Sunday, May 13, 2012

0 ဟံသာဝတီဦးဝင်းတင်ဖောင်းဒေးရှင်း ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ


မြန်မာနိုင်ငံအကျဉ်းထောင်များတွင် လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားဟောင်းများ ၄င်းတို့၏ မိသားစုများနှင့် ဘ၀တူစာနယ်ဇင်းသမားများအား ကူညီထောက်ပံ့ရန် ရည်ရွက်ချက်ဖြင့် ဖွဲ့စည်း ထူထောင်ထားသည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ (၁၂.၅.၁၂) တနင်္ဂနွေနေ့ မွန်လွဲ ၂နာရီတွင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခမ်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေ ပေးအပ်ပွဲသို့ ဆရာကြီးဟံသာဝတီဦးဝင်းတင် အမှူးပြုသည့် ဖောင်ဒေးရှင်း နာယကအဖွဲ့ဝင်များ၊ အလုပ်အဖွဲ့ဝင်များ ၊ လုပ်ငန်း အထောက်အကူပြုအဖွဲ့ဝင်များ ၊ အလှူရှင်များ၊ လက်ရှိအကျဉ်းသားနှင့် အကျဉ်းသား ဟောင်းမိသားစုဝင်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ပြည်တွင်း ပြည်ပ စာနယ်ဇင်းသမားများ တက်ရောက်ကြသည်။

အဆိုပါထောက်ပံ့ငွေ ပေးအပ်ပွဲတွင် သဘာပတိအဖြစ် နာယက ဆရာကြီးဦးဝင်းတင်က ဆောက်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဦးကျော်အောင် (ကျော်ထက်အောင်-ရွှေပြည်တန်)က ဆောင်ရွက်သည်။
ပထမဦးစွာ သဘာပတိ ဆရာကြီးဟံသာဝတီဦးဝင်းတင်က အဖွင့်အမှာစကား ပြောကြားပြီး ဖောင်ဒေးရှင်း၏ ဥပဒေအတိုင်ပင်ခံရှေ့နေကြီး ဦးအောင်သိန်းက ဖောင်ဒေးရှင်းဖွဲ့စည်းထားရှိမှုအခြေအနေ နှင့် ထောက်ပံ့ငွေပေးအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဖောင်ဒေးရှင် အလုပ်အဖွဲ့ဝင် ဦးနေ၀င်း(စာရေးဆရာ နေ၀င်းစံ)က ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်မည့် ပုဂ္ဂိုလ် (၁၀)ဦး၏ အမည်စာရင်း ကိုကြေညာပြီးတစ်ဦးချင်း အခြေအနေများနှင့် ထောက်ပံ့ငွေပေးအပ်ရသည့် အကြောင်းရင်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အထောက်အပံ့ခံပုဂ္ဂိုလ် (၁၀)ဦးနှင့် မိသားစုများအား နာယက ဆရာကြီးဦးဝင်းတင်နှင့် နာယကအဖွဲဝင်များ၊ အလုပ်အဖွဲ့ဝင်များက ထောက်ပံ့ငွေများ တစ်ဦးချင်းပေးအပ်ခဲ့သည်။
ယနေ့ ဒုတိယအကြိမ်ပြုလုပ်သည့် ထောက်ပံ့ငွေပေးအပ်ပွဲတွင် လက်ရှိ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား (၂)ဦးနှင့် အကျဉ်းသားဟောင်း(၇)ဦး အထူးသိးသန့်ရွေးချယ်ပေးအပ်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး စုစုပေါင်း (၁၀)ဦး ပါဝင်ပြီး တစ်ဦးလျှင် သုံးသိန်းမှ ငါးသိန်းအထိ စုစုပေါင်းထောက်ပံ့ငွေ ၃၄ သိန်းပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေ ပေးအပ်ခံရသူများထဲတွင် လက်ရှိ လာရှိုးထောင်တွင် အကျဉ်းကျ ခံနေရသူ ကိုမင်းအောင်၊ ကလေးမြို့ထောင်တွင် အကျဉ်းကျခံနေရသူ ကိုအေးအောင်တို့ ပါဝင်ပြီး အကျဉ်းသားဟောင်းများထဲတွင် ဦးကြည်သန်း၊ ဦးမောင်မောင်ကြီး(ခေါ်)ဒက်ဒီကြီး၊ ဦးမဲမောင်(စာရေးဆရာ စောညိုဝေ-ရွှေပြည်သာ)၊ ဦးတင်ငွေ(စာရေးဆရာ နီဟိန်း)၊ ဦးသိန်းထွန်း(ကဗျာဆရာ မောင်ရေပြာ)၊ မပြုံးပြုံးအေးနှင့် ကိုဇာနည်တို့ ပါဝင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးကြိုးပမ်းစဉ်က တတတ်တအား ကူညီဆောက်ရွက် ပေးခဲ့သည့် နေသူရိန် ရုပ်ရှင်ရုံပိုင်ရှင် ၊လက်ရှိ အသက်(၉၀)ကျော်ပြီး အကူအညီအထောက်အပံ့ လိုအပ်နေသော ဒေါ်ကြည်အား လည်း အထူးအစီအစဉ်ဖြင့် ထောက်ပံ့ကူညီခဲ့သည်။

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအနေဖြင့် ယခုကဲ့သို့ ထောက်ပံငွေပေးအပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ၁၂.၃.၁၂က ပြုလုပ်ခဲ့ ပြီး အဆိုပါ ပထမအကြိမ်က လက်ရှိအကျဉ်းသား(၃)ဦးနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်း(၆)ဦး စုစုပေါင်း(၉)ဦးတို့အား ထောက်ပံ့ငွေ(၃၇)သိန်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်၍လည်း အနည်းဆုံး နှစ်လတစ်ကြိမ်ခန့် ယခုကဲ့သို့ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ထောက်ပံ့ငွေများ ဆက်လက် ပေးအပ်နိုင်ရန်နှင့် ဖောင်ဒေးရှင်းကြီး ဆက်လက်တည်တံ့ခိုင်မြဲပြီး အဖွဲ့ကြီး၏ ရည်ရွယ်ချက်များကို ပိုမိုထိရောက် ကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် စိတ်ပါဝင်စားသူ မည်သူမဆို ဖောင်ဒေးရှင်းကြီးတွင် ပါဝင်ပူးပေါင်းဆောက်ရွက်ကြပါရန်နှင့် ပြည်တွင်း ပြည်ပ အလှူရှင်များကို ဖိတ်ခေါ်ပါကြောင်း ဖောင်ဒေးရှင်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် အတွင်းရေးမှူး ဦးကျော်အောင်(ရွှေပြည်တန်)က ပြောကြားကြောင်း သတင်းရရှိသည်။

ပေးပို့သူ ..ကိုကျော်အောင်(အတွင်းရေးမှူး )

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.