Tuesday, May 15, 2012

0 ဘယ်သူပိုင်လဲ

အမှန်တွင် ကုလသမဂ္ဂအတည်ပြုထားသည့် တိုင်းရင်းလူမျိုးများအခွင့်အရေးဥပဒေအရ ဤသယံဇာတများကို နိုင်ငံတော်အစိုးရက မပိုင်ပါ။ တိုင်းရင်းသားလူမျိုးများသာ ပိုင်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ သဘောတူညီချက် မရဘဲ စိတ်ကြိုက်တူးဖော်သုံးစွဲ၍ မရပါ။ 

ငယ်ငယ်တုန်းက တေဇလူငယ်၊ ရွှေသွေး၊ ဒို့ကျောင်းသား စသည်ဖြင့် ဖတ်ဖူးသည်။ မြန်မာ့အလင်းသတင်းစာကို ဘုန်းကြီးကျောင်းသားဘဝကတည်းက ဖတ်ခဲ့သည်။ မဂ္ဂဇင်းပေါင်းများစွာလည်း ဖတ်ဖူးသည်။ သဇင်တို့၊ ပေဖူးလွှာတို့၊ ရှုမဝတို့၊ သောင်းပြောင်းထွေလာရီစရာတို့ အတော်စုံသည်။ ဝတ္တုတို၊ ဝတ္တုရှည်၊ လုံချင်း၊ သိုင်းလည်း ဖတ်တာပါပဲ။ စာသင်တိုက်ရောက်သောအခါ သတင်းစာဖတ်ခွင့်မရှိသဖြင့် ဆရာတော်ဆီ သတင်းစာမရောက်ခင် ဦးအောင် ခိုးဖတ်ရသည်။

ဆရာတော်၏ စာအုပ်ဗီဒိုတွင် မြန်မာ့စွယ်စုံကျမ်းအတွဲလိုက် ရှိသည်။ ကုန်အောင် ဖတ်လိုက်သည်။ ပီမိုးနင်းစာအုပ်တို့၊ ဆရာနန္ဒာသိန်းဇံစာအုပ်တို့ဆိုလျှင် မလွတ်တမ်း ဖတ်ဖြစ်သည်။ ဖတ်ပြီး တွေးရတာကို ကြိုက်နှစ်သက်သည်။ အခုမှာ ဖတ်ဖူးသည်များကို ရေးရေးမျှသာ မှတ်မိသည်။ မှတ်မိသည့်အထဲတွင် ရီစရာဟာသတစ်ခုကို အကြောင်းတိုက်ဆိုင်၍ အတွေးထဲ ပြန်ပေါ်လာသည်။

တစ်ခါက အဖိုးကြီးတစ်ယောက်သည် တည်းခိုးခန်းတစ်ခုတွင် ခရီးတစ်ထောက်နား အိပ်ရသတဲ့။ မနက်မိုးလင်းသောအခါ သူ့ခရီးကို သူဆက်ခဲ့သည်။ မကြာပါ။ သူ့ ထီးတစ်ချောင်း တည်ခိုးခန်းတွင် ကျန်နေခဲ့ကြောင်း သိရတော့သည်။ သူက ချက်ချင်း ပြန်လှည့်လာသည်။ သို့သော် သူ တည်းခိုခဲ့သည့်အခန်းကို ကြင်စဇနီးမောင်နှံနှစ်ဦးက ယူထားနှင့်ပြီ။

အဖိုးကြီးက သူ့ထီးကိုပဲ မဲနေ၍ အခန်းရှိရာကို တန်းလာပါသည်။ အနားရောက်၍ တံခါးကို ဖွင့်မည်ကြံရာ...

"ဒီမျက်ဝန်းကို ဘယ်သူပိုင်လဲ"

အခန်းတွင်းက အသံကြားရသဖြင့် ဖွင့်လက်က တန့်သွားရသည်။

"မောင် ပိုင်တယ်"

"ဒီနှာတံလေးကော""မောင်ပဲပေါ့"

အဖိုးကြီးက အခက်တွေ့နေတော့သည်။ ဒီအတိုင်း ဝင်သွားဖို့လည်း မဖြစ်နိုင်၊ ဒီအတိုင်းထားခဲ့ဖို့လည်း မဖြစ်။ မိမိထီးရဖို့အရေး မနည်းတွေးနေရသည်။

"ဒီနှုတ်ခမ်းလေးကိုလည်း ပြောပါဦး"

"မောင်ပဲပေါ့ရှင့်"

"ဒီရင်အစုံ"

အဖိုးကြီးက နားရှက်လာပါပြီ။

"မောင်ကလွဲပြီး ဘယ်သူ့မှမရှိ"

"ဒီသေးသွယ်လှတဲ့ ခါးလေးကိုရော"

"မောင်ရယ် မောင်ပဲပေါ့"

ခါးပြီးလျှင် ဘာလာမလဲ အဖိုးကြီးက သဘောပေါက်သွားသည်။ အခြေအနေမဆိုးခင် သူအရင်ဝင်မှ ဖြစ်မည်။ ဟိုဟာကို နားထောင်ဖို့ သူ့အတွက် သတ္တိမရှိ။ အဖိုးကြီးက တံခါးဖွင့်ပြီး အဝင်...

"ဒီ....ကို ဘယ်သူပိုင်လဲ"

ညားခါစသူတို့သမီး မဖြေခင် အဖိုးကြီးကလည်း သူ့ထီးကို မဲနေသည်နှင့်...

"ဟေ့ဟေ့ ခဏရပ်ကြ၊ ဒီတစ်ခုကို ငါပိုင်တယ်ကွ"

ဆိုပြီး သူ့ထီးကို ယူပြီး လစ်ပြေးတော့သည်။ မှတ်မိသည်ကို ပြန်ရေးခြင်းပါ။ အခုလည်း တိုင်းရင်းသားဒေသတို့မှာ သယံဇာတတွေကို ဘယ်သူပိုင်လဲ တွေးကြည့်ရင်းနှင့် ဒီအကြောင်း ရောက်သွားရသည်။

မုဒုံအုပ်ချုပ်ရေးမှူးက စာရေးသူတို့ရွာက လယ်သမားတွေကို မေးဖူးသည်။

"ဒီလယ်တွေကို ဘယ်သူပိုင်လဲ"တဲ့။

လယ်သမားတွေက သဘောရိုးဖြင့် မေးသည်ထင်၍

"အဖိုးတို့ ပိုင်တာပေါ့ကွယ်"

ဆိုပြီး ပြန်ဖြေလိုက်သည်။ အရာရှိက ထီးကိုပင် အလွတ်ပေးမည့်ပုံ မပေါ်။

"ဘယ်ဟုတ်မလဲ၊ ဒီနိုင်ငံမှာရှိသမျှ တွင်းထွက်တွင်းမထွက် မြေပေါ်မြေအောက် ရှိရှိသမျှကို နိုင်ငံတော်အစိုးရက ပိုင်တယ်။ နိုင်ငံတော်က ပိုင်တယ်ဆိုတော့ ငါပိုင်တာပေါ့"တဲ့။
ဆက်မေးလျှင်

"မုတ္တမပင်လယ်ကွေ့က ဓာတ်ငွေ့ကြောကို ဘယ်သူပိုင်လဲ"

"မောင်ပဲပေါ့"

"ရခိုင်ရှိ ဘင်္ဂလားပင်လယ်အော်က ဓာတ်ငွေ့ကိုလည်း ဘယ်သူပိုင်လဲ"

"မောင်ပဲပေါ့"

"ကချင်က ကျောက်စိမ်းတွင်းတွေကို ဘယ်သူပိုင်လဲ"

"မောင်ကလည်း မေးစရာလိုသေးလား"

ကိုင်း ဆက်တွေးကြည့်စေချင်သည်။ တိုင်းရင်းသားတို့၏အဖြစ်ကို တွေးကြည့်စေချင်သည်။ မောင်ပိုင်စီးရုံမကသေးပါ။ ပေါက်ဖော်တွေကို ခေါ်ပြီး အုပ်စုလိုက် မုဒိမ်းကျင့်သေးသည်။ (ရိုင်းနေလျှင် ခွင့်လွှတ်ပါ)

ဒီတိုင်းရင်းသားတွေက ဒီမြေဒီရေဒီလေထုမှာ နှစ်ပရိစ္ဆေဒပေါင်းများစွာ နေလာခဲ့သည်။ "မောင်"ဆိုသည့်ပုဂ္ဂိုလ် မမွေးခင်ကတည်းကပါပဲ။ အခုကျမှ ပိုင်စိုးပိုင်နင်းနှင့် သူပိုင်ချည်း ဖြစ်နေသည်။

အမှန်တွင် ကုလသမဂ္ဂအတည်ပြုထားသည့် တိုင်းရင်းလူမျိုးများအခွင့်အရေးဥပဒေအရ ဤသယံဇာတများကို နိုင်ငံတော်အစိုးရက မပိုင်ပါ။ တိုင်းရင်းသားလူမျိုးများသာ ပိုင်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ သဘောတူညီချက် မရဘဲ စိတ်ကြိုက်တူးဖော်သုံးစွဲ၍ မရပါ။ သဘာဝဘေးအန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများ၊ တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝကို ထိခိုက်စေသည့်လုပ်ရပ်များကို နိုင်ငံတော်အစိုးရက ကျူးလွန်ခွင့်မရှိချေ။

မသိနားမလည်သော တိုင်းရင်းသားလူမျိုးများကို အခွင့်ကောင်းယူ၍ ဗဟိုအစိုးရက အမြတ်ထုတ်နေခြင်းမျှသာ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိအခွင့်အရေးကို သိရှိနားလည်ကာကွယ်ရန်အတွက် စုစည်းညီညွတ်စွာ အရေးဆိုသင့်သည်။ မိမိပြည်နယ်ကို မိမိတို့သာ ပိုင်သည်၊ မိမိတို့ပြည်နယ်ထွက်သယံဇာတများကို မိမိတို့သည်သာ ပိုင်ဆိုင်သည်၊ မိမိတို့သဘောဆန္ဒ မိမိတို့အကျိုးစီးပွားမပါရှိဘဲ မည့်သည့်ကုမ္ပဏီမှ အခြေချလုပ်ကိုင်နိုင်ခွင့်မရှိ။

Ven Ravika

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.