Saturday, December 15, 2012

0 “ ရွှေဝါရောင်လွှမ်းသော မေတ္တာစွမ်း”

“လောကကြီးမှာ အလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတဲ့အရာဟာ မေတ္တာတရားပဲဖြစ်တယ်။ အဲ့ဒီ မေတ္တာတရားတွေနဲ့ သပိတ်းစခန်းအကြမ်းဖက်သူတွေကို ဖော်ထုတ်သွားမှာပါ။ ဒီပြဿနာကိုလည်း မေတ္တာတရား နဲ့ပဲဖြေရှင်းဆောင်ရွက်သွားမှာပါ။ ဘယ်တော့မှ အကြမ်းမဖက်ပါဘူး” ဟု ၁၂ရက်၁၂လ မုံရွာဆန္ဒပြသံဃာတော် ဦးဝိသဌဓမ္မ အရှင်သူမြတ်က ယင်းကဲသို့ မိန့်ကြားတော်မူသည်။

တစ်သက်တာတွင် တကြိမ်တခါသာတွေ့ကြုံခွင့်ရရှိနိုင်သော (၁၂) ကိန်းဂဏန်းများပေါင်းစုံရာ နေ့ရက် သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး အထွေထွေသပိတ်စခန်းအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအ ပေါ် တုန့်ပြန်သည့် ရွှေဝါရောင်လွှမ်းသော မေတ္တာစွမ်းများ နေ့တစ်နေ့ဖြစ်ရတော့သည်။

နေ့ရက်ကား ၁၂ရက် ၁၂လ ၂၀၁၂ ခုနှစ်၊ အချိန်ကား မွန်းတည့် ၁၂ နာရီ ...။

မုံရွာမြို့ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းတွင်တည်ရှိသော စာဝါတက် ၀ါဆိုသံဃာ အပါး(၁၀၀၀)ခန့်နီး ပါးသီးတင်းသုံနေထိုင်သည့် ဇောတိကရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီးရှေ့တွင် ထောင်နဲ့ချီသောမြို့ခံလူ အုပ်ကြီးက
မကြာခင်လမ်းပေါ်သို့ထွက်ရှိလာတော့မည့် မေတ္တာပို့သံဃာတော်များအားကြည်ညိုရန်အသင့်စောင့် စောင့်ဆိုင်းနေသည်ကို မြင်တွေ့ကျရသည်။ အဆိုပါ လူအုပ်ကြီးထဲတွင် တစ်ယောက်တစ်ပေါက်ပြောဆိုသံများကိုလည်း အဆက်မပြတ်ကြားနေရ ပြန်သည်။ “ ဒီမြင်ကွင်းမျိုးက ၂၄ နှစ်ကြာမှ ပြန်လည်ထွက်ပေါ်လာတာ ဒီတကြိမ်ပဲရှိတယ်လေ..။ အိမ်က ကလေးတွေမြင်မိအောင်လို့ လိုက်ပြရတာဗျ..” ဟု ဆိုသူက အပျိုပေါက်အရွယ် သမီးနှစ်ယောက်နှင့် ရှစ်နှစ်သားအ ရွယ် ကောင်းလေးတစ်ယောက်ကိုလက်ဆွဲ၍ ယင်း ကျောင်းတိုက်ကြီးရှေ့တွင်ရောက်ရှိလာသည်။

၎င်း လူအုပ်ကြီး၏ သံပြိုင်ထွက်ပေါ်လာသော လက်ခုပ်သံသည် နန်းမြို့ရိုးသဖွယ်ကာရံထားသော ယင်း ကျောင်းတိုက်ကြီး၏ အုတ်တံတိုင်းနံရံအား အပြင်းစားရိုက်ခတ်ကာ ပဲ့တင်လှိုင်းများထွက်ပေါ်လာချိန်တွင် ကျောင်း တိုက်အတွင်းရှိ မေတ္တာခံခိုအုပ်ကြီးတစ်အုပ် “၀ုန်း” ကနဲ ပျံဝဲသွားသည့်အဖြစ်က အမြင်ဆန်းနေသလို လူအုပ်ကြီးမှ မြင်တွေ့လိုက်ရပြန်သည်။ ထိုအချိန်တွင် ....

“ လူအချင်းချင်းလှည့်ပတ်ချင်း ×××ကင်းရှင်းကြပါစေ ...။ တို့မေတ္တာစွမ်းကမ္ဘာလွှမ်း ××× ငြိမ်းချမ်းကျပါ စေ...” ဆိုသော မေတ္တာတရားများလွှမ်းခြုံရစ်သိုင်းလျက် လေးပါးလျင်တစ်တန်းနှုန်းဖြင့် စီတန်းလမ်းလျှောက်ကာ ကျောင်းတိုက်အတွင်းမှ သံဃာတော်များ စတင်ထွက်ရှိလာတော့သည်။ “ အကြမ်းဖက်မှုချက်ချင်းရပ်”ဟု စာတန်း ရေးသားထားသော လက်ကိုင်ပိုစတာကြီး၏ နောက်ခံမြင်ကွင်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအား သက်ဆိုင်ရာ အာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲစဉ် မီး စွဲလောင်နေသည့် သပိတ်စခန်း၏ မီးတောက်မီးလျှံများ ပုံရိပ်ဖြစ်နေသည်ကို သတိပြုမိတော့သည်။

အဆိုပါ ဖြိုခွဲခံ သပိတ်စခန်းတွင် မီးစွဲလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယင်း ကျောင်းတိုက်ကြီးရှိ သံဃာ (၈၈)ပါးခန့် မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း ကျောင်းတိုက်၏ တရားဝင်ထုတ်ပြန်ထားသော သတင်းတစ်ရပ်အ ရသိရှိခွင့်ရခဲ့သည်။ ခြောက်ရောင်ချယ်သာဿနာ့အလံများ လေတွင်တလွှင့်လွှင့်ပျံ့လွှင့်နေသကဲသို့ မီးလောင်ဒဏ်ရာရ သံဃာ တော်များ၏ ပုံရိပ်များသည်လည်း ပိုစတာမျိုးစုံ၊ အနေအထားမျိုးစုံအား မေတ္တာပို့သံဃာတော်များက ကိုင်ဆောင် ထား ကျသည်ဖြစ်ရာ မြင်မိသူပရိတ်အားလုံ၏ စိတ်နှလုံးတွင် သက်သာရာမရှိဖြစ်ကျရသည်။

ကျောက္ကာလမ်းမကြီးအားပိတ်ညပ်သွားစေသောလူအုပ်ကြီးထဲတွင် သံဃာတော်များအား မျက်ရည်စက် လက်ဖြင့်ထိုင်ကန်တော့နေသူ အသက်(၇၀)ကျော်ခန့် အဘွားတစ်ယောက်က“ လက်ပံတောင်းတောင်မှာ သံဃာ တွေမီးလောင်ခံရတယ်ဆိုတာ အိမ်ကကျောင်းသမကလေးတွေပြောလို့ အဘွားသိရပါတယ်။ မီးလောင်ဒဏ်ရာနဲ့ သံဃာတွေက မုံရွာဆေးရုံကြီးကိုရောက်လာမှ အဘွားက ယုံမိတာပါ။ အဘွားအသက်နဲ့အမျှ ဒီလိုမြင်ကွင်းမျိုးကို ရုပ်ရှင်ထဲမှာတောင် မမြင်မိခဲ့ဘူး။ သြော် ...ခက်ပါရပါလားတော်..” ဆိုကာ ပါးစပ်မှရေရွတ်ရင်း မြေးမလေးနှစ် ယောက်ဟု ယူဆရသူများက ဘေးတဘက်တချက်မှနေ၍ အဘွား၏ချိုင်းအောက်မှကိုင်ကာ ထူမတွဲခေါ်သွားသည့် မြင်ကွင်းလေးသည်လည်း လူသားအချင်းချင်းမို့ စိတ်ဒဏ်ရာရပြီးကျန်ခဲ့ရပြန်သည်။

ထိုအချိန်တွင် လမ်းဘေးနေအိမ်းများ၏ ပြတင်းတံခါးများပွင့်လာကာ နေအိမ်များပေါ်မှ လက်အုပ်ချီလျက် မေတ္တာပို့သံဃာတော်များအား ကန်တော့သူအချို့ကိုလည်း မြင်တွေ့ရသည်။ “ ဘုရားရှင်လက်ထက်တော်အခါက ၀ိသာခ ကျောင်းအမကြီးက ဘုရားထံလျှောက်ထားခဲ့တာရှိပါတယ်။ နံနက်မိုးလင်းလို့ ရာဇဂြိုလ်မြိုထဲကို ဆွမ်းခံကျ လာတဲ့သံဃာတော်များရဲ့ သင်္ကန်းအနားကခတ်တဲ့လေဟာ ရာဇဂြိုလ်မြို့ကြီးတစ်ခုလုံးကို အေးစေရပါတယ် ဘုရား ..ဆိုတဲ့ အဖြစ်အပျက်က ဟောဒီလိုသံဃာထုနဲ့ဆိုရင် ဟုတ်ပေနိုင်တယ်ဗျ..”ဟု မေတ္တာပို့ လမ်းလျှောက် ချီတက်လာသော သံဃာတော်များအား ဖူးမျှော်လျက်ရှိသော ပြည်ထောင်စုလမ်းနှင့် ကျောက္ကာလမ်းဆုံရှိ ကုက္ကိုပင်အရိပ် အောက်တွင်ရောက်ရှိနေသူ ဘုရားလှကျောင်းတိုက်မှ ရဟန်းတစ်ပါး၏ခမည်းတော်ဖြစ်သူကအနီးနားရှိအခြားလူတစ်ယောက်အား ပြောပြနေသည့်ဟန်ပန်ကလည်း မှတ်သားစရာတစ်ခုဖြစ်နေရပြန်သည်။

အဆိုပါ မေတ္တာပို့ လမ်းလျှောက်လာသည့် သံဃာထုကြီးရှေ့မှ မော်တော်ဆိုင်ကယ်အား လိမ်တွန့်လိမ်ဖယ် စီးနင်းမောင်နှင်လျက် အချို့လူများကလည်း “ လက်ခုပ်တီး၍ အားပေးလိုက်ပါ ...။ ဗမာလူမျိုးတွေမဟုတ်ဘူးလာ.. ဘာလို့ရပ်ကြည့်နေတာလည်း ..” အာဘော်အာရင်းနှင့် လိုက်လံအော်ဟစ်နေသူများကလည်း အများအပြားရှိနေ သည်။

“ ဟေ.. လက်ခုပ်တီပြီးအားပေးရအောင် ဘုန်းကြီးတွေဆိုတာ ဇာတ်မင်းသားမဟုတ်ဘူးကွ..။ ဘုန်းကြီးဆို တာ လက်ခုပ်တီးပြီးအားပေးရမှာမဟုတ်ဘူး။ လက်အုပ်ချီပြီးကန်တော့ရမှာ မင်း..မသိဘူးလားကွ..” စတဲ့ တုန့်ပြန် ပြောဆိုသံများကလည်း တစ်ယောက်တစ်ပေါက်နဲ့ လူအုပ်ကြားမှထွက်ပေါ်လာသည်။ ဤသည်ကား မည်သူမည် ၀ါဆိုသော လူငယ်တစ်စုဖြစ်နေသည်ကို သတိမထားမိလိုက်ဖြစ်ရသည်။

အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်မူ ..။

မွန်းလွှဲ ၁ နာရီ ၁၈ မိနစ်အချိန်မှာတော့ မုံရွာရွှေစည်းခုံစေတီတော်ကြီး၏ ရင်ပြင်တော်ပေါ်တွင် မြို့ပေါ်စာသင်တိုက်အသီးသီးမှ သံဃာတော်များရောက်ရှိနေပြီး ကြွချီလာသောမေတ္တာပို့သံဃာတန်းကြီးနှင့်ပေါင်း စုံကာ မြို့၏ အရှေ့ဘက်အရပ်တွင်တည်ရှိသော သာစည်လမ်းဘက်သို့ ဆက်လက်ကြွချီတော်မူကျသည်။ အရှေ့ ကိုလျှောက်နေသော်ပါလည်း ယင်းသံဃာထု၏ စိတ်အစဉ်သည် မြို့၏ အနောက်ဘက်အရပ်တွင်တည်ရှိနေသာ လက်ပံတောင်းတောင်ကြီးဆီသို့ ဦးတည်နေကျသည်ဟု ဦးဆောင်သံဃာတော်တစ်ပါးဖြစ်သည့် ဦးဝိသဌဓမ္မက မိန့်ကြားတော်မူသည်။

သံဃာတော်များ ကြွချီရာလမ်းတလျှောက်တွင် ရေခဲစမျက်နှာသုတ်ပုဝါ၊ ရေသန့်ဗူး၊ အချိုရည်ဗူး၊ ချိုချဉ် ထုပ် စသည့် ဘောဇဉ်များကိုလည်း မြို့၏နေရာအနှံ့လိုလို သူထက်ငါ ကပ်လှုနေသည်မှာလည်း ဗုဓ္ဒဘာသာ စည်ပင်ထွန်းကားသည့် လက္ခဏာတစ်ရပ်ပင်ဟု ဆိုလျင်ရနိုင်မည်ဟု ယူဆမိရသည်။ သာစည်ဈေးအလွန်ရှိ ပေရှစ် ဆယ်လမ်းမှတဆင့် ကျောက္ကာလမ်းအတိုင်းကြွချီလာသော မေတ္တာပို့ သံဃာတော်များသည် အနောက်ကိုတဲ့ မျှော် တော်မူသည့်စိတ်က ပို၍ပြင်းပြလာသည်ဟု ယူဆမိရပါသည်။ အဘယ်ကြောင့် ဆိုသော် ဗိုလ်ချုပ်လမ်းမကြီးမှတ ဆင့် အမှတ်(၃) မြို့ပတ်လမ်းထဲသို့ဝင်ကာ ချင်းတွင်းမြစ်တာရိုးပေါ်မှနေ၍ လက်ပံတောင်းတောင်ကြီးကို ကြွချီကြည့်ရှု့တော်မူမည်အကြောင်း ဦးဆောင်သံဃာတော်များက ဇောတိကမုန့်တိုက်ရှေ့တွင် ကြေညာမိန့်တော် ခဲ့ခြင်းကြောင့်ဖြစ်သည်။

အညာဒေသ၏ ဆောင်ရာသီကာလသည် ရာသီခွင်အားအလှဆင်ထားသည့် မြူနှင်းမှုံများသည် ချင်းတွင်းမြစ်၏ အနောက်ဘက်တွင် ထီးထီးကြီးတည်ရှိနေလေသော လက်ပံတောင်းတောင်ကြီးအားရစ်သိုင်းခြုံ၍ ဖုံးကွယ်ထားခြင်းမှာ သံဃာတော်များ တကျော့ပြန် မေတ္တာပို့လမ်းလျှောက်နေခြင်း၏ ပင်ပန်းနွှမ်းနယ်မှုများကို မကြည့်နိုင်မမြင်ရက်လို့ဖြစ်နေဟန် တူပါရဲ့...

အောင်ဇေယျုံဇက်ကူးတို့ဆိပ်နေရာမှ ကျောက်ဆောင်ဆိပ်ကမ်းအထိ တာရိုးဘောင်ပေါ်မှနေ၍ ထောင်နဲ့ချီ သော သံဃာထုကြီး၏ မေတ္တာပို့သသည့် မေတ္တာတရားများသည် လက်ပံတောင်းတောင်ကြီးအား ရိုက်ခတ်၍ ပဲ့တင်လှိုင်းများထွက်ပေါ်လာသည်ဟုထင်မြင်ခဲ့ရသော်လည်းအမှန်စင်စစ်တွင်ချင်တွင်းမြစ်၏တစ်ဘက်ကမ်း ညောင်ပင်ကြီး သဲသောင်ပြင်ပေါ်ရှိလက်ပံတောင်းတောင်ဒေသမှ ဒေသခံတောင်သူများ၏ အော်ဟစ်ဖူးမျှော်နေ လေသော တုန့်ပြန်သံများဖြစ်နေလေတော့သည်။

ထိုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးအချို့တွင် တချိန်တည်း၊တပြိုင်တည်း မေတ္တာပို့သံဃာတော်များ ကြွချီတော်မူနေသည်ဆိုသည့်အကြောင်းအရင်းမှာ မုံရွာအခြေစိုက်သတင်းသမားတစ်ဦး၏ လက်ကိုင်ဖုန်းမှ သ တင်းများ ထွက်ပေါ်လာချက်တစ်ရပ်အရ သိရှိရသည်။ ယင်းကြောင့် မန္တလေးမြို့တွင် သံဃာအရေးလှုပ်ရှားနေ သော ဦးဆောင်သံဃာတစ်ပါးအား ဆက်သွယ်မေးမြန်ရာ “ ဘုရားဟောဒေသနာတော်အရ ဦးပဇင်းတို့ ဆောင်ရွက်ရတာပါ။ လောကဓစရိယ ဆိုတဲ့အတိုင်း ဒီလောကကြီးကိုစောင့်ရှောက်ဖို့ ဘုရားရှင်က မိန့်တော်မူခဲ့ ပါတယ်။ အခု ဦးပဇင်းတို့ လောကကြီးကိုစောင့်ရှောက်ပါတယ်” ဟု ဦးသု(ခ) ဦးဝိမလ အရှင်သူမြတ်က တုန့်ပြန် မိန့်ကြားတော်မူသည်။

မေတ္တာတရားဖြင့် လောကကြီးအားစောင့်ရှောက်ရန် ကြွချီတော်မူလာသော သံဃာတော်များသည် ပထမ လယ်တီဆရာတော်ဘုရာကြီး သီတင်းသုံးတော်မူ၍ ကျမ်းကြီး၊ကျမ်းငယ် အသွယ်သွယ်အား တရားအားထုတ်ရင်း ရေးသားပြုစုခဲ့သော လက်ပံတောင်းတောင်ကြီးသည် နိုင်ငံခြားစီးပွားရေး ရင်းနှီးမြုတ်နှံလိုသူများ၏ မျက်စိကျရာ သတ္ထုသိုက်ကြီးတစ်ခုဖြစ်နေလေတော့သည်။

မီးခိုးမထွက်သော စီမံကိန်းလုပ်ငန်းနှင့် အလှမပျက်သော ရင်းနှီးမြုတ်နှံမှု..။

“ ဟောဒီ .. လက်ပံတောင်းတောင်ကြီးဟာ ..၊ သတ္ထုသိုက်ကြီးတစ်ခုဖြစ်တာကြောင့် သဘာဝ သယံဇတ တန် ဘိုးနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်လည်း တန်ဘိုးရှိတယ်။ လယ်တီဆရာတော်ဘုရားကြီး ကျမ်ပြုစဉ်က သီတင်းသုံးနေ ထိုင်ခဲ့တာကြောင့် ဘာသာ၊သာဿနာတန်ဘိုးအရလည်း တန်ဘိုကြီးမားတယ်။ အနီးဝန်းကျင်းမှာနေထိုင်ကျတဲ့ ဒေသခံရွာသူ ရွာသားတွေအတွက်လည်း ဆေးဘက်ဝင် သစ်ဥသစ်ဖုများမှအစ ဟင်းသီးဟင်းရွက်နဲ့ ထင်းအဆုံး ဒီ တောင်ကြီးပေါ်ကနေပဲ ခူးယူစားသုံးနေကျရတဲ့အတွက်လည်း လူကိုအကျိုးပြုစေတဲ့ သဘာဝ ပတ်ဝန်ကျင် တန် ဘိုးအရလည်း ကြီးပြန်တယ်။ အဘက်ဘက်က ဒီလောက်တန်ဘိုးကြီးမားနေတဲ့ တောင်ကြီးကို နောင်လာမယ့် အ နာဂတ်မျိုးဆက်သစ်တွေလည်း ပိုင်ဆိုင်နိုင်ခွင့်ရှိရမယ်။ အခုမမွေးသေးတဲ့ ကလေးတွေအတွက်ပါ ထည့်သွင်းစဉ်း စာပေးပါမှ တရားမျှတမယ်။

မျက်မှောက်ခေတ်မှာ ဒီလောက်တန်ဘိုးကြီးမားတဲ့ တောင်ကြီးကို ထင်လိုလုပ်မယ်ဆိုရင်တော့ ခင်ဗျားတို့ .. ကျုပ်တို့ကို အနာဂတ်ကာလမှာ မလွှဲမသွေ သေချာတာတစ်ခုက ကျိန်ဆဲခြင်းခံရမှာဖြစ်တယ်။ လက်တွေ့ကျပြီး တကယ့် တရားမျှတမှုကိုဖော်ဆောင်ချင်တယ်ဆိုရင် အနာဂတ်တိုင်ပြည်အတွက်၊ အနာဂတ် မျိုးဆက်တွေအတွက် ကို အဓိကဦးစားပေးပြီး အရာရာကိုဖော်ဆောင်ကျရပါလိမ့်မယ်။ တိုင်းပြည်တွင်းက သယံဇတမှန်သမျှဟာ နိုင်ငံ သားတိုင်းက ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိနေရပါ့မယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းအရ မတူကွဲလွဲတဲ့သဘောကို ဆောင်မယ်ဆိုခဲ့ရင်တောင် တိုင်ပြည်အတွက်၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် အကျိုးရှိစေမယ့် မတူကွဲလွဲတဲ့ သဘောပဲဖြစ်သင့်ပါတယ်။ ဘယ်အရာမှ ငါတကော ..ကောလို့မရသလို၊ ငါပြီး၊ငါပိုင်လုပ်လို့လည်း မဖြစ်သင့်ပါဘူး။

ဒီတော့ ..ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝမှုရှိတဲ့ အမျှော်အမြင်ကြီးမားတဲ့ နိုင်ငံကြီးတွေဟာဆိုရင် မီးခိုးမထွက်တဲ့ စက်ရုံကြီးတွေအလုပ်ရုံကြီးတွေတည်ဆောက်ပြီး နိုင်ငံခြားဝင်ငွေတွေကိုရှာဖွေကြံဆောင်တတ်ကျတယ်။ အစဉ်အ လာကောင်းပြီး တိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းစေတာကြောင့် လက်ပံတောင်းတောင်ကြီးနဲ့ပတ်သက်ပြီး အကြံ ပြုထောက်ပြပေးလိုပါတယ်။ လက်ပံတောင်းတောင်ကြီးဟာ ချင်းတွင်းမြစ်ရဲ့တစ်ဘက်ကမ်းနဖူးမှာရှိတာကြောင့် အင်မတန်လှပတင့် တယ်တဲ့ အဆင်းလက္ခဏာနဲ့ပြည့်စုံနေပါတယ်။ ရာသီဥတုကောင်မွန်ပြီး လုံလောက်တဲ့တည်နေရာနဲ့ အကျယ်အ ၀န်ရှိနေတာကြောင့် သဘာဝပတ်ဝန်ကျင်ကို အနည်းနဲ့အများထိခိုက်ပျက်စီစေနိုင်တဲ့ ကြေးနီတူးဖော်ထုတ်လုပ်တာ ထက်နှိုင်စာရင် မီးခိုမထွက်တဲ့စက်ရုံတစ်ခုအဖြစ် ခရီးသွားဇုန်အဖြစ်သတ်မှတ်ကာ အဲ့ဒီတောင်ကြီးတစ်ခုလုံးကို ဟော်တယ်ဇုန်လုပ်ရင် အဆင်ပြေနိုင်မယ်လို့ ယူဆမိပါတယ်။

လာရောက်တည်းခိုးမဲ့ နိုင်ငံခြားသားတွေအတွက်လည်း အလွန်သဘောကျမှာ။ ဘာကြောင့် အာာမခံရဲ သလဲဆိုရင် မုံရွာခရိုင်အတွင်းမှာ နိုင်ငံခြားသားတွေစိတ်ကိုစွဲဆောင်နိုင်တဲ့ သယံဇတတွေအမြောက်အများ ရှိနေလို့ ပါပဲ။ ပုံတောင်ပုံညာခြေကရှိနေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများစုဝေးတည်ရှိရာ နဲ့ ကနီမြိုကနယ်အတွင်းက Fossil အင်ကြင်းကျောက်တွေတည်ရှိရာဒေသတွေကို ခမ်းနားလှတဲ့ ဥယျာဉ်ကြီးအဖြစ်ပြောင်းလဲပြီး အဲ့ဒီဒေသနှစ်ခုကို ဖြတ်သွားရာလမ်းကြောင်းကတော့ အလောင်းတော်ပဿပ အမျိုးသားသစ်တောဥယျာဉ်နယ်မြေဖြစ်နေရပါ့မယ်။ သမိုင်းဝင်ရှေးဟောင်းပုထိုးတွေနဲ့ သဘာဝရုပ်ကြွင်းတွေဟာ ခရီးသွားလုပ်ငန်းအတွက် ဘယ်လိုမှတန်ဘိုးမဖြတ် နိုင်တဲ့ ဥစ္စာဓနတွေဖြစ်တယ်ဆိုတာ သိရှိထားရပါ့မယ်။

သဘာဝအလှကို မထိမခိုက်ပဲ နိုင်ငံခြားဝင်ငွေရှာဖွေတဲ့နည်းလမ်းကောင်းဟာ ရေရှည်အတွက်ဆိုရင် ခရီး သွားလုပ်ငန်းတစ်ခုပဲဖြစ်တယ်။ ဒီလိုဖော်ဆောင်လိုက်လို့ရရှိလာမဲ့ အကျိုးအမြတ်က ရေရှည်မှာ ဒေသခံတွေအ တွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာမှာဖြစ်တာကြောင့် တန်ဘိုးကြီးမားတယ်လို့ ယူဆမိရပါတယ်” ဟု မုံရွာအခြေစိုက် သတင်းသမားတစ်ဦးက အဆိုပါ သံဃာတော်များကြွချီတော်မူရာ ပြီးဆုံးချိန်တွင် မုံရွာမြို့၏ညနေခင်း လေပြေညှင်း လက်ဘက်ဆိုင်၌ သူ၏အမြင်တစ်ရပ်အား လွတ်လပ်ပွင့်လင်းစွာထုတ်ဖော် ပြောဆိုခဲ့ခြင်းသည် ။

ဤ နေ့ရက်သည်ကား လူဘ၀တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ ကြုံကြိုက်ခွင့်ရသော ၂၀၁၂ ခုနှစ်၊ ၁၂ လ၊ ၁၂ ရက်နေ့၏ ရွှေရောင်လွှမ်းသော မေတ္တာစွမ်း များပြန်လွှင့်ရာနေ့တစ်နေ့ ပင်ဖြစ်၍နေလေတော့သည်။ Monywa Times

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.