Sunday, December 9, 2012

3 လူထုမဲဆန္ဒဖြင့် သမ္မတ ရွေးကောက်ခွင့် မြန်မာပြည်သူတို့သာ ရမည် ဆိုလျှင်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများ အပိုဒ်(ဃ)တွင် သမ္မတ လုပ်မည့်သူသည် စစ်ရေးအမြင် ရှိရမည်ဟု ပါလာသည်။ လူတစ်ယောက် စစ်ရေး အမြင်ရှိမရှိ ဘယ်လိုပေတံနှင့် တိုင်းမှာလဲ၊ စစ်မှုထမ်း ဖူးသူများသာ စစ်ရေး အမြင်ရှိသည် ဟု ယူဆလျှင် အရပ်သားများ သမ္မတဖြစ်နိုင်ခွင့် မရှိတော့။ မိန်းမများ သမ္မတဖြစ်ဖို့ ဝေးလှစွာ၏။

ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။

ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထား သလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း
မိုက်ကယ်အဲရစ်(စ်)နှင့် သားနှစ်ယောက်မှာ နိုင်ငံခြား သားများ ဖြစ်၍ ဖြစ်သည်။

ဤဥပဒေအရဆိုလျှင် ဒေါ်ဆောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့လမ်းမမြင်၊ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အပိုဒ် (င) လို ဥပဒေမျိုးမပါသည့်အတွက် လက်ရှိသမ္မတ အိုဘားမားအား ကံကောင်းလှ၏။

အကြောင်းမှာ ဘားရက်အိုဘားမား၏ အဖေ Barack Hussein Obama မှာ ကင်ညာနိုင်ငံသား တစ်ယောက်ဖြစ်သည်။ တစ်ဖန် အိုဘားမား၏ မိခင် Ann Dunham မှာ အိုဘားမား၏ အဖေ ကွဲသောအခါ အင်ဒိုနီးရှားနိုင်ငံသား Lo Lo Soetoro နှင့် နောက်အိမ်ထောင်ထူ လိုက်သေးသည်။

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ အခြေခံဥပဒေအရဆိုလျှင် အိုဘားမား တစ်သက်လုံး သမ္မတဖြစ်ခွင့် မရှိတော့။

သို့သော် အမေရိကန်၊ အာဖရိကန် လူမည်း အိုဘားမား သည် အမေရိကန်နိုင်ငံကြီး၏ သမ္မတ ဖြစ်လာခဲ့သည်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ သူတို့ နိုင်ငံသား တိုင်းကို သမ္မတဖြစ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံ အခြေခံဥပဒေကဲ့သို့ နိုင်ငံခြားသားနှင့် အကြောင်းပါမှုကို ဘိုးစဉ် ဘောင်ဆက်၊ သားစဉ်မြေးဆက် ကန့်သတ် ချုပ်ချယ်မှုတွေ မလုပ်။

နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် လူ့အခွင့်အရေး ကို လေးစားသင့်ကြောင်း ၊ သမ္မတလုပ်မည့်သူ နိုင်ငံသား ဖြစ်လျှင် လုံလောက်ပြီ။

သူ့အဖေ နိုင်ငံခြားသားဖြစ်ခြင်း၊ သူ့အမေ နိုင်ငံခြားသားကို ယူခြင်း၊ ယောက်ျား နိုင်ငံခြား သားဖြစ်ခြင်း၊ သားသမီးတွေနိုင်ငံခြားသားဖြစ်ခြင်း တို့သည် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စဟု အမေရိကန်ပြည်သူအားလုံးက သဘောထားသည်။

လူတစ်ယောက်နှင့် တစ်ယောက်ညားခြင်းကိစ္စသည် ဖူးစာဖြစ်သည်။ မြန်မာဘုရင် များပင် မြောက်ကျွန်းသူကိုယူခဲ့သည်ဟု ကြားဖူးရာ ယခုခေတ်နိုင်ငံခြားသားကို ဖူးစာဆုံခြင်းကိစ္စမှာ မဆန်းချေ။

အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သမ္မတလောင်း၏ ကိုယ်ရေးကိုယ်တာကိစ္စ များကို ပူပင်မနေ၊ လူတစ်ယောက် သမ္မတဖြစ်မှု၊ မဖြစ်မှုကို ပြည်သူလူထု၏ ပခုံးပေါ်သို့ တင်ပေးလိုက်သည်။

မသူတော် တစ်ယောက် နိုင်ငံခေါင်းဆောင်ဖြစ်မည့်ကိစ္စ စိုးရိမ်သောကများ စရာရှိလျှင် ပြည်သူထက် ဘယ်သူမှ မပို၊ အကြောင်းမှာ မသူတော်တွေ နိုင်ငံခေါင်းဆောင် ဖြစ်လျှင် ကျောကော့အောင် ခံရသူများမှာ အမျိုးသား ညီလာခံ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မဟုတ်ဘဲ ဆင်းရဲသား ကျောမွဲပြည်သူ များဖြစ်၍ဖြစ်သည်။

အမေရိကန်ပြည်သူလူထုက အိုဘားမားကို မဲပေးပြီး သူတို့သမ္မတအဖြစ် တစ်ခဲနက် ရွေးချယ်လိုက် ကြသည်။ အိုဘားမား၏ အဖေ ကင်ညာနိုင်ငံသားဖြစ်တာ၊ အိုဘားမား၏ အမေ အင်ဒိုနီးရှားလူမျိုးကို ယူတာ သူတို့ စိတ်မ၀င်စား။

သူတို့စိတ်ဝင်စားသည်မှာ အိုဘားမားသာဖြစ်သည်။ အိုဘားမားက အမေရိကန်ပြည်သူတွေ ဘ၀ တိုးတက်မှုရှိအောင်၊ လုံခြုံစိတ်ချစွာနေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည် ကြသည်။

ထိုသို့ ယုံကြည်သည့်အလျောက် သူတို့၏ဆန္ဒမဲဖြင့် အိုဘားမားကို သမ္မတအာဏာ အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ သမ္မတ ၄ နှစ်သက်တမ်းအတွင်း လူထုယုံကြည်သည့်အတိုင်း လုပ်ချင်လုပ်၊ မလုပ်လျှင်နောက်တစ် ကျော့သမ္မတရွေးကောက်ပွဲမှာ အိုဘားမားကို မဲမထည့် ဘဲနေကြလိမ့်မည်။

အကယ်၍ လူထုမဲဆန္ဒဖြင့် သမ္မတ ရွေးကောက်ခွင့် မြန်မာပြည်သူတို့သာ ရမည် ဆိုလျှင် ဗေဒင်မေးစရာမလို ဒေါ်အောင်ဆန်းစု ကြည် မြေကြီးလက်ခတ်မလွဲ သမ္မတ ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ လူထုအနေဖြင့် သူတို့၏ကံကြမ္မာကို ဘယ်သူဘယ်ဝါဒ သားမှန်းမသိသော ဗိုလ်ချုပ်တွေ၊ ပါတီခေါင်းဆောင်တွေထက် သူတို့ချစ်သော တိုင်းပြည် နှင့်လူမျိုးအတွက် အသက်စွန့်သွားသော အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်ဆောင်ဆန်း၏သမီး လက်ထဲသို့ သာ ပုံအပ်ချင်၍ဖြစ်သည်။။

မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည် ကို တိုးတက်အောင်လုပ်နိုင်သော အရည်အချင်းတွေရှိသည်ဟု အပြည့်အ၀ယုံကြည်သည်။။

“ကျုပ်တို့ပြည်သူလူထုရဲ့သဘောဆန္ဒမပါဘဲ အင်္ဂလိပ်တွေမြန်မာနိုင်ငံကို နှစ်ပေါင်း(၁၀၀)နီးပါး အုပ်ချုပ်ခဲ့တယ်။ နောက် ဂျပန်တွေဝင်လာတယ်။ နောက် မဆလ၊ န၀တ၊ နအဖ ဆိုတာတွေ လည်း ပြည်သူ့ ဆန္ဒနဲ့တက်လာတာမဟုတ်ဘူး။ လက်နက်အားကိုးနဲ့တက်လာတဲ့ အာဏာသိမ်း အစိုးရတွေပဲ။ စီမံအုပ်ချုပ်မှု ညံ့ဖျင်းခဲ့တဲ့အတွက် တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့တယ်။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားတယ်။ အင်္ဂလိပ်တွေတောင် နှစ်ပေါင်း ၁၀၀ နီးပါး အုပ်ချုပ်သွားသေးတာ။ အင်္ဂလိပ်မယား ငါးနှစ်လောက်အုပ်ချုပ်တော့ ဘာဖြစ်သေးလဲ။ န၀တ၊ နအဖတွေလည်း ၂၂ နှစ် ကျော် အုပ်ချုပ်ခဲ့တယ်။ ကျုပ်တို့ပြည်သူတွေ စကားတောင် ကျယ်ကျယ် မပြောရဲဘူး။ ကြောက်နေရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျုပ်တို့ အားကိုးတယ်။ သူက ကျုပ်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဗျ။ နောက်ပညာတတ်တယ်။ ဘာပဲဖြစ်ဖြစ် အရင်လူတွေထက်တော့ အပုံကြီးသာတယ်ဆိုတာ ကျုပ်တို့ရဲရဲကြီးယုံကြည်တယ်”။

ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ယောက်ျားယူခြင်းကို ခွင့်လွှတ်သည်။ ခွင့်မလွှတ်နိုင်သည်မှာ စစ်အစိုးရဖြစ်သည်။။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရေးမှ ပထုတ်ပြီး၊ သူတို့ ဗိုလ်ချုပ်များသာ ထာဝရ မိုးကောင်းချင်နေသည်။ သို့ဖြင့် စစ်အစိုးရ အလိုကျရေးဆွဲထားသော ၂၀၀၈ ခုနှစ် နာဂစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပေါ်ပေါက်ခဲ့သည်။။

ဒေါ်အောင်ဆန်းစုကြည်၏သမ္မတမဖြစ်ရန် ကန့်သတ်မှုများသာမက ထိုအခြေခံဥပဒေကို ပြင်ဖို့ ခက်ရန်အတွက် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ခြင်းမပြုရသော စစ်ဗိုလ် ၂၅% ကိုပါ လွှတ်တော်ထဲမှာ ထိုင်ခွင့်ပေးထားလိုက်သေးသည်။။

ထိုနာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အားကိုးပြုလျက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဗိုလ်ချုပ်ဟောင်းများက “ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အရင်ပြင်ရလိမ့်မယ်“ ဟု ပြောလာကြသည်။။

ပောမှာပေါ့ … စစ်အစိုးရက သူတို့လက်ထဲကို နိုင်ဖဲထည့်ပေးခဲ့တာကိုး။ ကာတွန်းဆရာ အော်ပီကျယ်ပြောတာ … သတိရမိသည်။။

“ကျုပ်တို့လူမျိုးမှာ ဥာဏ်ရောင်စုံရှိဖို့လိုတယ်ဗျ။ ဒါမှအမြင်ကျယ်ပြီး တိုင်းပြည်တိုးတက်မှာပေါ့။ အခု တော့ ဒီလူတွေမှာ ဥာဏ်အရောင်နှစ်မျိုးပဲရှိတယ်။ ဥာဏ်အနီနဲ့ ဥာဏ်အနက်”။။

ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ)

ဒီမိုဖက်တီး Facebookမှ

3 comments:

  1. ဆရာနတ်မူးခင်ဗျားဆရာဆောင်းပါးဖက်ရတာအလွန်မင်္ဂလာရှိပါတယ်(၅)နှစ်မဟုတ်ပါနှစ်(၅၀)အုပ်ချုပ်လည်းကြေနပ်ပါတယ်

    ReplyDelete
  2. ဆရာနတ်မူးခင်ဗျားဆရာဆောင်းပါးဖက်ရတာအလွန်မင်္ဂလာရှိပါတယ်(၅)နှစ်မဟုတ်ပါနှစ်(၅၀)အုပ်ချုပ်လည်းကြေနပ်ပါတယ်

    ReplyDelete
  3. အခြေခံဥပဒေဆိုတာ မြန်မာပြည်ရဲ့လူမမြှောက်မင်းအတွက်ကတော့ ရိုးရိုးလေးလိမ်ဖို့ပေါ့

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.