Tuesday, July 6, 2010

0 ငါ့ကောင်တွေရဲ့ နိုင်ငံရေးရေချိန်

ပြည်တွေတွေရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်ပေးရမယ်၊ ပြည်သူတွေနိုင်ငံရေးရေချိန်မြင့်မှတိုင်းပြည်ရေချိန်မြင့်မယ် ဆိုသည့် စီညံစီညံလေသံတချို့ ကြားကြားနေရပါသည်။

နိုင်ငံရေးရှေ့ ဆောင်များအပါအ၀င် ဂုရုကြီးတချို့ ၏ မန်းမှုတ်သံတွေကို ကြားရဖန်များလာသော ပြည်သူတို့ စိတ်ဆင်းရဲကြီးစွာဖြစ်ကြရသည်။ ခွက်ခွက်လှန်အောင် ရယ်မောဟားတိုက်ကြသည်။ ရင်းနှီးလှသော မိတ်ဆွေတစ်ဦးကိုယ်တိုင် သံယောင်လိုက်ပြီး ငါတို့ ပြည်သူတွေ နိုင်ငံရေးရေချိန် သိပ်နိမ့်တယ် ဟု ယိုးစွပ်ပြန်သည်။

သူတို့ ပြောသော ပြည်သူတွေဆိုတာ ဘယ်သူတွေပါလဲ။ဆိုက်ကားဆရာများ၊ ဘတ်စ်ကားယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းများ၊ ကွမ်းယာယာသူများ၊ ပလက်ဖောင်းပေါ် ဈေးရောင်းသူများ စသည်တို့ ကို ဆိုလိုချင်သည်လား.. ဒါမှမဟုတ် ဟစ်ဟော့ဂီတ တိမ်းမူးလူငယ်များ၊ နားဖောက်နားကပ်ပန် ဆံပင်ဆေးဆိုးလူငယ်များ၊ ဘောင်းဘီပွပွအကျီ င်္ချောင်ချောင် ရက်ပါလူငယ်များ စသည်တို့ ကို ဆိုလိုချင်တာလား။

ဒါမှမဟုတ် ပညာရည်ဆိုးရွားနိမ့်ပါးပြီး ကိုယ်ကာယအရင်းပြုလို့  နေ့ စဉ်ဘ၀အတွက်ရုန်းကန်နေရသော နင်းပြားဆင်းရဲသားများကို ဆိုလိုချင်တာလား။လက်ပေါ်နဖူးတင် စဉ်းစားကြစေချင်ပါသည်။ မြန်မာ့ဒီမိုကရေစီရေးနည်းပြဆိုသူများ ဦးနှောက် ပွက်ကြစေချင်သည်။

နှစ် ၂၀ ကျော်ကြာခဲ့ပြီဖြစ်သော ၈၈ လူထုဒီမိုကရေစီအုံကြွမှုကြီးကို ကျွန်တော်ကျွန်မတို့ လုံးဝမသိပါ၊ မသိသဖြင့် ဘယ်လိုမှမခံစားရပါ ဟု ယနေ့ ဆယ်ကျော်သက်လူငယ်လူရွယ်များ ပြောလာလျှင် ပြသ၁နာမရှိပါ။ အမှန်တရားသာ ဖြစ်သဖြင့် လက်ခံပေးရန်အသင့်ရှိပါ၏။

သို့ သော် မဝေးလှသေးသော ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကြီးကို ထိုဆယ်ကျော်သက်လေးများ ကောင်းကောင်းသိပါသည်။ ထို လုံငယ်လုံမငယ်လေးများကိုယ်တိုင် ရှေ့ တန်းတစ်နေရာမှ ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ရွှေဝါရောင်အရေးသည် နှစ်ဆယ်တန်းအရွယ်ခေတ်လူငယ်များ၏ သူတို့ တိုးမိတိုက်မိသော နိုင်ငံရေးဖြစ်သည်။ သူတို့ ရင်ဘတ်နှင့်ရင်းပြီး ခံစားရသောနိုင်ငံရေးဖြစ်သည်။ မှတ်ဥာဏ်ထဲစွဲသွားသော သူတို့ နိုင်ငံရေးဘ၀ဖြစ်သည်။

ထိုမျှနှင့်ပင် လုံလောက်ပါသည်။ အေးဆေးပါသည်။

တီရှပ်စွပ်၊ ဂျင်းရှည်ထိုး၊ စကဒ်တိုတိုစည်း၊ ကွာတားဘောင်းဘီဝတ် လုံငယ်လုံမငယ်များနှင့်အတူ နင်းပြားဆင်းရဲသားများ၊ လမ်းဘေးဈေးသည်လက်လုပ်လက်စား အခြေခံလူတန်းစားများ လက်ချင်းချိတ်ဆက်ပြီး သံဃာတော်များကို ၀ိုင်းရံပံ့ပိုးပေးခဲ့သည့် ကြက်သီးတဖြန်းဖြန်းထလောက်ဖွယ် မြင်ကွင်းများကို ငါတို့ နှင့်မဆိုင်ဟု လက်လွှတ်စပယ်ပြောလို့ မရပါ။

သူတို့ သေပြေးရှင်ပြေး ပြေးခဲ့ရသည်။ တချို့ နယ်စပ်များသို့ ရောက်သွားသည်။ တချို့ ထောင်ထဲရောက်သွားသည်။
နိုင်ငံရေးရေချိန် နိမ့်ပါသေးသည်ဟု ထိုမော်ဒန်လူငယ်များနှင့် အခြေခံလူတန်းစားများကိုနှိမ့်ချအပြစ်ပြောလိုသော နိုင်ငံရေးသမားတော်ဆိုသူများရှိလာခဲ့လျှင် ဆရာသမားများ ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းပေးရုံမှတပါး အခြားမရှိတော့ပါ။

ခေတ်လူငယ်တွေ နိုင်ငံရေးကို ကြောက်နေတယ်၊ နိုင်ငံရေးက ထွက်ပြေးကြတယ် ဟုယနေ့ ရွေးကောက်ပွဲနိုင်ငံရေးသမားများနှင့် ရွေးကောက်ပွဲအလိုတော်ရိများ၏ ခေတ်လူငယ်တို့ အပေါ် အောက်တန်းကျသိမ်ဖျင်းသော ပုတ်ခတ်မှုများကို လုံးဝဆန့် ကျင်ရပါမည်။ ဗြောင်လိမ်ဗြောင်စားစွပ်စွဲချက်များဖြစ်သည်။

သူတို့၏ မကြောက်စိတ်နှင့်စွန့်လွှတ်စိတ်ထားများကို ၂၀၀၇ ဖြစ်ရပ်များက ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြသွားခဲ့ပြီဖြစ်သည်။ တခြားတပါးတိုင်းပြည်များနှင့် အာဏာပိုင်တို့ ၏အကျဉ်းထောင်ထဲ အဖေကွဲအမေကွဲ၊ သားကွဲသမီးကွဲ၊ မိသားစုများနှင့်ကွဲကွာလျက် သူတို့ ၏စံ ကို သူတို့ ပြသခဲ့ကြပြီးဖြစ်သည်။ မှတ်ကျောက်တင်ခဲ့ပြီးဖြစ်သည်။

သူတို့ သည်သူကောင်းပြုမှု၊ ချီးမြှောက်မှု တို့ အတွက် စိတ်ဝင်တစားမရှိကြပါ။ သူရဲကောင်းများဟု မခေါ်လိုပါကလည်း တစုံတရာရှော့ခ်မရှိပါ။ သူတို့ သည် စေတနာဖြူစင်စွာဖြင့်ခေတ်တာဝန်ကို ထမ်းရွက်နိုင်သလောက် သယ်ပိုးထမ်းရွက်သွားကြသော ဒီမိုကရေစီဘက်တော်သားများသာဖြစ်ပါသည်။ ခေတ်အဆက်ဆက်ရှိခဲ့ကြပါသည်။

အမြဲတမ်းအမှတ်တရနှင့် အမြဲတမ်းသတိရဖွယ်ကောင်းလွန်းလှသည်။

ပြည်သူလူထုသည်သူတို့ အရသာမတွေ့ သောနိုင်ငံရေး၊ သူတို့ အာရုံမရသောနိုင်ငံရေး၊သူတို့ ဖီလင်မလာသော နိုင်ငံရေးအလုပ်များအတွက် အချိန်ကုန်လေကုန်မခံနိုင်ပါ။ သုံးလတန်သည်၊ ခြောက်လတန်သည် လုံ့ လမစိုက်ထုတ်နိုင်ပါ။ ခေတ်စကားနှင့်ပြောရလျှင် ပျင်းစရာသိပ်ကောင်းပါသည်။

ဘယ်သင်းက နိုင်ငံရေးအတု၊ ဘယ်သင်းက နိုင်ငံရေးအစစ်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။ စိစိညက်ညက်အမှုန့် ဖြစ်လောက်အောင်ကို သူတို့ သိပါသည်။

မည်သည့်အရာကိုမျှ လှုံ့ ဆော်စရာမလိုအပ်သလို ရပ်တန့် ခိုင်းဖို့ လည်းမဖြစ်နိုင်ပါ။

သမိုင်းဘီးကို ပြည်သူလူထု လှိမ့်ပါလိမ့်မည်။

ပေးပို့သူ. ... aungmyinttun

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.