက်ထဲမဟုတ်ဘူး။ အမှုအမှန်ကို သိတဲ့လူတွေအများကြီး။ ဘယ်တော့အမှန်ကိုဖေါ်ထုတ်မလဲ။ ဘယ်သူဖေါ်မလဲ။အဲဒါဟာကျွန်တော်ဘ၀မှာသိတ်အရေးကြီးတဲ့ ထာဝရ စောင့်ကြည့်နေတဲ့ အလုပ်တခု ဖြစ်ပါတယ်။

ဗိုလ်မှူးကိုကိုနိုင်အမှုကို စစ်တဲ့ဘက်မှာလည်း ဗိုလ်မှူးကိုကိုနိုင်နဲ့အတူထောင်ကျတာ အမှုတွဲ၃ယောက် ရှိတယ်လို့ သိထားတယ်။ ဗုံးထောင်ဘို့စီစဉ်သူ။ လုပ်သူ။ သွားပို့သူ။ ။သူတို့တဦးချင်းကိုစစ်ရတဲ့ ထောက်လှမ်းရေးအဖွဲ့တွေအများကြီး။သူတို့အထက်က အမှန်ကိုသိတဲ့ တပ်မှူးတွေအများကြီး။ဘယ်အချိန်ထိ နှုတ်ပိတ်သွားမှာလဲ။ ဘာလို့အပြစ်မဲ့သူတွေကို လုပ်ကြံခဲ့ ရက်စက်ခဲ့တာ- သိသိနဲ့ နေခဲ့ကြတာလဲ ။

အခု( ၁၂.၁၀.၂၀၁၁) ထောင်ကနေ အသုတ်လိုက်လွှတ်ပေးနေပြီလို့ ကြားတယ်။ ကိုဇာဂနာလွတ်ပြီ။ ကိုမင်းကိုနိုင် လကုန်ကာနီးအသုတ်မှာပါမယ်။ ရွှေဘိုက ကိုကြည်သာထွန်း ကိုကျော်မင်းသန်း ဘုန်းဘုန်းဦးသု ဘုန်းဘုန်းမြင့်ဇော် တို့ကို စာရင်းမှာတွေ့တယ်။

ကျွန်တော် ကိုသန်းဇော်နဲ့ ကိုညီညီဦးကိုမျှော်နေတယ်ဗျာ။ လုပ်ကြဦး။

ခွန်ဆိုင်း ( ၁၂.၁၀ . ၂၀၁၁)



0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.