Friday, July 9, 2010

0 ဗုဒ္ဓရဲ့ သားတော် သမီးတော်တို့အတွက် ပေးဆပ်မှု


လူမှုရေးဟု ဆိုရာတွင် အလွန်ကျယ်ပြန့် နက်နဲလှပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) သည် ပြည်သူလူထုအတွက် နာရေးကုသိုလ် ယူမှုတင် မကဘဲ ပြည်သူလူထု တွေ့ကြုံခံစား နေရသော ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် ခံစားရမှု၊ မျိုးဆက်သစ် ကလေးငယ်တို့၏ ယဉ်ကျေးလိမ္မာ မှုရှိရေးတို့အပြင် နာရေးကိစ္စ အ၀၀ကို ပေးဆပ်နေရသော လူမှုရေးအသင်းကြီး ဖြစ်လာသည်။ လမ်းခင်း၊ ရေတွင်းရေကန် တည်ဆောက်ပေးမှုတို့ကို လူမှုရေးလုပ်ဆောင်သည်ဟု မဆိုနိုင်တော့ချေ။

ပြည်သူလူထု၏ ဘ၀ရပ်တည်ဖို့အတွက် အစစ အဆင်ပြေ၍ လူ့အခွင့်အရေး ပြည့်ဝစေမှသာ ငြိမ်းချမ်းမှု ပန်းတိုင်ကို ရရှိစေမည်ဖြစ်သည်။ မိမိတို့၏ ဘာသာအယူအဆအရ … မည်သည့် ဘာသာတရားပင်မဆို ငြိမ်းချမ်းမှုကို ဦးတည်ဆဲဖြစ်သည်။

ငြိမ်းချမ်းမှုရရှိရန် ဗုဒ္ဓ၏ သားတော် (သံဃာတော်များ)၊ ဗုဒ္ဓ၏ သမီးတော် (သီလရှင်များ) မှလည်း အဓိက တာဝန်ထမ်းဆောင်နေရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားမိန့်မှာ ခဲ့မှုများကို လက်ဆင့်ကမ်း၍ ရာစုနှစ်များစွာ ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့ကို မေတ္တာစေတနာ ထားရှိကာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုရန်၊ သီလလုံခြုံစေရန် စသည့် စစ်မှန်သော အယူဝါဒ ရေးရာတို့ကို လူသားတို့ထံသို့ လက်ဆင့်ကမ်း၍ ပြန့်ပွားကျင့်သုံး လက်ခံနိုင်ရန် သာဓကများစွာနှင့် ဟောကြားပေးနေကြသော ကျေးဇူးရှင် ဗုဒ္ဓ၏ သားတော် သမီးတော်တို့၏ ကျန်းမာရေးကိုလည်း အထူးဂရုပြု ပေးရမည် ဖြစ်သည်။ ထေရ်ကြီး ၀ါကြီး သိက္ခာတော်ကြီးမား၍ သီလတော်တို့နှင့် ပြည့်စုံ တော်မူသော ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်ကြီးများကို လက်လွတ် အဆုံးရှုံး မခံနိုင်။ ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဗုဒ္ဓ၏ သားတော် သမီးတော်တို့အတွက် ကျန်ရစ်သူ တပည့် ဒါယကာ ဒါယကာမ ပြည်သူအပေါင်းတို့က အပူဇော်ခံ ထားလိုပါက ရွှေစတီးဖြင့် ပြုလုပ်ထားသော ကရ၀ိတ်ဖော်တော်ဖြင့် အပူဇော်ခံ ထားရှိပေးခြင်း၊ ရွှေရောင် လင်ကွန်း နိဗ္ဗာန်ယာဉ်ကြီးဖြင့် သယ်ဆောင် ပင့်ဆောင်ပေးခြင်း၊ အန္တိမဈာပန အခမ်းအနား မီးသင်္ဂြိုလ်ပေးခြင်း၊ အရိုး ပြာ ရေမျှော ပေးခြင်း၊ အရိုးအိုး ကောက်ပေးခြင်း စသည့် ပေးဆပ် ထမ်းဆောင် ကုသိုလ်ယူမှုများ ရှိသော်ငြားလည်း … မပျံလွန်သင့်ဘဲ ပျံလွန်တော်မူသွားခြင်း၊ ဆေးဝါး မကုသလိုက်ရဘဲနှင့် ပျံလွန်တော်မူသွားခြင်း စသည်တို့ မဖြစ်သင့်ပေ။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနှင့် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေး အခမဲ့ ကူညီပံ့ပိုးမှု၊ ဖေးမမှုတို့ကို လုပ်ဆောင်ပေးရာတွင် သံဃာတော်များ၊ သီလရှင်များကို အထူး ဦးထိပ်ထားသည့် အနေနှင့် ဆေးဝါးကုသရာတွင် တိုကင်ယူဆောင်ရန် မလိုဘဲ ဆရာဝန်ကြီးများနှင့် တိုက်ရိုက်တွေ့ဆုံ အခမဲ့ ကုသပေးလျှက်ရှိပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ် လူပုဂ္ဂိုလ် တို့တင်မကဘဲ ဗုဒ္ဓ၏ သားတော် သမီးတော်တို့အတွက်၊ သာသနာ ၀န်ထမ်းပုဂ္ဂိုလ်များအတွက် သာသနာ့ ၀န်ဆောင်မှု၊ သာသနာကို ထမ်းဆောင်မှု၊ သာသနာအတွက် ပေးဆပ်မှု၊ သာသနာပြု လုပ်ငန်းအဖြစ်နှင့်ပါ နွေးထွေးစွာ ပေးဆပ်လျှက် ရှိနေတော့သည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.