Friday, January 7, 2011

0 ရေဘဲလေးတို့ ပျော်စံရာ -
ရေးသူ-တပ်ကြပ်ကြီး – နေမင်းသူ


“မင်းအဖေကဘာအလုပ် လုပ်သလဲ”

“ရေတပ်ကပါ ဆရာမ”

“ဒါဆိုရင် မင်းတို့မိသားစု ထောမှာပေါ့။ ဆရာမတို့လမ်း ထဲက ရေတပ်မိသားစုဆို ပိုက်ဆံတွေအရမ်းရတာ”

“ဒါပေမယ့် ကျနော့အဖေက…”

“ဆရာမ သိပါတယ်ကွာ လျှိုမနေပါနဲ့ ဆရာမပြောတဲ့ မိသားစုဆို သူ့ယောက်ျားသဘောင်္ဝင်လာရင် ပစ္စည်း တွေဝယ်လိုက် ခြမ်းလိုက်တာ စုံနေတာပဲ။ မင်းကျတော့ လည်း ခပ်နွမ်းနွမ်းရယ်။ အိမ်ကဝယ်မပေးဘူးလား။ ဒါမှ မဟုတ်မင်းအဖေက လောင်းကစားလုပ်လို့ရတဲ့ ပိုက်ဆံ တွေကုန်သွားတာလား”

ကျနော့်သားလေး ကျောင်းမှာကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးကို သူပြန်ပြောလို့ သိရတော့ ကျနော် ပြုံးမိပါတယ်။ ဒီ လို အထင်အမြင်တွေ အပြောအဆိုမျိုးတွေကို မကြာခဏကြုံတွေ့ဖူးလို့ပါ။ အရပ်ထဲကလူတွေ မပြောနဲ့ စစ်သားအချင်း ချင်းတောင် ရေတပ်ကလူတွေကို အထင်ကြီးတတ်ပါတယ်။ ကြည်းတပ်သင်တန်းကျောင်းတွေမှာ သင်တန်းသွားတက် ရတဲ့အခါ သင်တန်းဆရာအများစုက ကျနော်တို့ကို တလေးတစား ဆက်ဆံကြပါတယ်။

“ကိုရေ”

“ရေဆရာ”တဲ့။

အဲဒီအသုံးအနှုန်းရဲ့နောက်ကွယ်မှာ ကပ်ပါလာတဲ့ အဓိပ္ပါယ်တရပ်ကတော့ “သင်တန်းကို ရေ (ငွေ) ဘယ်လောက်ပါ လာသလဲ” ဆိုတဲ့ သဘောပါ။

ဂျိုးဖြူ၊ တိုင်းဗဟိုလေ့ကျင့်ရေး ကျောင်းမှာအကြပ်ကြီးသင်တန်း တက်ပြီးပြန်လာတဲ့ သူငယ်ချင်းတယောက် ပြောတာ က “စစ်သင်တန်း မဟုတ်ဘူးကွ လုပ်အားပေးသင်တန်း ဝါးခုတ်ရတယ်။ ထင်းခုတ်ရတယ်။ သီဟိုဠ်စေ့ကောက်ပေးရ တယ်။ ရေမပါလို့ကတော့ အသေနာပြီမှတ်” တဲ့။

ပိုက်ဆံမရှိတဲ့ သူဆိုရင် သင်တန်းဆရာက “ရေဘဲ” လို့ခေါ်တယ်။ “ကိုရေ” အခေါ်မခံရမှာစိုးလို့ အကြွေးတင်ခံပြီး သင် တန်းသွားတက်တဲ့ လူတွေလည်းရှိတယ်။ ရေတပ်သားတို့ရဲ့ တလွဲမာနလို့ပြောရမှာပေါ့။

ဒီနေရာမှာအခွင့်ကြုံလို့ ရေတပ်ထောက်လှမ်းရေးတပ်က ဒုတပ်ကြပ်တဦးရဲ့ သင်တန်းကုန်ကျစရိတ်အကြောင်း နည်း နည်းလောက် ပြောပြချင်ပါတယ်။ သူက မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ် (ဗထလ) မှာ တိုက်ပွဲထောက်လှမ်းရေးအ ကြပ် သင်တန်းတက်ခဲ့တာ။ တပ်မတော် (ကြည်း၊ ရေ၊ လေ) သင်တန်းပါပဲ။ သူသင်တန်းသွားကာနီးတော့ သူ့တပ်မှူး ကပြောတယ်၊

“မင်းသင်တန်းမှာ စံပြကျောင်းသားဆုရအောင် ယူနိုင်ရင် မင်းကိုလက်ရှိခွင်မှာ ခြောက်လဆက်ပြီးထားမယ်။ ငါပြောတဲ့ အတိုင်းမဖြစ်ရင်တော့ မင်းထိုက်နဲ့မင်းကံပဲ” တဲ့။

သူကလည်း သူ့တပ်မှူးမျက်နှာရအောင် ကြိုးစားပေး ခဲ့ပါတယ်။ သုံးလကြာတဲ့သင်တန်းကို ငွေသိန်း (၃ဝ) လောက် ရင်း လိုက်ရတယ်။ ဒါပေမယ့် သူတာဝန်ကျတဲ့ ခွင်က တလကို သူ့အတွက်သိန်း (၆ဝ) လောက်ရတယ်ဆိုပဲ။ သူကိုယ် တိုင် ပြောပြတာ။ ဒီလိုဆိုတော့လည်း ရေတပ်သားတွေကို အထင်ကြီးကြတာသိပ်မဆန်းဘူးလို့ ထင်မိတယ်။

တတ်နိုင်သူတွေက အဲဒီလိုဖြုန်းသွားတော့ နောက်လူတွေအခက်ကြုံတွေ့ ကြရတယ်။ အရာရှိသင်တန်းတွေမှာလည်း ဒီ လိုပါပဲ။ တပ်ခွဲမှူးသင်တန်း၊ တပ်းရင်းမှူးသင်တန်း၊ ဥစတသင်တန်းတွေမှာ ဒုမှူးကြီး မိုးအောင်နဲ့ ဗိုလ်မှူးပြည်အောင်တို့ ညီအစ်ကို ဖြုန်းသွားချက်က အာမီအရာရှိတွေတောင် လက်ဖျားခါရတယ်။ ရေတပ်မှာလည်း မိုးအောင်၊ ပြည်အောင် တို့ခေတ်ဆိုတာ ခုကတည်းက လူပြောများနေတော့ သူတို့ညီအစ်ကိုသာ ရေတပ်ကိုဦး ဆောင်သွားရင် ဘယ်လိုဖြစ် လာမလဲ တွေးကြည့်မိတယ်။

ရေတပ်မှာဝင်ငွေဖြောင့်ပြီး အဆင်ပြေနေတဲ့ အရာရှိငယ်တွေနဲ့ အခြားအဆင့်မိသားစု တွေရှိပါတယ်။ အရာရှိကြီးတွေ ကိုတော့ ကျနော်မပြောလိုပါ။ သူတို့အဆင့်မှာက ရိုးသားပါတယ်ဆိုသော သူများပင် သူ့အကြောင်းနဲ့ သူ ဆင်ပိန်ကျွဲ လောက် တော့ရှိနေတတ်ကြပါတယ်။ စစ်သည်တွေအတွက်ကတော့ လစာနဲ့ရိက္ခာ (တချို့တပ်တွေဌာနတွေမှာ သီး ခြားထောက်ပံ့ မှုတွေရှိပါတယ်) ကလွဲပြီး အပိုဝင်ငွေရတယ်ဆိုတာက အနည်းစုအတွက် အခွင့်အရေးပါ။ စက်သုံးဆီ တာဝန်ခံတွေ၊ ရိက္ခာ တာဝန်ခံတွေ၊ အခြားစတိုတာဝန်ခံတွေ အဆင်ပြေကြတာများးပါတယ်။ အခြားနည်းအခြားဟန်နဲ့ အဆင်ပြေသူအချို့ လည်း ရှိပါတယ်။ တလောက ကျနော့ လုပ်ဖော်ကိုင်ဖက်တဦး ထောက်ပြသလို တပ်သားသစ် စု ဆောင်းရေးတာဝန်ခံ Hand Phone ကိုင်နိုင်တာမျိုးပေါ့။ သူတို့ကတပ်မှူးနဲ့ ရဲဘော်သစ်ကြားမှာ လုပ်စားကြတာလေ။

ဒါပေမယ့် ပြည်သူလူထုအကြားမှာ ရေပန်းစားနာမည်ကြီးနေတာက စစ်သင်္ဘောတွေ ပုဂ္ဂလိက လှေ၊ သင်္ဘောများထံမှ စက်သုံးဆီနဲ့၊ ငွေတောင်းခံနေခြင်း ကိစ္စ။ ဒီအကြောင်း တွေရေးသားတင်ပြဖို့ ကျနော်စဉ်းစားခဲ့ တာကြာပါပြီ။ ရေတပ်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ အကြားရဆုံးကလည်း ဒီကိစ္စပဲမဟုတ်လား။

တကယ်တော့ ရေတပ်စစ်သင်္ဘောတွေ ဆီတောင်းတယ်ဆိုတဲ့ ကိစ္စခေတ်စားလာတာ ဆယ်နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ဒါကလည်း စစ်အစိုးရရဲ့ပုံမကျ ပန်းမကျ ဈေးကွက်စီးပွားရေး စနစ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောရင်ရပါ တယ်။ အရင်တုန်းက စစ်သင်္ဘောတွေက စက်မောင်းလို့ပိုတဲ့ ဆီကိုရောက်ရာဒေသမှာ ကြက်သား၊ ဝက်သား၊ အသီး အရွက်စတဲ့ စားစရာတွေနဲ့ လဲလှယ်ကြပါတယ်။ ကိုကွန်းကျွန်းရောက်ရင် အုန်းသီး၊ ပျားရည်၊ ဒေသထွက် အသုံးအ ဆောင် ပစ္စည်းတွေ နဲ့ လဲလှယ်ပါတယ်။ ကမ်းရိုးတန်းတလျှောက်မှာ နေတဲ့ပြည်သူတွေသိပါတယ်။

မဆလ ခေတ်က ရေတပ်သားတွေဝင်ငွေဖြောင့်တယ်ဆိုတာ မှောင်ခိုစက်လှေတွေ၊ ထိုင်းငါးခိုးလှေတွေ ဖမ်းလို့ရတာ ပါ။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဦးပိုင်စီးပွားရေး လီမီတက်မှာ ရေတပ်ကဖမ်းဆီးပေးထားတဲ့ ထိုင်းငါးဖမ်း လှေ အစီးပေါင်း (၃ဝဝ) ထက်မနည်းရှိပါတယ်။ စစ်သင်္ဘောနဲ့ ဆန်မှောင်ခိုသယ်လို့ ထောင်ကျသွားတဲ့စစ်ရေယာဉ်မှူး အချို့ လည်း ရှိပါတယ်။ (ဥပမာ- ၉ဝ၁ စစ်ရေယာဉ်မှူး ဗိုလ်မှူးဖုန်းမြင့်) မဆလခေတ်မှာဆန်ကို ကန့်သတ်ကုန်ပစ္စည်း သတ်မှတ်လိုက်တော့ သူကစစ်သည် တွေရှယ်ယာထည့်စေပြီး တနေရာမှတနေရာ ဆန်သယ်ရောင်းတုန်း ထောက် လှမ်းရေးက ဖမ်းလိုက်တာ။ မှောင်ခိုလှေဖမ်းတဲ့ ကိစ္စမှာသင်္ဘောတစီးလုံး၊ စခန်းတခုလုံး ပြုတ်တဲ့ ကိစ္စတွေလည်း ရှိခဲ့ ဖူးပါတယ်။ (ဥပမာ-တောင်ပင်လယ်ပြဿနာ၊ စစ်ရေယာဉ်-၄၂၂ ပြဿနာ)။

နဝတ ခေတ်ရောက်လာတော့ ဈေးကွက်စီးပွားရေး စနစ်ကိုအကောင်အထည်ဖော်ရင်း ပြည်တွင်းပြည်ပ ရေလုပ်ငန်းရှင် တွေ လုပ်ခွင့်ရလာတယ်။ စစ်ခေါင်းဆောင်ကြီးတွေနဲ့နီးစပ် သူတွေရေလုပ်ငန်း လုပ်ကိုင်လာကြတယ်။ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ကိုရောက်လာတဲ့အခါ စစ်သင်္ဘောတွေနဲ့ ထိတွေ့ဆက်ဆံရတယ်။ ရေလုပ်ငန်းဥပဒေအရ အကျိုစီးပွား ညှိ တာတွေလည်းရှိလာတယ်။ ရေလုပ်ငန်း ကုမ္ပဏီတိုင်းက စစ်သင်္ဘောတွေကို အရေးတယူဆက်ဆံတာတော့ မဟုတ်ပါ ဘူး။ (အဏ္ဏဝါလွှမ်း ကုမ္ပဏီိ၊ ယုဇနကုမ္ပဏီပိုင်လှေတွေကို စစ်ရေယာဉ်တွေက သတိထားဆက်ဆံတယ်။ တရုတ်ပိုင် ယန်း ဘရားသားကုမ္ပဏီဆိုရင် မစစ်ဆေးဝံ့ဘူး)။ ဒီဘက်ခေတ်မှာ ပီနံဘုတ်လို့ခေါ်တဲ့မှောင်ခို စက်လှေတွေကို သိပ်မဖမ်းကြ တော့ဘူး။ ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်နေတာများလို့။ ပြောရမယ်ဆိုရင်တော့အများကြီးပဲ။ ဦးဝင်းဖေ တို့၊ ဒေါ်မာမာအေး တို့ အရှုံးပေးလောက်တယ်။

စစ်ရေယာဉ်တွေ ဆီတောင်းတယ်ဆိုတာက ဆီးဈေးကောင်းလို့ ဆီရောင်စားဖို့ စိတ်ဝင်စားတာ သက်သက်မဟုတ်ပါ ဘူး။ စစ်ရေယာဉ်ပြင်ဆင်စရိတ်နဲ့ အခြားစရိတ်တွေကြောင့်လည်းပါပါတယ်။ နှစ်စဉ်စစ်ရေယာဉ် ပြင်ဆင်စရိတ်ဟာ စစ် ရုံးက ခွင့်ပြုချမှတ်ငွေနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ပြင်ဆင်စရိတ်ရဲ့ တဆယ်ရာခိုင်နှုန်းလောက်ပဲ စစ်ရုံးကသတ် မှတ်ပေးတာပါ။ ဒါကြောင့်မို့ ရေယာဉ်ပြင်ဆင်ချိန်နီးရင် “ဒေါက်ကြေး” ရှာဖို့ စစ်ဆင်ရေးထွက်မိန့်ကို ကက (ရေ) က ခွင့်ပြုပေးပါ တယ်။ တခါကတော့ စစ်ရေယာဉ်- ၅၅၆ နဲ့ ၅၅၇ တပ်တော်ဝင်အခမ်းအနား ကုန်ကျစရိတ်အတွက်ဆိုပြီး စစ်ဆင်ရေး ထွက်သွားတဲ့ စစ်ရေယာဉ် တစီးကို ကြုံရဖူးပါတယ်။ ပုံမှန်စစ်ဆင်ရေး တာဝန်တွေကတော့ ရေနံစင်လုံခြုံ ရေးများနဲ့ ပင်လယ်ရေပိုင်နက်လုံခြုံရေးပါပဲ။

စစ်ရေယာဉ်တွေ ပင်လယ်ထွက်ရတဲ့အခါ စစ်သည်တွေပျော်ပါတယ်။ ကိုယ့်အတွက်အနည်းနဲ့ အများဆိုသလို ပိုက်ဆံရ မှာမို့ပါ။ ပင်လယ်ပြင်ရောက်တဲ့ အခါစက်ရှိန်ကောင်းတဲ့ သင်္ဘောတွေက ဆီတောင်းတာအပြင် ထိုင်းငါခိုးလှေဖမ်းဖို့ ကြိုးစားကြပါတယ်။ စက်သိပ်မကောင်းတဲ့ သင်္ဘောတွေကတော့ “စစ်တောင်း” လုပ်ဖို့ပဲ စိတ်ဝင်စားရပါတယ်။ “စစ် တောင်း” လုပ်ရာမှာ ငါးလှေလုပ်သားတွေနဲ့ အပြန်အလှန် အပေးအယူ လုပ်သူရှိသလို အနိုင်ကျင့်ဗိုလ်ကျသူတွေ လည်း ရှိပါတယ်။ အပေးအယူဆိုတာက ငါးမဖမ်းရ သတ်မှတ်ထားတဲ့နေရာတွေ မှာဖမ်းခွင့်ပြုဖို့ ညှိနှိုင်းတာပါ။ ပင် လယ်ပြင်ရောက် စစ်သင်္ဘောအများစုက ဝါးလတ်၊ ဝါးတန်း စတဲ့ ငါးဖမ်းလှေကြီးတွေကိုသာ ဆီတောင်းပြီး အများအား ဖြင့် ပိုက်ကြီးလှေလို့ခေါ်တဲ့ လှေငယ်တွေကို ဆီတောင်းလေ့မရှိပါ။ တောရိုင်းဥပဒေလိုပဲ ပင်လယ်ပြင်ရဲ့ ဥပဒေဆိုတာ ကလည်း တော်တော်ရှုပ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ဖူးသူတွေ ပိုသိပါလိမ့်မယ်။

ရေတပ်စစ်သည်တွေဟာ အတန်းပညာအရည်အချင်းအလိုက် Group A,B,C သုံးခုရှိပြီး ရေတပ်နဲ့ဆိုင်တဲ့ ပညာရပ်အ လိုက်အုပ်စု (၅ဝ) ကျော်ရှိပါတယ်။ အဲဒီအထဲမှာမှ သင်္ဘောဆင်းလို့ရတဲ့အုပ်စုက အနည်းအကျဉ်းပဲရှိတာပါ။ ဒါကြာင့် ရေတပ်မှာ တာဝန်ထမ်းဆောင်တိုင်း ပင်လယ်ပြင်အတွေ့အကြုံရှိတာ မဟုတ်ပါဘူး။ နောက်ပြီး စစ်ရေယာဉ်မှူးတိုင်း လည်း ဆီတောင်းစားသူတွေ မဟုတ်ပါဘူး။ စစ်သည်တွေ နားပူနားဆာလုပ်လွန်းလို့ စစ်သည်တွေ့ရဲ့ ဆန္ဒကို လိုက် လျောလုပ် ကိုင်ပေးရင်း ပြဿနာဖြစ် ထောင်ကျသွားတဲ့ စစ်ရေယာဉ်မှူးအချို့ ရှိပါတယ်။ (ဥပမာ-စစ်ရေယာဉ် “ဓူဝံ” စစ်ရေယာဉ်မှူး၊ ဒုဗိုလ်မှူးကြီး မျိုးသန့်)။ စစ်သည်တွေကတော့ မပြေလည်တဲ့ မိသားစုအတွက် အခွင့်အရေးရတုန်း အ ပိုဝင်ငွေ လိုချင်ကြပါတယ်။

ဒီတော့ အားလုံးကိုခြုံကြည့်မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းတွေ အဂတိလိုက်စားတယ်ဆိုတာဟာ တိုင်းပြည်အုပ်ချုပ် ရေးစ နစ်မှာကိုက လိုအပ်ချက်တွေအားနည်းချက်တွေ၊ ယိုပေါက်စိမ့်ပေါက်တွေရှိနေလို့ပါ။ အကျင့်ပျက်လာဘ်စားသူဟာ မိမိရဲ့ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးခံလိုက်ရပါတယ်။ ထိုက်သင့်တဲ့ ခံစားခွင့်တွေမရလို့ မိသားစုဝမ်းရေးအ တွက် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ပေးဆပ်လိုက်ရသူတွေ အများကြီးရှိပါတယ်။ မဆလခေတ် လယ်ပိုင်းထိ ရေတပ်မှာ တပ်ပိုင်ပစ္စည်းခိုး ရောင်းတဲ့သူ အင်မတန် ရှားပါးတယ်။ ခုတော့ အချို့တပ်၊ စခန်း၊ ရေယာဉ်တွေမှာ ခေတ်စားနေတဲ့ ဆောင်ပုဒ်တခုက …

“ကြားတပုံ၊ မြင်တဝက်၊ လစ်တဆွဲ” ပါတဲ့ဗျာ


တပ်ကြပ်ကြီး – နေမင်းသူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.