Saturday, July 10, 2010

0 ပြင်းထန်စွာနှိပ်စက်ခံရသည့် အယ်ဒီတာက သက်ဆိုင်ရာတိုင်ကြား

(RFA)
အကျဉ်းကျခံနေရတဲ့ မဂ္ဂဇင်း အယ်ဒီတာဟောင်းတဦး၊ စစ်ကြောရေးမှာ အနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားပေမဲ့ ဘာထူးခြားမှုမှ မရှိတာကြောင့် ထပ်ပြီးတိုင်ဖို့ အမှုသည်က ညွှန်ကြားတယ်လို့ တရားခံရဲ့ ရှေ့နေကပြောပါတယ်။

ဂန္ဓာရဝတီ သတင်းဂျာနယ် အယ်ဒီတာဟောင်း ဦးညီညီထွန်းကို ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလက ရန်ကုန်တိုင်း ပြည်သူရဲ၊ ထောက်လှမ်းရေးနဲ့ နိုင်ငံရေးဌာနစိတ်က ဖောက်ခွဲရေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားစဉ် ၆ ရက်အတွင်း နှိပ်စက် စစ်ဆေးမှုတွေ လုပ်ခဲ့တာကြောင့် ဦးညီညီထွန်းက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တာပါ။ ဦးညီညီထွန်းရဲ့ ရှေ့နေ ဦးကျော်ဟိုးက ခုလိုပြောပြပါတယ်။


ရန်ကုန်မြို့အနီးရှိနံမည်ဆိုးဖြင့်ကမ္ဘာကျော်သောာ အင်းစိန်ထောင်

'ကျောက်ခဲတွေပေါ်မှာ ဒူးထောက်ခိုင်းတာတို့ ဘာတို့ပေါ့။ နည်းပေါင်းစုံနဲ့ နှိပ်စက်တယ်၊ နောက်ဆုံး ဘယ်လောက်ထိ လုပ်လဲဆိုတော့တဲ့၊ သူ့ကို စအိုထဲကို ရဲနံပါတ်တုတ်နဲ့ ထိုးသွင်းတဲ့အထိ လုပ်တယ်ပေါ့။ အဲဒါကို သူ့ညီမက ပြီးခဲ့တဲ့ တလကျော်လောက်က တိုင်လိုက်တယ်။ တိုင်လိုက်တာကို ခုထက်ထိတော့ ပြန်ပြီးတော့ ဘာမှ အကြောင်းမထူးတော့၊ ထပ်ပြီးတော့ စာတင်ခိုင်းတယ်လေ။'

ရန်ကုန်တိုင်းရဲက ၆ ရက် ထိန်းသိမ်းထားပြီး အောင်သပြေရှိ အထူးရဲတပ်ဖွဲ့ကို လွှဲပြောင်းစဉ် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိတာကြောင့် အထူးရဲတပ်ဖွဲ့က ဆေးကုသပေးပြီး ဒဏ်ရာတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

'အက်စ်ဘီကို လွှဲတဲ့အခါကျတော့ အောင်သပြေ အက်စ်ဘီက အရာရှိတွေက သူ့ဒဏ်ရာဒဏ်ချက်တွေကို ဓာတ်ပုံရိုက်တယ်ပေါ့လေ။ ဓာတ်ပုံရိုက်တယ်၊ မှတ်တမ်းတင်တယ်၊ နောက် ဆရာဝန်ခေါ်ပြီးတော့ စစ်တယ်၊ ပြီးတော့ ဆေးတွေဘာတွေ ကုပေးတယ်ပေါ့။ အဲဒီ မှတ်တမ်းမှတ်ရာတွေလည်း အကုန်ရှိတယ်။ အဲဒါကိုလည်းပဲ အက်စ်ဘီ ရဲအရာရှိက သက်သေ ပါတာကိုး အမှုမှာ။ အဲဒီ ရဲတယောက်က အဲဒါနဲ့ ပတ်သက်လို့ သူတို့ဆီမှာ တရားဝင် မှတ်တမ်းမှတ်ရာ အကုန်ရှိပါတယ်တဲ့။ အဲဒီတော့ ရုံးရှေ့မှာ ထွက်ထားတာလည်း ရှိတယ်လေ။'

ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတာ ထူးခြားမှု မရှိတာကြောင့် မနေ့က ထပ်ပြီးတိုင်ကြားဖို့ ဦးညီညီထွန်းက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဦးညီညီထွန်းကို မနှစ်က အောက်တိုဘာလ ၁၄ရက်နေ့က ဟပ်ကြီးရေကာတာ ဗုံးခွဲရန်ကြံစည်မှု၊ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ အီလက်ထရောနစ် အက်ဥပဒေအပြင်၊ လဝက ပုဒ်မ ၁၃-၁ စတဲ့ အမှုပေါင်း လေးမှုနဲ့ ဆိပ်ကမ်းမြို့နယ် တရားသူကြီးထိုင်တဲ့ အင်စိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.