Monday, January 3, 2011

0 ၂၀၁၁ နှစ်သစ်မြန်မာ ပြည်သူတွေအတွက် အခွန်သစ် Withholding Tax


အားလုံးမင်္ဂလာနှစ်သစ်၂၀၁၁ပါခင်ဗျား..

၂၀၁၁ နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် နအဖ စစ်အစိုးရက withholding tax ၃.၅% စတင်ကောက်ခံမည့်အကြောင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်မှာ ကုန်သည်များကို ရှင်းလင်းချပြသွားပါတယ် လာရောက်ရှင်းလင်းတဲ့ ပြည်တွင်းအခွန်ဌာနမှ ညွှန်မှူး နှစ်ဦးက နအဖအစိုးရဖက်မှ အ ပြင်းအထန်ကာကွယ်ပြောဆိုရင်း တိုတိုပြောရရင်တော့-

၁။ ကုန်သည်များက အမြတ်ခွန်စာရင်းများကို မှန်မှန်မတင်ပြကြလို့ အမြတ်ခွန်မကောက်နိုင်ပဲ commercial tax 10% ကိုသာ သက်ညှာစွာနဲ့ ကောက်ခံခဲ့ရကြောင်း

၂။ ယခု စတင်မိတ်ဆက်မည့် withholding tax ၃.၅% သည် ကြိုတင် ခွန်အမျိုးအစားဖြစ်ပြီး နှစ်စဉ် အမြတ်ခွန်စာရင်းရှင်းလင်းချိန်တွင် ပိုနေပါက ပြန်ပေးမည့် အခွန်မျိုးဖြစ်ကြောင်း


၃။ အိမ်နီးခြင်းနိုင်ငံများတွင်လည်း ဒီလို withholding tax ၃.၅% ရှိလည်းရှိ၊ ကောက်လည်း ကောက်ခံပါကြောင်း

၎။ ယခုလောလောဆယ် အမိန့်စာထွက်လာပြီဖြစ်လို့ စတင်အကောင်အထည်ဖော်ရာမှာ ပြည်သူအားလုံးက ၀ိုင်းဝန်းကူညီကြရန်ဖြစ်ကြောင်း တကယ်လက်တွေ့ အကောင်အထည်ဖော်ရာမှာ အဆင်မပြေတော့မှ စာနဲ့ တရားဝင် တင်ပြကြဘို့ ပြောကြားသွားပါတယ်။

အကျယ်ရှင်းလင်းစဉ်မှာတော့ မြန်မာပြည်မှာ AIR MANDALAY တို့ YANGON AIR တို့ တောင် ( AIR BAGAN မပါပါ ) ၁၀နှစ်ကျော် အရှုံးပြခဲ့လို့ နိုင်ငံတော်က သက်ညှာစွာနဲ့အမြတ်ခွန်မကောက်ခဲ့ပဲ commercial tax 10% ကိုသာ သက်ညှာစွာနဲ့ ကောက်ခံခဲ့ရကြောင်း အခြားလုပ်ငန်းကြီးတွေလဲ ထိုနည်း၎င်းပဲဖြစ်ကြောင်း ရှုံးနေတာကို အိပ်စိုက်ပြီးဆက်လုပ်နေတာကိုနားမလည်ကြောင်း ဆက်လုပ်နေတာ ကိုက်နေ လို့ဖြစ်ကြောင်း မကိုက်တော့ရင် ရပ်သွားမှာဖြစ်ကြောင်း တာဝန်မဲ့ ရမ်းကားစွာပြောကြားသွားပါတယ်

ကုမ္ပဏီများ ပြည်သူများဘက်က ထပြောကြစဉ်မှာတော့ ဒီ Withholding Tax ကို နိုင်ငံခြား ကတင်သွင်းသူများ ရောင်းချသူများကတော့ ပေးမယ်မထင်ကြောင်း၊ လောလောဆယ် ပြည်တွင်းကကုန်သည်ကပဲ စိုက်ပေးပြီး တိုက်ရိုက်ခံစားရမှာကတော့ စားသုံးသူပြည်သူတွေပဲဖြစ်ကြောင်း၊ ယခုလို ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းခက်ခဲနေစဉ်မှာ ဒါမျိုး အခွန်မျိုးကိုစဉ်းစားလုပ်ဆောင်သင့်ကြောင်း၊ အမြတ်ခွန်ရှင်းတော့မှ ပိုရင်ပြန်ထုတ်ပေးမယ် လျောက်ကြပေါ့ ဆိုတာကလည်း အစိုးရဆီက ငွေပြန်တောင်းဘို့ဆိုတာ ကျားမြီးပဲပြေးဆွဲလိုက်ခြင်တော့ကြောင်း စသည်တို့ တင်ပြကြပါတယ်။

စာရေးသူအမြင်ကိုတင်ပြရရင်တော့ -

commercial tax 10% ဆိုတာဆောင်ခဲ့ရတုန်းကလည်း စာနဲ့ပေနဲ့ ထွက်လာတာမရှိခဲ့ပဲ ဗိုလ်ချုပ်ကြီးမောင်အေး ခရီးစဉ်တစ်ခုမှာ နုတ်မိန့်နဲ့ပြောခဲ့တာကို ပြန်တင်ပြရဲတဲ့သူမရှိပဲ အားလုံးဆောင်ခဲ့ရတာပါ အဲ အခု Withholding Tax မှာတော့ စာထွက်ပြီးရှင်းလင်းသေးတယ်ဆိုတော့ ပြောတော့ပြောသေးတယ်ဆိုရမှာပေါ့ခင်ဗျာ။

ပြီးတော့ ဒီလို Tax မျိုးဟာ တိုင်းပြည် ချွတ်ခြုံကျပြီး ကုန်းကောက်စရာမရှိချိန်မျိုးကျမှ ကောက်ကြတဲ့အခွန်မျိုးဖြစ်ပါတယ် မြန်မာပြည်လို သဘာဝဓါတ်ငွေ့တွေ သစ်တောတွေ ကျောက်မျက်တွေထုတ်ရောင်းနေတဲ့နိုင်ငံမျိုး၊ ကားပါမစ် ဆိုင်ကယ်ပါမစ် ဟန်းဖုန်းပါမစ် ဌာနဆိုင်ရာလေလံမျိုးစုံနဲ့ တစ်တိုင်းပြည်လုံးက ရှိသမျှပိုက်ဆံ သိမ်းကျုံးကောက်ပြီးတဲ့ အစိုးရ ကောက်စရာမလိုပါဘူး

ပြီးတော့ ကျနော်တို့ အခြားတိုင်းပြည်တွေက ဘာဝယ်ဝယ် export ဖြစ်လို့ VAT တို့ GST တို့ လျော့ပေးတာပဲရှိပါတယ် WITHHOLDING TAX ဆောင်ရတယ်တော့ တစ်ခါမှမကြားဘူးပါ မဆောင်ရဘူးပါ

ကျနော်တို့တိုင်းပြည်ကရောင်းတဲ့အခါမှာလည်း သစ်ပဲရောင်းရောင်း ပဲရောင်းရောင်း ပုဇွန်ရောင်းရောင်း ဆန်ရောင်းရောင်း သူများတိုင်းပြည်ကို WITHHOLDING TAX ဆောင်ရတယ်လို့ မရှိခဲ့ဘူးပါ

နအဖစစ်အစိုးရလက်ထက်မှာ အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ရင် Tax နဲနဲနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ဆွေမျိုးတွေ သားသမီးမြေးမြစ်တွေ တေဇတို့ ဇော်ဇော်တို့ ခင်ရွှေတို့ နေအောင်တို့ ၀ယ်သမျှ white money ဖြစ်ဘို့ အခွန်လျော့ပေါ့ပေးတဲ့ အမိန့်ကျတော့ နှစ်စဉ် တစ်နှစ်ပြီးတစ်နှစ် သက်တမ်းတိုးပေးခဲ့တာ အတော်များများ သတိထားမိကြမှာပါ..Tax ၅၀% ကနေ ၁၅% ထိ လျော့ပေးထားတဲ့ မတရားဥပဒေတစ်ခုပါပဲ..ပြည်သူသန်းပေါင်းများစွာနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး မိမိနိုင်ငံ productivity နဲ့ ယှဉ်ပြိုင်စွမ်းအားတက်စေမဲ့ commercial Tax ကတော့ ၅% လောက်လျော့ဘို့ ( Global recession ကာလမှာ တောင်းတောင်းပန်ပန် တင်ပြခဲ့ကြတာတောင် ) မစဉ်းစားခဲ့တာပါ..

ဒီတော့ ဒီလောက်ပိုက်ဆံတွေရပြီး ဘာဘတ်ဂျက် စာရင်းတစ်ခုမှ တိုင်းပြည်တင်ပြစရာမလိုပဲ စိတ်ကြိုက်လုပ်ခဲ့တဲ့ ဒီစစ်အစိုးရ ဘာလို့ငွေတွေထပ်လိုပြီး အခွန်တွေထပ်ကောက်လာရပြန်တာလဲပြီးတော့ ဒီအခွန်တွေတိုးကောက်ပြီး ဘယ်နေရာတွေမှာ သုံးမှာလဲ ကျနော်တို့အားလုံး နှစ်ပေါင်း၂၀ကျော်ခံခဲ့ကြပြီးလို့ ကောင်းကောင်းနားလည်ကြပါတယ် နေပြည်တော်တည်ဆော က်ဘို့ ဘာမှန်းမသိတဲ့ လှိုဏ်ခေါင်းတွေဖော က်ဘို့ နူကလီးယား စီမံကိန်းလိုမျိုးလုပ်ဘို့ ပြည်သူလူထုကို နှိပ်ကွပ်ဘို့လက်နက်တွေဝယ်ဘို့ အနီးစပ်ဆုံးပြောရရင် အခုလို DKBA တို့ KNU တို့ တိုက်လာရင် အပြတ်နှိမ်နင်းပြစ်ဘို့ နောက်ဆုံးတတ်နိုင်ရင် မန်ယူ ၀ယ်ဘို့ ပြည်သူတွေ ဆန်ပြုတ်နပ်ကျော်သောက်နေနေ သောက်ဂရုမစိုက် ဘောလုံးအသင်းတွေထောင်ပြီး လုပ်ချင်တာတွေပဲလုပ်ဘို့ ဒါတွေပဲသုံးမှာမဟုတ်လားဗျာ.. နောက်ပြီး ခုတစ်ခါ ဘာမှပြန်မပြောရဲဘဲ ငြိမ်ခံပြီးဆောင်နေကြရင်တော့ ဒါနဲ့တင်မက ထပ်လာပါတော့မယ် တစ်ခြားအမည်မျိုးစုံတပ်ထားတဲ့ အခွန်အမျိုးမျိုး..အမှန်ကတော့ ကျနော်တို့ ပြည်သူဆိုတာအခွန်ထမ်းတွေပါ ၊ မှန်မှန်ကန်ကန် ရင်ကော့ပြီးဆောင်ရမှာပါ သူများနိုင်ငံနည်းတူ ပညာရေး ကျမ္မာရေး စီးပွားရေး အခြေခံအဆောက်အဦတွေ သာတူညီမျှ ထိုက်ထိုက်တန်တန် ပြည်သူမျက်နှာမငယ်ရအောင်လုပ်ပေးထားရင်ပေါ့၊



ဒါကြောင့် ယခု အစိုးရလှမ်းလိုက်တဲ့ WITHHOLDING TAX ခြေလှမ်းဟာဖြင့် ကုန်းကောက်စရာမကျန်တော့တဲ့ပြည်သူ့အိပ်ကပ်ထဲက ထပ်ပြီး ရသလောက် နှိုက်လိုက်တဲ့လုပ်ရပ်ပါပဲ ပြည်သူအားလုံး အသိတရားရှိရှိနဲ့ ဆန့်ကျင်တွန်းလှန်ကြဘို့လိုပါကြောင်း COMMERCIAL TAX တုန်းကလို ဓါတ်ဆီ ဒီဇယ်ဈေးတွေ အသားလွတ်တက်တုန်းကလို ငြိမ်ခံနေကြမယ်ဆိုရင်တော့ ကျနော်တို့အားလုံး အသုံးမကျလို့ သတ္တိနဲကြလို့ မှန်ရဲ့သားနဲ့ ပြန်မပြောရဲကြလို့ ခံကြရတာပဲလို့ နှလုံးသွင်းပြီး နအဖ လုပ်သမျှ အားလုံး လေးဘက်ထောက်ခံကြဘို့သာရှိကြောင်း တင်ပြလိုက်ပါတယ်။ မြန်မာတွေ .. မှန်တာကို ရဲရဲပြောကြပါစို့ သတ္တိရှိရှိ ရင်ဆိုင်ကြပါစို့ .. စည်းကမ်းရှိရှိ စုစည်းကြပါစို့.. မတရားတာကိုတွန်းလှန်ကြပါစို့..

လေးစားစွာဖြင့် ( ဆရာကြီးဂျစ် )sayar gyi Jit facebookမှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.