Wednesday, July 7, 2010

0 ချောင်းကြည့်သူရဲ့ အမှား (အမှတ်-၂၄)ကိုကြီးပေါ်

နွေဆို ရေခန်း, မိုးဆို ရေကြီးတဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ဒီနှစ်မိုးရာသီကို ရခိုင် ရေဘေးလေဘေးနဲ့ စဖွင့်လိုက်ပါပြီ။ တဆက်တည်းမှာပဲ ကချင်ပြည်နယ် ဖားကန့်မှာ ရေကြီးပါတယ်။ ဒီနှစ်မှာ အယ်နီညို မိုးလေ၀သဖြစ်စဉ် ရှိတာကြောင့် မိုးနှောင်းကောင်းမယ်လို့ ဆိုပါတယ်။ “မိုးနှောင်းကောင်းမယ်” ဆိုတာက နားဝင်ချောအောင် ပြောတာ။ အဓိပ္ပာယ်က မိုးအကုန် ဆောင်းအကူးမှာ ရေကြီးမယ်လို့ ဆိုလိုတာပါ။ နွေရာသီ စာရင်းပိတ်လက်ကျန် ကတော့ အင်းလေးကန်ကြီး ရေခမ်းခြောက်သွားတာပါပဲ။

ကိုကြီးပေါ် တယောက် ရာသီဥတုကို စာရင်းလိုက်ကောက် နေရတာက အကြောင်းရှိပါတယ်။ ရွှေပြည်တော်ကြီးမှာ “စား ၀တ် နေ” ဆိုတဲ့ အရေးသုံးပါးအနက် နေရေးကိစ္စမှာ နေ့စဉ်နဲ့အမျှ ရာသီဥတုနဲ့ စီးချင်းထိုး နေရတာကြောင့်မို့ပါ။ ကိုကြီးပေါ်တို့ရဲ့ ရွှေပြည်တော်ကြီး ဆိုတာက အင်မတိအင်မတန် သဘာဝနဲ့ တသားတည်းကျအောင် နေထိုင်တဲ့ ပြည်တော်ကြီး မဟုတ်လား။ လူကဖန်တီးထားတဲ့ အရာတွေကို လုံးဝ ဆန့်ကျင်တယ်လေ။ လျှပ်စစ်မီး မသုံးဘူး။ လောင်စာစွမ်းအင် မသုံးဘူး။ သဘာဝ အလင်းရောင်နဲ့ နေတယ်။ သဘာဝကပေးတဲ့ စွမ်းအင်နဲ့ပဲ နေတယ်။ သဘာဝတရားကို အဲသလောက် ချစ်မြတ်နိုးစွာ အမြော်အမြင် ကြီးစွာ ထိမ်းသိမ်းထားတာကလား။

ဒီလို သဘာဝအတိုင်း နေထိုင်သူတွေ ဆိုတော့ သဘာဝ ရာသီဥတုနဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရနေတာကိုက ဒုလ္လဘတရားပါပဲ။ ပူမယ်ဆို ပူလိုက်၊ အေးမယ်ဆို အေးလိုက်၊ လေတိုက်ချင် တိုက်ပစ်လိုက်၊ ရေကြီးချင် ကြီးပစ်လိုက်။ ရွှေပြည်တော်မှာ သဘာဝ ရာသီဥတုက လွတ်လပ်ခွင့် အပြည့်နဲ့ သောင်းကျန်းသမျှကို ရွှေပြည်တော်သားတွေက မေတ္တာမပျက် ခံယူလျက်ပါ။ ဒါတင်မက မိုးရွာလို့ ရေကြီးတာကို မြို့ထဲနေသူတွေ မခံစားလိုက်ရမှာ စိုးလို့ မြို့လယ်ခေါင်မှာကို ရေကြီးအောင် လုပ်ပေးထားတာ။ ရွှေပြည်တော်ကြီးရဲ့ ခေတ်ရှေ့ပြေးမှုကို ဘယ်သူတွေ လိုက်မီလိမ့်မလဲ။

အဲ… ခက်နေတာက ရွှေပြည်တော်မှာ ဖြစ်ပျက်သမျှကို လူတွေက အမီလိုက်နိုင်ပေမယ့် တိရစ္ဆာန်တွေက အမီမလိုက်နိုင်ရှာတော့ ခမျာတို့မှာ ကပ်ဘေးတွေနဲ့ ကြုံနေရရှာရဲ့…။

ကြွက်ရယ်, ဆင်ရယ်, လိုဏ်ခေါင်းရယ်


ဇွန်လကုန်ပိုင်းမှာ ထူးထူးခြားခြား ကြားလိုက်ရတဲ့ သတင်းက ကြတ်ပြေးနေပြည်တော်က ကြွက်တွေ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းနေကြတယ် ဆိုတာပါပဲ။

ကြွက်ဆိုတာ မြေအောင်းသတ္တ၀ါ။ နေရာ အနှံ့အပြားမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် အကောင်ရေ ထောင်သောင်းချီပြီး သွားလာနေတယ် ဆိုရင်တော့ ဒါ ပုံမှန် မဟုတ်တော့ဘူးပေါ့။ သဘာဝကို မှီခိုနေရတဲ့ တိရစ္ဆာန်တွေမှာ သူတို့ရဲ့ နေထိုင်မှုဟာ ဗီဇတုံ့ပြန်မှုကြောင့် အဓိက ဖြစ်လာရပါသတဲ့။ သဘာဝက တခုခု အပြောင်းအလဲ ဖြစ်လာရင် သူတို့လည်း အပြောင်းအလဲ ဖြစ်လာတယ် ဆိုတဲ့ သဘောပေါ့။ တချို့ ကိစ္စတွေမှာ သဘာဝက ပြောင်းလဲလာတော့မယ့် အခြေအနေနဲ့ လိုက်လျောအောင် တိရစ္ဆာန်တွေကလည်း ကြိုတင်ပြီး ပြောင်းလဲလာတတ်တယ်တဲ့။ ဒါကို တိရစ္ဆာန်တွေက ကြိုသိနေတယ်လို့ အလွယ် ပြောကြတာပေါ့။

ဆူနာမီတုန်းက အာချေးက တံငါရွာတရွာဟာ ရေလှိုင်းဒဏ်က လွတ်ခဲ့သတဲ့။ ဘာကြောင့်လဲ ဆိုတော့ ပုရွတ်ဆိတ်တွေ ကုန်းပေါ် ရွှေ့ပြောင်းတက်လာတာကို တွေ့တော့ သူတို့ ဘိုးဘွားတွေ အစဉ်အလာ မှတ်သားခဲ့တဲ့ စကားကို အမှတ်ရပြီး ရေလှိုင်းကြီးတွေ လာတော့မယ် ဆိုတာကို ကြိုသိနေသတဲ့။ ဒါကြောင့် ကုန်းပေါ်ကို အချိန်မီ ရွှေ့နေခဲ့နိုင်လို့ တရွာလုံး ဆူနာမီဒဏ်က လွတ်ခဲ့ပါသတဲ့။

ကဲ… ကြွက်တွေကတော့ ရွှေ့ကုန်ပြီ။ လူတွေက ဘယ်လို အဓိပ္ပာယ် ကောက်ကြမလဲ။ ကိုကြီးပေါ်တော့ ဒီကိစ္စမျိုး သိပ်မသိလို့ သိပ်မပြောတတ်ပါဘူး။ ဟို မြန်မာ့အရေး ကျွမ်းကျင်သူ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးငယ်တွေကို မေးကြည့်ရင် ကောင်းမယ် ထင်တာပဲ။ အတိုက်အခံ တွေကတော့ ကြွက်ပြေးတာ နအဖကြောင့်လို့ပဲ ကောက်ချက်ချမယ် ထင်ပ။ အဝေးရောက် ၀န်ကြီးတွေကတော့ ဒီကိစ္စကို နိုင်ငံတကာမိသားစုက ကြည့်မနေဖို့ တိုက်တွန်း သွားပါ့မယ်လို့ အင်တာဗျူးလုပ်ရင် ဖြေကြမယ် ထင်ပါရဲ့။ အချို့ကတော့ ကြွက်ကယ်ဆယ်ရေး ရန်ပုံငွေတွေ ဘာတွေများ ထူထောင်မယ်လား မသိ။

ဘိုးတော်တွေ ဗေဒင်ဆရာတွေကိုတော့ မမေးရဲဘူး ခင်ဗျ။ သူတို့ရဲ့ အတိတ်နိမိတ် ကောက်ယူပုံတွေကို ကိုကြီးပေါ် လုံးဝ နားမလည်လို့ပါ။ ဘိုးတော်နဲ့ ဗေဒင်ဆရာတွေ တော်ချက်က ဖြစ်ပြီးတာတွေ အကုန်မှန်ပြီး မဖြစ်သေးတာတွေ အကုန်မှားတာပါပဲ။ “ဒီမိုကရေစီရေးဆိုင်ရာ ဟောချက် အလွဲများ” ဆိုပြီး စာအုပ်ထုတ်ရင်တော့ တော်တော်ထူမယ့် သဘောရှိတယ်။ တမြန်နှစ်က ဒေါ်အောင်ဆန်းစုကြည် သီတင်းကျွတ်ရင် လွတ်ကိုလွတ်ရမယ်၊ မှားရင် အသေခံမယ်ဆိုပြီး “ပညာကျော်” ဆိုတဲ့ အမည်ဝှက်နဲ့ ခေတ်ပြိုင်မှာ ဟောတဲ့ ဗေဒင်ဆရာလည်း ဘယ်ဘုံဘယ်ဘ၀ ရောက်လေပြီ မသိ။ ကိုကြီးပေါ်ဖြင့် အမျှကလေးတောင် မဝေလိုက်ရပါဘူး။ ကျွတ်..ကျွတ်..။

ကိုကြီးပေါ် ထင်တာ ပြောရရင်တော့ ငတ်လို့ ပြေးတယ် ထင်တာပါပဲ။ ငတ်တယ်ဆိုတာက မူလနေရာမှာ စားစရာ ရှားလာလို့ရယ်၊ အခြားနေရာမှာ စားစရာ ပေါတာကြောင့်ရယ် နေရာသစ်ကို ရွှေ့တဲ့သဘောပေါ့။

ဝါးပွင့်ရင် ကြွက်အုပ်ကျတတ်တယ်လို့ ဆိုစမှတ် ရှိတယ်။ ၀ါးဆိုတာ ပွင့်ခဲတယ်။ ၀ါးပွင့်ကို ကြွက်က အလွန်ကြိုက်တယ်။ ဒါကြောင့် ၀ါပွင့်ရာကို ကြွက်တွေအုပ်လိုက် ရောက်လာ, ၀ါးပွင့် သာမက အခြား သီးနှံတွေကိုပါ စားသောက်ပစ်တော့ အဲဒီ အရပ်မှာ စားစရာ ရှားပါး ငတ်ပြတ် ဖြစ်ရတယ်လို့ မှတ်သားရပါတယ်။ မနှစ်ကတုန်းက ချင်းပြည်နယ်မှာ ၀ါးတွေပွင့် ကြွက်အုပ်တွေ ကျလို့ စိုက်ခင်းတွေ ပျက်စီးပြီး အစားအစာ ရှားပါးခဲ့တာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။

စာတွေပေတွေထဲမှာလည်း ကြွက်အုပ်တွေကျလို့ မြို့ရွာတွေ ပျက်စီးရတယ် ဆိုတာမျိုး ဖတ်မှတ်ရဖူးပါတယ်။ ဒီတော့ ကြွက်အုပ်ကျရင် သေချာတာက အဲသည် ကြွက်တွေက ငတ်နေတဲ့ ကောင်တွေ ဖြစ်မယ်။ တွေ့ကရာ အကုန်စားမယ်။ သူတို့နဲ့အတူ ရောဂါပိုးမွှားတွေ ပါလာမယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုဟာ အချိန်တိုအတွင်း ကမောက်ကမ ဖြစ်ပြီး ပျက်စီးမယ်။ ဒီလို ယူဆနိုင်မယ် ထင်ပါတယ်။

ဟိုးတချိန်တုန်းက အလယ်ရိုးမဆိုတာ ၀ါး အင်မတန်ပေါတဲ့ တောကြီးပေါ့။ ကြွက်တွေရဲ့ တာဝတိံသာလို့ ဆိုရမှာပေါ့။ ပျဉ်းမနား ကြွက်ကြော်ဆိုတာလည်း နာမည်ကြီးရဲ့။ ဒီ အလယ်ပိုင်းဒေသမှာ ပလိပ်ရောဂါ ဖြစ်လို့ သေကြေခဲ့ရတာတွေလည်း ရှိပ။ တခါတရံ ကြွက်အုပ်တွေ ကျတတ်တယ်ဆိုတာလည်း ကြားနာခဲ့ရဖူးပါတယ်။ ဒါကြောင့် ပျဉ်းမနား, ကြတ်ပြေး နဲ့ ကြွက်ဆိုတာ သိပ်တော့ ခွဲခြားထားလို့ မရကောင်းတဲ့ အရာပါ။

ခုတော့ ကြတ်ပြေးက “ကြွက်ပြေး” ဖြစ်သွားပါပြီ။ ဒီအရပ် ဒီဒေသမှာ ကြွက်တွေ မှီခိုနေထိုင်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ငတ်ပြီ။ အစာရှိရာ အခြားအရပ်ကို ပြောင်းကြပြီ။ ပြဿနာက ကြွက်တွေ စွန့်ခဲ့တဲ့ ဒေသ မဟုတ်ဘူး။ ကြွက်တွေ ရောက်လာမယ့် ဒေသ ဖြစ်ပါတယ်။ ဒါကိုတွေးပြီး ကြတ်ပြေးမင်းကြီးကတော့ ကြိတ်ပြုံးနေမယ် ထင်ပ။ သူပြုံးနေချိန်မှာ အနီးအနား ဒေသရပ်ရွာတွေကတော့ “သရောကြီးခိုင်း”ရင် ဘယ်လို ပြေးရမလဲလို့ ရင်တမမ နေရတော့မယ့် အဖြစ်ပါပဲ။


တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကြွက်ပြေးချိန်မှာ ဆင်ဖြူ ဆိုတာက ပေါ်လာသဗျ။ အင်တာနက်ကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်မင်းကြီးများဟာ ဆင်ဖြူ ဆိုတာကိုတော့ အင်မတန် မက်မောတယ် ခင်ဗျ။ ဆင်ဖြူ မရှိသေးတော့ လေယာဉ်ပျံ ပိစိကွေးကို ဆေးအဖြူသုတ်ပြီး “ဆင်ဖြူတော်” လို့ အမည်ပေး စီးသတဲ့။ ကိုကြီးပေါ် သိတာကတော့ ဆင်ဖြူတော် ဆိုတာ မြေဖြူပါပဲ။

ဆင်ဖြူဆိုတဲ့ အကြောင်းအရာက ရှေးဟောင်းစာပေတွေမှာ ပါခဲ့လေတော့ အာရှယဉ်ကျေးမှုမှာ အတော် စိမ့်ဝင်နေတဲ့ ကိစ္စပါ။ ဆင်ဟာ လူကို အကျိုးပြုတဲ့ တိရစ္ဆာန်ဆိုတာ မှန်ပါတယ်။ ရှေးက ခရီးသွားဖို့, ကုန်ဆွဲဖို့, စစ်တိုက်ဖို့ ကိစ္စတွေမှာ ဆင်, မြင်း, နွား, ကျွဲ ဆိုတာတွေဟာ မရှိ မဖြစ်ပေါ့။ ဆင်က အင်အား အကြီးဆုံး ဆိုတော့ ပိုအသုံးဝင်တာပေါ့။ ဆင်များများ ရှိလေ အင်အား ပိုရှိလေပေါ့။ ဒီတော့ ဆင်မွေးမြူရေးဟာ အရေးကြီးလာတယ်။ ဆင်ဟာ တိုင်းပြည်ရဲ့ အင်အားတရပ် ဖြစ်လာတာကြောင့် ရှင်ဘုရင်ရဲ့ ရတနာစာရင်းမှာ ဆင်ကို ထည့်သွင်း ထားရတာ ဖြစ်ပါတယ်။

သာမန်အားဖြင့် ဆင်ဟာ မည်းပေမယ့် မျိုးဗီဇ ဖောက်ပြန်ပြောင်းလဲမှုကြောင့် တချို့ဆင်ဟာ အရေပြားအရောင် ဖြူနေတတ်ပါသတဲ့။ အခြားသတ္တ၀ါတွေမှာလည်း ဒီသဘောအတိုင်း ရှိပါသတဲ့။ ရှေးကတော့ တွေ့ရခဲတဲ့ ဆင်ဖြူဆိုတာ ထူးခြားတယ်လို့ ထင်ခဲ့ကြတာပေါ့။ လူတွေဟာ ရှားပါးတာကို တန်ဖိုးထားတတ်ကြတယ် မဟုတ်လား။ ဒီတော့ ရှားပါးတဲ့ ဆင်ဖြူကိုလည်း နှစ်သက်မြတ်နိုးစရာ တခုလို သဘောထားခဲ့ကြတာပါပဲ။ ပတ္တမြား နီလာ စတဲ့ ကျောက်မျက်ရတနာတွေ လိုပဲ ဆင်ကိုလည်း သက်ရှိရတနာ တခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ အိမ်မွေးတိရစ္ဆာန် အကြီးစား ဆိုပါတော့။

ဒီမှာတင် ဆင်ဖြူကို ဋီကာချဲ့ပြီး ထမင်းအိုးချဲ့တဲ့ လူတွေ ပေါ်လာတော့တာပါပဲ။ ဆင် ဘာကြောင့် ဖြူတယ် ဆိုတာ သိပေမယ့် ကိုယ့်ရဲ့ ထမင်းအိုး ပျက်မသွားအောင် ဟိတ်လုံးမြှောက်လုံးတွေနဲ့ တန်ဆာဆင်ခဲ့ကြတာပါပဲ။ “ဆင်ဖြူတော်မှီပြီး ကြံစုတ်” ဆိုတဲ့ စကား အရှိသား မဟုတ်လား။ ဆင်ဖြူထိန်းတဲ့ လူတွေက ရှင်ဘုရင်ကို ဆင်ဖြူပြပြီး ဗုံမြောက်ပေးကြတော့ ရှင်ဘုရင်တွေလည်း ဆင်ဖြူရှင် ဆိုရင် ဂုဏ်ရှိတယ်လို့ ထင်လာကြတော့တာပါပဲ။ အခြား ဘုရင်တွေတော့ ဘယ်လို ရှိတယ် မသိပေမယ့် ဗမာရှင်ဘုရင်တွေကတော့ ဆင်ဖြူ အတော် ရူးကြပါတယ်။ ဆင်ဖြူမ အသေကောင်ကို ၀ါးနဲ့ထောက် အဲဒီပေါ် တက်စီးပြီး ဆင်ဖြူရှင် အမည်ခံတဲ့ ပင်းယခေတ်က “တစီးရှင် သီဟသူ” ဆိုတာ ရှိခဲ့လေသပ။ ဆင်ဖြူ တကောင်မှ မရှိလည်းဘဲ စာရေးတော့ “ဆင်ဖြူများရှင် ဆဒ္ဒန်ဆင်မင်းသခင်” လို့ ရေးခဲ့ကြတာပါပဲ။

ဆင်အုပ်ထဲမှာ ဆင်ဖြူပါရင် အဲဒီ အဖြူကောင်ကို ကျန်တဲ့ အမည်းတွေက ၀ိုင်းဝန်း စောင့်ရှောက်ကြပါတယ်။ ဒါကို ဆင်ဋီကာချဲ့သူတွေက ဆင်မည်းထက် ဆင်ဖြူက သာလွန်တယ်လို့ ဆိုပဲ။ တကယ်က ဗီဇဖောက်ပြန်မှုအရ ဆင်ဖြူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းပါတယ်။ ဆင်တွေဟာ သူတို့အချင်းချင်း အားနည်းသူကို စောင့်ရှောက်တတ်တဲ့ သဘာဝ ရှိသူတွေပါ။ အမျိုးသမီးများနဲ့ ကလေးများကို ဦးစားပေးပါ ဆိုတာ လူထက် ဆင်က စောပါတယ်။ သူတို့သဘာဝအရ အားနည်းတဲ့ ဆင်ဖြူကို ကျန် ဆင်မည်းတွေက စောင့်ရှောက်ပေး တာပါ။ ဆင်ဖြူဟာ ဆင်မည်းထက် အသက် တိုလေ့ရှိပါတယ်။

ဆင်ဖြူကို လူကမွေးတော့လည်း အလုပ်မခိုင်းဘဲ တယုတယ ထားပါတယ်။ အမှန်က ဆင်ဖြူဆိုတာ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေက ဟန်သာရှိပြီး လက်တွေ့ အလုပ်မဖြစ်တဲ့လူကို white elephant လို့ တင်စားသုံးနှုန်းခဲ့ကြတာပါ။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ဆင်ဖြူဆိုတာ “အလကားကောင်” ဖြစ်နေပေမယ့် အရှေ့တိုင်း ယဉ်ကျေးမှုမှာတော့ ဆင်ဖြူဆိုတာ “အာဏာဝိသေသ” ဖြစ်နေရတာကိုက လောကရဲ့ သရော်ချက် တခုပါပဲ။

သုံးစားလို့မရတဲ့ ဆင်ဖြူကို ရေချိုးပေးတဲ့ ဗိုလ်ခင်ညွန့်တယောက် ဘုန်းတန်းခိုး တက်ဖို့ နေနေသာသာ ရာထူးပြုတ်ပြီး မြောင်းထဲရောက်သွားတာမှ မကြာသေးဘူး၊ ဗိုလ်သန်းရွှေက ဆင်ဖြူ ရောဂါထပြီး ရခိုင်မှာ ဆင်ဖမ်းပါသတဲ့။ အခု ခြောက်လ တနှစ် ကြာတော့ တွေ့ပါပြီ။ အသက် ၃၈ နှစ်လောက် ရှိတဲ့ ဆင်မတဲ့။ ဓာတ်ပုံထဲ မြင်ရတာတော့ ဦးခေါင်းရိုး ငေါင်းစင်းစင်းနဲ့။ ဆင်အုပ်ကလည်း လေးငါးကောင်ပဲ ရှိတယ် ဆိုတော့ ဆင်တွေလည်း အငတ်ဘေးကို အတော်ခံစားနေရပုံ ရပါတယ်။

ရွှေပြည်တော်မှာ လူတွေက သဘာဝ ရာသီဥတုကို ဒုံရင်းအတိုင်း ရင်ဆိုင် နေထိုင်ကြရချိန်မှာ ကြွက်တွေ ဆင်တွေကတော့ သူတို့ သဘာဝ နေထိုင်မှုကို စွန့်ပြီး မြို့ရွာတွေထဲ နန်းတော်ထဲ ၀င်လာနေကြလေရဲ့။

ကိုကြီးပေါ်ကတော့ ဒီအဖြစ်သနစ်တွေကို ကြည့်ပြီး အမှားတွေ ပွားနေမိရဲ့။

ရွှေပြည်တော်မှာ ဗိုလ်ချုပ်မင်းကြီးက “ရေမြေအလုံးကို အစိုးရတော်မူသော” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင် မြေတွင်း လှိုဏ်ခေါင်းတွေ နက်နက် တူးနေတာ အံ့မခန်းဆိုရဲ့။ ရလဒ်ကတော့ မြေတွင်းက ကြွက်တွေခမျာ နေစရာ မရှိ စားစရာ မရှိတော့လို့ ထွက်ပြေးနေရလေရဲ့။ အဲဒီ လှိုဏ်ခေါင်းတွေထဲမှာ လျှို့ဝှက် ထုတ်လုပ်နေတဲ့ ညူကလီးယား ဆိုတာကြီးက ဗုံးဖြစ်ဖို့ နေနေသာသာ လောက်စာလုံးတောင် မဖြစ်သေးဘူးလို့ ပညာသည်တွေက ပြောလိုက်တော့ ဗိုလ်ချုပ်မင်းကြီးခမျာ ရင်ကွဲပက်လက် ဖြစ်ရပြန်ရဲ့။ သြော်.. “ဆင်ဖြူတော်မှီပြီး ကြံစုပ်” ဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်မင်းကြီးရဲ့ ညူကလီးယားဆိုတာ “ဆင်ခေါင်း ခွေးချီ” ကြီးပါလား ဟရို့။


အခုချိန်မှာ အဖြစ်သင့်ဆုံးကတော့ မြေတွင်းအောင်းနေတဲ့ ဗိုလ်ချုပ်မင်းကြီးဟာ “ဆင်ဖြူရှင်” ဘွဲ့ကို အမြန်ဆုံး ခံလိုက်ဖို့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဆင်ဖြူဆိုတာ ဟန်သာရှိပြီး အဆန်မရှိတဲ့ အလကားကောင် မဟုတ်လား။ နအဖရဲ့ လုပ်ရပ် အရည်အချင်း အားလုံးကို ခြုံငုံနိုင်တဲ့ သင်္ကေတ ဖြစ်သွားတာပေါ့။

ဒါမှမဟုတ် သွားလေသူ ဗိုလ်ခင်ညွန့်ကို နမူနာယူ ပြောရရင် ဆင်ရေချိုးတဲ့လူ မြန်မြန် ဂျောင်းရလေသတဲ့။

ကိုကြီးပေါ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.