ဒီနေ့ မနက် ၆နာရီမှာ အိပ်ရာထပြီး အင်းစိန်ထောင်ရှေ့ သွားဖို့ ပြင်မိတယ်။ အမျိုးသားက ပြောတယ်၊ သီတင်းကျွတ်မှာ သူများတွေက ဘုရားသွားကြတယ်၊ ကျမတို့ သတင်းသမားတွေကတော့ ထောင်ရှေ့သွားကြမယ်တဲ့။ဘာပဲ ပြောပြော အိမ်ကနေ ထွက်ခဲ့တုန်းကတော့ ရှိသမျှ နို်င်ငံရေးသမားတွေ အကုန်လွှတ်ပေးလိမ့်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါပဲ။
အင်းစိန်ထောင်ဂိတ်ဝ ရှေ့ရောက်တော့ နံနက် ၇နာရီနဲ့ မိနစ် ၄၀ လောက်ရှိပြီ လူတွေကတော့ စများနေပါပြီ၊ မျက်မြင်နေရတာကတော့ စုစုပေါင်း တထောင်ကျော်လောက် ရောက်နေပါပြီ။ အရဲဝတ် ရဲတွေ၊ သတင်းထောက်တွေကတော့ ထုံးစံအတိုင်းပဲပေါ့။ အရင်ရောက်ကြရတဲ့သူတွေပဲ။
ဟိုမှာ ဒီမှာ လွတ်နိုးနိုးနဲ့ လာစောင့်ကြတဲ့ သူတွေ ကြားမှာ ရပ်ရင်း သတင်းထောက်တွေ အနှံ့ပါပဲ။ ဓါတ်ပုံတွေ ရိုက်ကြ၊ အင်တာဗျူးကြနဲ့ပါ။
ကျမ အရင်ဆုံးအင်တာဗျူးဖြစ်တာက ကလေးတယောက်အမေပါ။ ၄ လသားအရွယ်ကလေးကို ချီပြီး ခေါ်လာတယ်။ ဂိတ်ဝနားက တံခါးနားမှာ ရပ်နေတော့ ကျမက လူတိုးရင် ကလေးထိလိမ့်မယ်လို့ သူ့ကို ပြောပြီး လူရှင်းတဲ့နေရာရွေ့နေဖို့ အကြံပေးမိတယ်။ နောက်တော့ ထုံးစံအတိုင်း ဗျူးတာပေါ့နော်။
သူ့အမျိုးသားက ချဲထီမှုနဲ့ ကျတာ။ ၂ နှစ်နဲ့ ၆လ နေပီးပြီးဆိုတော့ လွတ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာတာပါ။ဒါနဲ့ နောက်တယောက်ကို ဆက်မေးမိတယ်။ အဲဒီ အမျိုးသမီးကတော့ ၄၀ ကျော်လောက်ရှိပြီ သားကို လာစောင့်တာတဲ့ သားက ဘာအမှုလဲလို့ မေးတော့ မှောင်ရိပ်ခိုမှုတဲ့။
အဲ..ဒါနဲ့ နောက်တယောက် သူကတော့ အသက် ၅၀ အရွယ် အမျိုးသား၊ ဇနီးကိုလာစောင့်တာတဲ့ ကလေးတယောက်ကို လက်တွဲလို့ ပါ။ သူကလည်း ထုံးစံအတိုင်း ၂ လုံးထီရောင်းရင်း ဖမ်းခံရတာတဲ့ ကျတာ ၁ နှစ်ရှိပြီဆိုတော့ လွှတ်နိုင်တယ်ဆိုပြီး လာတာပါပဲ။
ထောင်ရှေ့မှာ မိုးလင်းကတည်းက လာစောင့်တဲ့သူတော်တော်များများ က အကျဉ်းကျနေတဲ့ မိသားစုဝင်တွေပါ၊ များသောအားဖြင့် ၂ လုံးထီမှု၊ ချဲမှု၊ ခိုးမှု၊ ပြည့်တန်ဆာမှု၊ မုဒိန်းမှု စတဲ့ အမှုတွေနဲ့ ကျတဲ့ မိသားစုဝင်တွေ များပါတယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုဝင် ၁ စု ၂ စုကိုလည်း တွေ့ပါတယ်။ သူတို့ကို မေးကြည့်တော့ မမျှော်လင့်ပါဘူးတဲ့။ ဒါပေမဲ့ လွတ်လိုလွတ်ကြားပါတဲ့။ မျှော်လင့်ပြီး မလွတ်ရင် ရင်နာလို့တဲ့။
ကျမလည်း ဟုတ်တာပေါ့လို့ ပြောမိပါတယ်။ အဲဒီအချိန်မှာ အားတက်စရာကောင်းတာက မြစ်ကြီးနားထောင်ကနေ ကိုဇာဂနာကို လွှတ်ပေးလိုက်ပြီ ဆိုတဲ့ သတင်းဝင်ဘာတာပါပဲ။ ကျမရော ကြားကြားသမျှ သတင်းသမားတွေရော အားတက်ဝမ်းသာမိကြပါတယ်။
နောက်တော့ နံနက် ၉နာရီလောက်မှာ ထောင်ဂိတ်ဝသွားပြီး မီဒီယာသမားနာမည်ပေးရင်းနဲ့ စောင့်တယ်။ နေကလည်း ပူလိုက်တာ၊ မနက် ၉နာရီပဲ ရှိသေးပေမဲ့ နေက ကျက်ကျက်တောက်ပါပဲ။ ဒါပေမဲ့ ကျမတို့မှာ အလုပ်ဇောနဲ့ ပါ။ ပူမှန်းသိပေမဲ့ ဘယ်သူမှ ထီးမဆောင်းကြဘူး၊ နေပူထဲမှာ ရပ်ပြီး အင်တာဗျူးကြတာပဲ၊ ဓါတ်ပုံ ရိုက်ကြ၊ ဗီဒီယိုနဲ့ မှတ်တမ်းတင်ကြတာပါပဲ။
နံနက် ၉နာရီ ခွဲလောက်မှာ မီဒီယာသမားတွေ နာမည်ခေါ်ပြီး အထဲကို ၀င်ခွင့်ပေးတယ်။
အဲဒီအချိန်မှာ ထောင်ပြင်မှာတော့ လူအုပ်က တော်တော်များနေပြီ ၃ ထောင်လောက် ရှိပါတယ်။
နောက် အထဲကို ၀င်ခွင့်ရတယ်။ အဲဒီမှာတော့ စိတ်ဓါတ်စကျတာပါပဲ။ အင်းစိန်ထောင်ကနေ လွတ်တဲ့ ထဲမှာ ယုံကြည်ချက်ကြောင့် ကျတဲ့သူက ၂၉ ဦးလားပဲ ပါပါတယ်။ အင်းစိန်ထောင်မှာ နည်းတယ် နယ်ထောင်တွေမှာ များနိုင်တယ်လို့ မျှော်လင့်သေးတယ်။ မလျော့သေးပါဘူး။
ဒါနဲ့ ဓါတ်ပုံတွေ ရိုက်လိုက်၊ ထူးထူးခြားခြား မြင်ကွင်းလေးဆိုရင် ဗီဒီယိုလေး ရိုက်လိုက်နဲ့ ပေါ့။ ထောင်ပြင်ကို ထွက်ပြီး ဓါတ်ပုံ၇ိုက်တော့ နေ့လည် ၁၁ နာရီ လောက်ရှိနေပြီ။ အပြင်မှာ သတင်းတွေ စုံနေတော့ လွတ်တဲ့သူတွေထဲမှာ စုစုနွေးပါတယ်။ ကိုကိုကြီး နာမည်ပါပေမဲ့ ဘယ်ကိုကိုကြီးမှန်းလည်း မသိဘူး။ ကိုဌေးကြွယ်ကလည်း မသေချာဘူး ဆိုတော့ စိတ်ဓါတ်က ကျချင်နေပါပြီ။
တဖြည်းဖြည်းနဲ့ နယ်က သတင်းတွေလည်း စုံလာပြီ အင်းစိန်ထောင်က လွတ်တာလဲ ၂၉ ဦးဆိုတာ သေချာ သွားပြီ။ ထောင်ရှေ့မှာ စောင့်နေတဲ့ သူတွေတော်တော်များနေပြီ။လူအုပ်ကြီးတွေကတော့ တယောက် ထွက်တိုင်း လက်ခုတ်တခါတီးပြီးအားပေးကြတယ်။ လက်ခုပ်တီးနေတဲ့ လူတွေကို ကြည့်ပြီး ကျမ ငိုချင်လာတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားပေါင်း ၆၃၅၉ မှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါလာပါသလဲ၊
ကိုမင်းကိုနိုင်တို့၊ ကို၇ျင်မီတို့ မနီလာသိမ်းတို့ ဦးခွန်ထွန်းဦးတို့ အပြင် အခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်အောင် ကျမတို့ ဘယ်လောက်များစောင့်ကြရဦးမလဲ။ ဒီနေ့ ရတဲ့သတင်းတွေထဲမှာတော့ သူတို့နာမည်တွေ မပါသေးတာ အသေချာပါပဲ။
နေ့လည် ၁နာရီမှာ ကိုဇာဂနာ ရန်ကုန်လေဆိပ်ရောက်မယ်ဆိုလို့ ကျမတို့လည်း အင်းစိန်ထောင်ရှေ့ကနေ နေ့လည် ၁၂နာရီလောက်မှ စခွာခဲ့ပြီး ရန်ကုန်လေဆိပ်ကို ပြေးရပါတော့တယ်။ မောမောနဲ့ ပြေးရင်းအဲဒီအချိန်မှာ ကျမ ငယ်ငယ်တုန်းက အမေ ပြောခဲ့ဖူးတဲ့ ပုံပြင်လေးကိုပဲ သွားသတိရမိတယ်။
ကျမက ငယ်ငယ်တုန်းက ပုံပြင်ကြိုက်တော့ ညအိပ်ရာဝင်ခါနီးတိုင်း အမေ့ကို ပုံပြင်ပြောခိုင်းပါတယ်။ ပြောခိုင်းတဲ့အခါတိုင်း ပုံပြင် ရှည်ရှည်လေး ပြောနော်လို့ ပြောတယ်။
အမေကတော့ စိတ်သိတ်မရှည်တော့ ကျမ ၁၀ ခါတောင်းဆိုမှ ၁ ခါလောက် လိုက်လျောပြီး ပုံပြောတယ်။
အမေပြောတဲ့ ပုံပြောရင်လည်း နားထောင်ကြည့်ပါဦး။
အမေက ပြောတယ် မုဆိုးကြီးက ငှက်ကလေးတွေကို နေ့တိုင်းဖမ်းတယ်။ ဖမ်းမိတဲ့ ငှက်ကလေးတွေကို ခြင်းကြားကြီးနဲ့ သိမ်းထားတယ်။ တနေကုန် ငှက်ဖမ်းတဲ့အလုပ်ပဲ လုပ်နေတော့ သူမှာ ဖမ်းလို့ရတဲ့ ငှက်တွေက အများကြီးပဲ။ အဲဒီသတင်းကို ကြားတဲ့ ၇ွာက ဘုန်းဘုန်းက သူ့ကို ခေါ်ပြီး ဆူလေ့ရှိတယ်။
မုဆိုးကြီးက သဘောကောင်းချင်ယောင်လည်း ဆောင်တတ်တယ်။ ဘုန်းဘုန်းစကားကိုလည်း မပါယ်ရှားဝံ့ဘူး။ သူ့ကို ရွာက ဘုန်းဘုန်းက ငှက်တွေကို မဖမ်းဖို့ ဆုံးမတိုင်း သူက ဘုန်းဘုန်းကို ကုသိုလ်လုပ်တဲ့ အကြောင်း ပြောတယ်၊
မုဆိုးကြီးက အာပိကေ တကောင်ထွက် ဆိုပြီးတော့ တနေ့ကို တကောင်နှုန်းနဲ့ ငှက်တွေ လွှတ်လွှတ် ပြပါတယ်တဲ့။ သူ့ခြင်းထဲမှာ ရှိတဲ့ ငှက်တွေအများကြီးထဲကနေအာပိကေ တကောင်ထွက် ၊အာပိကေ တကောင်ထွက်ဆိုပြီးတော့ တနေ့ကို တကောင်ချင်း လွှတ်ပြတာ တကယ်တော့ သူဖမ်းနေတာက တနေ့ကို အကောင် ၂၀ ကျော် ၃၀လောက်ဖမ်းပြီး တကောင်ချင်း လွှတ်ပြနေတာလေ။ ဘယ်တော့မှ သူ့ခြင်းထဲက ငှက်တွေ မကုန်ဘူးဆိုတာကို ပုံပြင်နားထောင်ရင်း သိလာတော့ တကယ်ပဲ ကျမ ငိုချင်လာတယ်၊ စိတ်ပျက်လာတယ် အဲဒီပုံပြင်နားထောင်ရတိုင်းပါ။
ခုလည်း ကျမတို့ကို အာပိကေ တကောင်ထွက် ဆိုတဲ့ ပုံပြင်နဲ့ပဲ နှစ်သိမ့်ခံနေရပြီလားလို့ တွေးနေမိပါတယ်။
May Thingyan Hein(Myitmakha)
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်