Monday, December 10, 2012

1 ဒဏ်ရာအပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ

 မန္တလေးဆေးရုံကြီး လက်ပံတန်းတောင်မီးလောင်ဒဏ်ရရ ဆရာတော်အား (၈၈)ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ၊ ကြို့ပုံးချို ၊ စမ်းချောင်းကိုကိုကြီး ၊ မဝါ ၊ မယုယုလှိုင် တို့ မှ လည်း ကန်တော့စဉ်

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြားလောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။

မနေ့ ညနေက မန္တလေးဆေးရုံကနေ ပင့်ဆောင်ခဲ့တာလို့ ဆရာတော်ကို လိုက်ပါကူညီတဲ့ ဦးပဉ္စင်းဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

“ဦးတိက္ခဥာဏက လမ်းလည်းမလျှောက်နိုင်ပါဘူး။ ထိုင်လည်းမထိုင်နိုင်ပါဘူး။ ဦးဇင်းတို့ ဦးတိက္ခဥာဏကို ပင့်လာတော့ ၀မ်းလျားမှောက်ကြီးနဲ့ ဆေးရုံကားပေါ်မှာပဲ လိုက်လာခဲ့ရတာပါ။ ဒီနေ့မနက် ၆ နာရီမှာ ရန်ကုန်ဆေးရုံကြီးက အရေပြားအထူးကုဆေးရုံကို ရောက်ပါတယ်။ မနေ့ညက ၇ နာရီ မိနစ် ၄၀ မှာ ထွက်ခဲ့တာပါ” လို့ မိန့်ပါတယ်။

ကျန်းမာရေးအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ဖို့ သီးသန့်အခန်းမှာ ထားတာကြောင့် ဒဏ်ရရကိုယ်တော်ကို မန္တလေးမှာလို အလွယ်တကူတွေ့ဖို့ မလွယ်နိုင်ဘူးလို့ ဆိုပါတယ်။

သက်တော် ၆၆ နှစ်အရွယ်ရှိတဲ့ ဆရာတော် ဦးတိက္ခဥာဏကို ပြည်ပမှာ ဆေးကုသဖို့ လိုအပ်နေပြီး နိုင်ငံကူးလက်မှတ်ရဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးမယ် ဆိုတဲ့အတွက် စောင့်ဆိုင်းနေတယ်လို့ မိန့်ပါတယ်။

ဦးတိက္ခဥာဏဟာ တရုတ်ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့က သပိတ်စခန်းမှာ အရေပြားလောင်ကျွမ်းတဲ့ ဒဏ်ရာရခဲ့သူတွေအနက် အပြင်းထန်ဆုံးခံစားခဲ့ရတာဖြစ်ပြီး ကျန်သံဃာတွေထက် ပိုစောပြီး မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မုံရွာဆေးရုံက သံဃာတွေပါ မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့တာပါ။

မန္တလေးမှာ ကျန်ရစ်တဲ့ အပါး ၇၀ ခန့်ထဲက ဒဏ်ရာပြင်းထန်တဲ့ သံဃာလူနာ ၅ ပါးကိုလည်း ထိုင်းနိုင်ငံမှာ သွားရောက်ကုသဖို့ ပြင်ဆင်နေတယ်လို့ ဦးသုက မိန့်ပါတယ်။

DVB

1 comment:

  1. သမ္မတကြီးခင်ဗျားယခုကဲ့သို့ဆောင်ရွက်ခြင်းကပြည်သူများရဲ့အသက် အိုးအိမ် စည်းစိမ် ကိုကာကွယ်ရပါတယ်ဆိုခဲ့ရင်နောက်နောင်မပြုလုပ်ရန်ဒူးထောက်ပြီးတောင်းပန်ပါတယ်ကျွန်တော်တို့ပြည်သူတွေကံငါးပါးသင့်မှာစိုးပါတယ်။ယခုတောင်နေမကောင်းရင်ဆေးရုံကောင်းကောင်းမရှိ နေစရာ(၁၀)ပေပက်လယ်မှာရေမရှိလျှက်စစ်မီးမရှိစည်းစိမ်ဆိုတာဘာမှန်းတောင်မသိပါဘူးဗျာ။တောင်းပန်ပါတယ်ပြည်သူအတွက်ဆိုပြီးနောက်ဒါမျိုးတွေမလုပ်နဲ့ဗျာ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.