Friday, July 9, 2010

0 “မဲသွားမပေးရေးလှုံ့ဆော်တာထက် ရွေးကောက်ပွဲကိုပျက်အောင်ကိုဖျက်ရမှာပါ”

၂၀၁၀ ရဲ့နှစ်ဝက်ကျော်လာပြီ ၊ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်မဲ့ရက် တရားဝင်(တိတိကျကျ) မကြေငြာသေး ၊ အတိုက်အခံအင်အားစု (ပြည်တွင်းပြည်ပ) အားလုံးကလဲ စစ်အစိုးရကို ထိထိ ရောက်ရောက်တိုက်ပွဲဝင်ဘို့ထက် ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုတာလောက်ပဲ ပြောနေရုံသာ။

အချိန်က ကုန်မြန်လှပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ကာလတောင် တဖြည်းဖြည်းနဲ့ ၂၂ နှစ်ရှိခဲ့ပါပြီ ၊ ဒီလိုပဲ လျော့တိ လျော့ရဲတောင်းဆိုနေရုံ ၊ ကြေငြာချက်ထုတ်ရုံ ၊ မီဒီယာပေါ်ကနေလှုံ့စော်နေရုံ ၊ နိုင်ငံတကာအကူအညီအားကိုးမျှော်လင့်နေရုံမျှနှင့်တော့ ၂၀၁၀ ကာလသည်ပင် လျှင် စစ်အုပ်စုစိတ်ကြိုက် ချယ်လှယ်သွားတဲ့အခြေအနေနဲ့ပဲ ပြီးဆုံးသွားတော့မှာပါ ။

NLD အပါအ၀င် အတိုက်အခံတွေရဲ့နိုင်ငံရေးရည်မှန်းချက်က ၂၀၁၀ရွေးကောက်ပွဲကို အသိအမှတ်မပြုရေး ၊ လူထု မဲရုံမဲသွားမပေးရေးဆိုတာလောက်မှာ ရပ်နေ တာတွေ့ရပါတယ် ၊ တကယ်တမ်းလုပ်ကြရမှာက ရွေးကောက်ပွဲကိုပျက်အောင်ကိုဖျက်ရေးပါ ။ ပြည်သူတွေ မဲရုံ မဲသွားမပေးကြပါနဲ့ဆိုတာက ပြည်သူတွေ ရင်ဆိုင်နေရတဲ့လက်တွေ့ဘ၀နဲ့ ကင်းကွာနေပါတယ်၊ တိုက်ပွဲမှမရှိရင်တော့ ပြည်သူတွေက လတ်တလောဘေးကင်းဘို့အဓိကဆိုပြီး မဲရုံသွားမဲပေး ကြမှာပါပဲ ၊ ၂၀၀၈ VOTE NO မှာကြုံခဲ့ကြပြီးပါပြီ ၊ စစ်အုပ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံပွဲဆိုတာကို ချည်ပြီးတုပ်ပြီးအပိုင်လုပ်ခဲ့သလို ပြည်သူတွေ အားမတန်မာန်လျှော့ နေခဲ့ကြရတာ အားလုံးက ပြန်သတိရဘို့ ၊ ဆန်းစစ်နေဘို့လိုပါတယ် ။

ခုလဲစစ်အုပ်စုက ဘက်စုံအပိုင်ပြင်ပြီးမှ ရွေးကောက်ပွဲလို့ သူတို့တပ်ထားတဲ့ခေါင်းစဉ်ကိုပြပြီး ဦးတပ်ခေါ်လို့သာအရပ်သားဖြစ်ရတဲ့စစ်ဗိုလ်ချုပ်တွေနဲ့ ကြံ့ဖွတ် အစိုးရဖြစ်ရေးလုပ်မှာပါ ။ ဖဲသုံးချပ်ကစားသလို သူတို့ပဲဒိုင် သူတို့ပဲထိုးသား ၊ ကြားက၀င်ကစားတဲ့သူအရှုံးနည်းနဲ့ ပြင်ထားတာမှာ တနေရာလေးများ ရမလားလို့ ပွဲလန့်တုန်းဖျာခင်းချင်တဲ့ ရွေးကောက်ပွဲဝင်ပါမယ်ဆိုတဲ့ပါတီိတွေ ခုတောင် ပွဲမစသေးဘူး,အရှုံးနဲ့တွေ့နေရပြီဖြစ်ပါတယ် ၊ ဒီတော့ ရွေးကောက်ပွဲဆိုတာသာ ကျင်းပဖြစ်ခဲ့ရင် ဘယ်သူမဲလာပေးပေး,မပေးပေး ကြံ့ဖွတ်အနိုင်ရကြောင်းကြေငြာမှာပဲဖြစ်တာကြောင့် မဲရုံမဲသွားပေးရေးမပေးရေးနည်းထက် ရွေးကောက်ပွဲ မလုပ်ဖြစ်ရေး (ပျက်ရေး) နည်းတွေကိုပဲ စဉ်းစားကြရမှာပါ ။၂၀၀၈ တုန်းကထဲက ဆန္ဒခံယူပွဲဆိုတာကို ကန့်ကွက်မဲပေးရေးဆိုတာထက် အသိမှတ်မပြုတိုက်ဖျက် ရေးဆိုတာ ကြိုးစားသင့်ခဲ့တာပါ ။သေချာပြန်စဉ်းစားကြည့်ရင် စစ်အုပ်စုလုပ်ချင်တာလုပ်ပြီးမှ နောက်ကလိုက်ကန့်ကွက်သလိုဖြစ်ခဲ့တာကြောင့်အရှုံးနဲ့ရင်ဆိုင်ရတာများနေတာပါ ၊ ဒီရွေးကောက်ပွဲ ကို ပျက်အောင်မဖျက်နိုင်ရင် ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေး ၊ ကြံ့ဖွတ်အစိုးရတိုက်ဖျက်ရေး စတဲ့ခေါင်းစဉ်တွေနဲ့ နောက်ထပ်တိုက်ပွဲတွေ နှစ်ချီကြာအောင် တိုက်ကြရတော့မှာဖြစ်ပြီး ပြည်သူတွေလဲဆင်းရဲတွင်းနွံထဲက တက်တော့မှာကိုမဟုတ်ပါဘူး ။



ပြည်သူတရပ်လုံးနဲ့အတိုက်အခံအားလုံးမှာတာဝန်ရှိသလို လတ်တလောအားဖြင့် NLD မှာ အဓိကတာဝန်ရှိတယ်လို့ထင်ပါတယ် ၊ NLD ဟာ ၁၉၉၀ ရွေးကောက် ပွဲမှာ ပြည်သူတွေဆန္ဒပြုထားတဲ့ပါတီဖြစ်သလို အတိုက်အခံတွေရဲ့တပ်ဦးပါတီလဲဖြစ်ပါတယ် ၊ စစ်အုပ်စုလုပ်မဲ့ ခုရွေးကောက်ပွဲရဲ့အဓိကရည်ရွယ်ချက်က ၁၉၉၀ရွေးကောက်ပွဲကို အဆုံးသတ်ပြည်ဖုံးကားချလိုက်ရေးဖြစ်ပါတယ် ၊ ဒါကြောင့် ၁၉၉၀ရွေးကောက်ပွဲကိုကာကွယ်ရေးအတွက်ပဲဖြစ်ဖြစ် ၊ လူထု ဦးဆောင်ပါတီ ဖြစ်နေတာကြောင့်ပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲဆိုတာကို ပျက် အောင်ဖျက်ဘို့ NLD က ပိုပြီိး တာဝန်ရှိနေတာဖြစ်ပါတယ် ။

အတိုက်အခံတွေရဲ့တပ်ဦးနဲ့ လူထုဦးစီးဦးဆောင်ဖြစ်တဲ့ NLDပါတီက “ ၁၉၉၀ ရွေးကောက်ပွဲကို ကိုယ့်ဘာသာကျောခိုင်းတော့မှာလား” နိုင်ငံရေး ရေစီး ကြောင်းမှာ မျှောလိုက်နေမှာလား ၊ မျောပါနေတာလား ၊ ပြတ်ပြတ်သားသားမေးကြရပါတော့မယ် ၊ NLD လျှောက်နေတဲ့လမ်းကြောင်းက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုတားဆီးနိုင်ဘို့မပြောနဲ့ ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ်ကိုင်မယ်ဆိုတာကိုတောင် စစ်အုပ်စုက သင်္ကြန်အမြှောက်စကားလုံးအဖြစ်သာ သဘော ထားတော့တဲ့ အခြေအနေမျိုးဖြစ်စေနေပြီဖြစ်ပါတယ် ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ၊ ၁၉၉၀ရွေးကောက်ပွဲရဲ့ ကိုယ်စားပြုအစိုးရ အဖွဲ့တရပ်ပေါ်ထွန်းရေးလုပ်ရမဲ့အစား သာရေးနာရေးသတင်းမေးနဲ့ လူမှုရေးယောင်ယောင်တွေသာလျှောက်လုပ်နေတာဟာဖြင့် NLD လမ်းပျောက်နေတာလား ၊ လမ်းမှန်ပေါ်မလျှောက်ရဲတော့တာလား ၊ သို့လောသို့လော စဉ်းစားရလောက်အောင်ပါပဲ ။

NLD ကိုတိုက်ခိုက်လိုစိတ် ၊ အပြစ်တင်လိုစိတ်နဲ့ဝေဖန်နေတာမဟုတ်ပါ ၊ အားမလိုအားမရဖြစ် စိတ်ကြောင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုခြင်းသာ ဖြစ်ပါတယ်၊NLD က ရှေ့ကနေ ၁၉၉၀ ရွေးကောက်ပွဲအတွက်ဆွေးနွေးမှုမရှိပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးပဲ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုမရှိပဲ၊ တဘက်သတ်လုပ်မဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ၊ ပြည်သူကြားမှာပေါ်ပေါ်တင်တင် စည်းရုံးဟောပြောပြီး လူထုအုံကြွမှုနဲ့ရွေးကောက်ပွဲကိုဖျက်ရမဲ့အစား မဲသွားမပေးကြနဲ့ဆိုတဲ့နည်းလမ်းတစ်မျိုးထဲမှာတင်ရပ်နေတော့ ရွှေဂုံတိုင်ကြေငြာချက်ကို ဘယ်လိုဆုတ်ကိုင်မှာလဲလို့ မချိတင်ကဲဖြစ်နေမိတာပါ ။

ရန်သူ့တောက်ထောက်ကြည့်မျက်လုံးတွေအောက်မှာ ခက်ခက်ခဲခဲရပ်တည်နေရတာ မှန်ပါတယ်ဆိုပေမဲ့ ဒါကိုဆင်ခြေတခုအဖြစ် ပုံသေအသုံးပြုနေဘို့တော့ မဟုတ်ပါဘူး ၊ ပြည်သူတွေ အတွက် နိုင်ငံရေးလုပ်တော့မယ်ဆိုကထဲက သေစရာရှိသေ၊အဖမ်းခံစရာရှိရဲရဲခံမယ်ဆိုတာမျိုး ဆုံးဖြတ်ကြပြီးသားလို့ ထင်ပါတယ် ၊ ခုအချိန်က တစ်ရက်ထဲတချိန်ထဲ တစ်နိုင်ငံလုံးက NLD ပါတီဝင်တွေ ရွေးကောက်ပွဲဆန့်ကျင်ရေး ပြည်သူကိုဦးဆောင်ဆန္ဒပြမလား ၊ ၁၉၉၀ ရွေး ကောက်ပွဲ ကိုယ်စားပြုအစိုးရတစ်ရပ်ဖွဲ့မလား၊ တခုခု ထိထိရောက်ရောက်လုပ်ပြီး စစ်အုပ်စုတုန့် ပြန်လာမဲ့အခြေနေတိုင်းကို ရဲရဲတင်းတင်း ရင်ဆိုင် ကြဘို့ အချိန်ရောက်နေပါပြီ ။

ပြည်တွင်းမှာပဲ လျှို့လျှို့ဝှက်ဝှက်ရှိနေတဲ့ ကျောင်းသားအဖွဲ့အစည်းတွေ ၊ နိုင်ငံရေးအဖွဲ့အစည်း တွေ ၊ နယ်စပ်ဒေသတွေနဲ့ပြည်ပရောက်အတိုက်အခံ အဖွဲ့ အစည်းတွေအားလုံးက NLD ကို နောက်ဆုံးအကြိမ်ဝန်းရံပြီး နည်းလမ်းစုံတိုက်ပွဲတွေ တပြိုင်နက်ဖေါ်ဆောင်ပေးရမှာပါ ၊ ခေါင်းဆောင်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူသူတွေ ရှေရှည်မဟုတ်တောင် တစ်ပွဲတိုးညီညွတ်ရေးမျိုးရအောင်တည်ဆောက်ပြီး ဒီစစ်အုပ်စုရွေးကောက်ပွဲ မပျက်ပျက်အောင်ကို နည်းလမ်းစုံသုံး လုပ်ကြရမှာပါ ၊ ဒီလိုမှ မလုပ်နိုင်မလုပ်ကြဘူးဆိုရင်တော့ ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို မဖျက်နိုင်ကြတော့ဘူးဆိုရင်တော့ ပေါ်လာမဲ့ စစ်အုပ်စုရဲ့ဟန်ပြအစိုးရ သစ်ဘာလုပ်မလဲပဲစောင့်၊ အဲဒီအခါကျမှ ခေါင်းစဉ်တခုတပ် ၊ ဆန့်ကျင်ကြ/ဆန့်ကျင်သည် ဆိုပြီးကြေငြာချက်တွေသာ ထုတ်ရင်း စစ်ကျွန်ဘ၀မှာနေသားတကျဖြစ် သွားတော့မှာပါ ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.