Tuesday, July 19, 2011

0 အာဇာနည် အမျိုးသားခေါင်းဆောင် …


အခုတစ်လော လူမှုဆက်သွယ်ရေး ကွန်ယက်တွေမှာ အာဇာနည်တွေကို သတိရကြ၊ လွမ်းဆွတ်ကြ၊ဂုဏ်ပြုကြ၊ ရေးသားကြ၊ မျှဝေနေကြတာတွေ တွေ့နေရတာ တကယ့်ကို ကျေနပ်စရာပါပဲ။

ဒီထဲမှာ အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး (၉) ဦး ဆိုတဲ့ အသုံးအနှုန်းမျိုးကိုတွေ့လိုက်ရတော့လည်း နည်းနည်းတော့ တွန့်သွားမိပါတယ်။

အာဇာနည် (Martyrs) ဆိုတာ လူအများ ကောင်းကျိုးအတွက် လူသာမန်တို့ မလုပ်နိုင်တဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှု တို့ကို ကိုယ့်ကိုယ်ကျိုး အတွက် မပါပဲ သန့်ရှင်းတဲ့ စိတ်နှင့် သတ္တိရှိရှိ အသက်ကိုပေးပြီးလုပ်ဆောင်ပေးတဲ့ လူတွေပါ။

အမျိုးသားခေါင်းဆောင် (National Leader) ဆိုတာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ချစ်ခင်မှု၊ကြည်ညိုလေးစားမှု တို့ကို လက်ခံရရှိပြီး နိုင်ငံတော်ရဲ့ အရေးအရာ ကိစ္စတို့ကို ဦးစီးဆောင်ရွက်ဖြေရှင်းပေးနိုင်သူပါ။ အမျိုးသားခေါင်းဆောင် ဆိုတဲ့ နာမဝိသေသနကို ကျွန်တော်တို့ရဲ့ ဖခင်ဗိုလ်ချုပ်ဘယ်လောက် အလေးဂရုပြုပြီး မြတ်နိုးဂုဏ်ယူခဲ့တယ် ဆိုတာ ဗိုလ်ချုပ်ကို ချစ်ခင်လေးစားတဲ့သူတိုင်းဖတ်ရှုမှတ်သား နားလည်ကြပါတယ်။

နိုင်ငံ့ခေါင်းဆောင် (State Leader or Head of Government)ဖြစ်တိုင်း အမျိုးသားခေါင်းဆောင် (National Leader) မဖြစ်နိုင်ပါ။ နိုင်ငံ့ခေါင်းဆောင် ဆိုတာအဓမ္မနည်းနဲ့ လည်း ဖြစ်နိုင်ပေမယ့် အမျိုးသားခေါင်းဆောင်က တော့ ဓမ္မနည်းလမ်းအရ ကလွဲပြီး အခြားနည်းလမ်းအရ ပေါ်ပေါက်လာစရာ အကြောင်းမရှိပါ။ ရှိလျှင်လည်း အတုသာ ဖြစ်ပါလိမ့်မည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတစ်စုရဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးမှာ …

(၁) အမျိုးသားခေါင်းဆောင် (National Leader) ဖြစ်သည့် အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း။

(၂) အစိုးရအဖွဲ့ အဖွဲ့ဝင်များ (State Leaders or Heads of Government) များ ဖြစ်ကြသည့်

ပြည်ထဲရေး ဝန်ကြီး သခင်မြ၊ ပြန်ကြားရေး ဝန်ကြီး ဒီးဒုတ်ဦးဘချို၊ ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန ဝန်ကြီး ဦးရာဇတ်၊ စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးမန်းဘခိုင်၊ အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးဘဝင်း၊ လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန်ဦးအုန်းမောင်။

(၃) ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီး၏ ကိုယ်ရံတော် (Staff) ရဲဘော် ကိုထွေး တို့ ကျဆုံးခဲ့ရပါတယ်။

ကျဆုံးခဲ့ရသူများကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်ဟု သတ်မှတ်ကာ ထိုနေ့ကိုလည်းအာဇာနည်နေ့ဟု ဂုဏ်ပြုသတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး(၁) ဦး၊ အာဇာနည် ခေါင်းဆောင်ကြီး (၇) ဦးနှင့် အာဇာနည် ရဲဘော် (၁) ဦးဟူ၍သာ မှတ်ယူထားသင့်ပါတယ်။ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိကို သေချာစွာ လေ့လာကြပါက ပို၍သဘောပေါက်လာကြမည် ဟုသာ ဆိုချင်ပါသည်။

ထို့ကြောင့် ယနေ့ကျရောက်သော (၆၄) နှစ်မြောက် အာဇာနည်နေ့၌ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ ဖြစ်သော သခင်မြ၊ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးဘဝင်း၊ ဦးအုန်းမောင် နှင့် အာဇာနည်ရဲဘော်ကိုထွေး တို့အား လေးစားစွာ ဂါရဝထား၍ အလေးပြုမိကြောင်းပါခင်ဗျား။

Thant Ko Ko Maung fACEBOOKမှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.