Wednesday, July 20, 2011

0 အာဇာနည်နေ့တွင်ပြောကြားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း



ဒီနေ့ ကျမတို့ အာဇာနည်နေ့ကိုရောက်လာပြီးတော့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုတဲ့သူအားလုံးကို ကျမကျေးဇူးတင်ပါတယ်။ အာဇာနည်နေ့ဆိုတော့ ကျမ ဒီနေ့မှာ အာဇာနည်ဆိုတဲ့အကြောင်းကိုပြောချ​င်ပါတယ်။ အများသိကြတဲ့အတိုင်းပဲ အာဇာနည် ဆိုတာကတော့ တက္ကသ ဘာသာကလာတာပေါ့နော်… အရင်တုန်းကတော့ အဓိပ္ပယ်ကတော့ ရိုးရိုးကျင့် ကြံခြင...်း ဆိုတာပါ။ အဲ့ဒီအချိန်တုန်းကတော့ လူတွေဟာ ဒုတိယ ယဉ်ကျေးမှူနဲ့ ဆက်နွယ်နေတဲ့အခါကြတော့ ဇ နဲ့ပဲ သတ်မှတ်ပါတယ်။ ဇ မြင့်တယ်ဆိုတာ ဖြစ်ကောင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ဒီခေတ်ဒီအခါမှာဆိုရင် မျိုးရိုးဆိုတာ လူသားမျိုးရိုးလို့ပဲ ဒီလိုလည်း မြင်ပါတယ်။ လူသားမျိုးရိုးထဲမှာ မြင့်မြတ်တဲ့သူကို အာဇာနည်လို့ ကျမတို့ဒီလိုပဲ သတ်မှတ်ချင်ပါတယ်။

ဒီတော့ မြင့်မြတ်တယ်ဆိုတဲ့ အဓိပ္ပယ်ကို ဘယ်လိုကျမတို့ အဓိပ္ပယ်ဖော်မလဲ၊ ဒါကို ဘယ်လိုပြောမလဲပေါ့နော်၊ မြင့်တယ်ဆိုတာကတော့ အဆင့်အတန်းမြင့်တာပါ၊ အဆင့်အတန်းမြင့်တယ် ဆိုတာက အတွေးအခေါ်၊ အပြောအဆို၊ အနေအထိုင်၊ အလုပ်အကိုင် အဲ့ဒါကို မြင့်တာလို့ဆိုလိုတာလို့ ကျမတို့ဒီလိုပဲ နားလည်ပါတယ်။ အဲ့ဒီတော့ ပြောကြမယ်ဆိုလို့ရှိရင် ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတာ အဲ့ဒါကိုပြောတာပါ။ အနေအထိုင်မှာ ဘော်ကျော့နေတာမျိုးကို မြင့်တယ်လို့ပြောတာမဟုတ်ပါဘူး။ ရိုးရိုးနေထိုင်ရမယ်၊ ရိုးရိုးစားသောက်နိုင်ရမယ်။ ရိုးသားမှူရှိရမယ်။ ရိုးသားမှူရှိတဲ့ တချိန်တည်းမှာပဲ အဆင့်မြင့်တဲ့ အတွေးအခေါ်တွေ၊ အဆင့်မြင့်တဲ့ အပြောအဆိုတွေ၊ အဆင့်မြင့်တဲ့ အလုပ်အကိုင်တွေ ရှိရပါမယ်။ အဲ့ဒီလို့ရှိတဲ့အခါမှာ ဒါဟာ မြင့်တယ်၊ မြင့်တယ်၊ အဆင့်မြင့်တယ်လို့ ခေါ်တယ်။

အဲ့ဒီတော့ မြတ်တယ် ဆိုတာကတော့ ကျမတို့ ဘာကို ဆိုလိုတာလဲ၊ မြတ်တယ်ဆိုတာကတော့ ကျမတို့ မြင့်မြတ်တယ်ပြောတယ်၊ ထွတ်မြတ်တယ်ပြောတယ်၊ မြတ်နိုးတယ်ပြောတယ်၊ ခြုံငုံပြီးတော့ ပြောလိုက်မယ်ဆိုလို့ရှိရင် တန်ဖိုးရှိတာကို ဆိုလိုတယ်လို့ ကျမနားလည်ပါတယ်။ လူတွေ တန်းဖိုးထားစရာဖြစ်တဲ့ လူတစ်ယောက်၊ တန်းဖိုးထားစရာဖြစ်တဲ့ အကျင့်တွေ အမူအကျင့်တွေ၊ အတွေးအခေါ်တွေ၊ အနေအထိုင်တွေ ပြီးတော့ မြင့်မြတ်တဲ့သူဆိုတာဟာ ဒီပုဂ္ဂိုရဲ့ အဆင့်မြင့်မြင့်နေထိုင် ပြောဆိုတွေးခေါ်မှူ့ကြောင့် အများကနေပြီးတော့ တန်ဖိုးထားလို့ မြင့်မြတ်တယ်လို့ပြောနိုင်တယ်လို့ ကျမကတော့ ဒီလိုပဲမြင်ပါတယ်။

အဲ့ဒီတော့ ဒီလိုအများက တန်ဖိုးထားလို့ အများကနေပြီးတော့ ဒီပုဂ္ဂိုတွေရဲ့ အလုပ်အကိုင်၊ အတွေးအခေါ်တွေကို တန်ဖိုးထားလို့ အများက အာဇာနည်တွေဖြစ်လာတာပါ။ အာဇာနည်ဆိုတာ ဖြစ်ချင်တိုင်းဖြစ်လို့ရတာမဟုတ်​ပါဘူး။ ငါ့ကိုယ်ငါ အာဇာနည် ဆိုပြီးတော့ ပြောလို့မရပါဘူး။ နာမည်တော့ ပေးလို့ရတာပေါ့။ ဒါပေမယ့် ကျမပြောချင်တာက နာမည်ကတော့ နာမည်ကိုပြောတာမဟုတ်ပါဘူး။ အများကနေပြီးတော့ သတ်မှတ်တဲ့ အာဇာနည်ဆိုတာကတော့ အများကလက်ခံမှ၊ လူအများက ကိုယ့်ရဲ့ ပတ်ဝန်းကျင်က၊ ကိုယ့်ရဲ့ နိုင်ငံက၊ ကိုနေရတဲ့ ကမ္ဘာကြီးက အာဇာနည်လို့ သတ်မှတ်မှ သာ အာဇာနည်ဖြစ်မှာပါ။

ဒီတော့ အာဇာနည်ကို တချို့တွေက ဘယ်လိုထင်ကြလဲဆိုတာ အထူးသဖြင့် အာဇာနည်နေ့နဲ့ ပတ်သက်လို့ ဆိုလို့ရှိရင် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ ဆိုတာ၊ ကျဆုံးမှပဲ အာဇာနည်ဖြစ်တယ်လို့ ထင်တဲ့သူတွေကလည်းရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ ကျဆုံးဖို့မလိုပါဘူး။ တတ်နိုင်သဖြင့် မကျဆုံးဘဲနဲ့ အာဇာနည် ဖြစ်ရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမယ့် အသက်အထိပါ စတေးသွားတယ်ဆိုတော့ ဒါ အင်မတန်မှ ထွတ်မြတ်လွန်းလို့ ဒါ တခြား အာဇာနည်တွေနဲ့မတူ ထွတ်ထွတ်မြတ်မြတ် အာဇာနည်လို့ သတ်မှတ်ရတာဖြစ်ပါတယ်။ လူတစ်ယောက်အတွက်ဆိုလို့ရှိရင် တကယ်တန်ဖိုးထားရဆုံးအရာကတော့ အသက်ပဲ။ ဒီအသက်မရှိလို့တော့ ဘာမှ ဆက်လုပ်လို့ မရပါဘူး။ တန်ဖိုးအထားရဆုံး အရေးကြီးဆုံးဖြစ်တဲ့ အသက်ကိုတောင်မှ စတေးပြီးတော့၊ စွန့်လွှတ်ပြီးတော့ ကိုယ်မှန်ရာ ထင်တဲ့ကိစ္စကိုလုပ်တာ၊ အများကောင်းကျိုးအတွက်ကို လုပ်တဲ့သူတွေကို အာဇာနည်ရယ်လို့ သတ်မှတ်တာဟာ ဘာမှ ထူးဆန်းတာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့တွေက အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုပါတယ်လို့ပြောတဲ့အချိန်မှာ ဘယ်လို ဂါရ၀ ပြုမလဲဆိုတာ ကျမက နဲနဲသိချင်တယ်။ ဟို ခေါင်းငုံ့ရုံနဲ့တင် ဂါရ၀ပြုတာမဟုတ်ဘူးနော်။ အဲ့ဒီခေါင်းထဲမှာ ဘာအတွေးရှိတယ် ဆိုတာ အရေးကြီးတယ်။ ဒီလို အာဇာနည်ခေါင်းဆောင်ကြီးတွေကို ခေါင်းငုံ့ပြီးတော့ ဂါရ၀ပြုလိုက်တဲ့အခါမှာ ကိုယ့်ခေါင်းထဲမှာ ဘယ်လိုရှိလဲ၊ ဘာကို ဂါရ၀ပြုနေတာလဲဆိုတာ သေချာ စဉ်းစားစေလိုတယ်။ အဲ့ဒီတော့ ဒီလိုဂါရ၀ပြုလိုက်တဲ့ ပြုထိုက်တဲ့၊ ပုဂ္ဂိုတွေကို ကျမတို့နိုင်ငံမှာ ပိုပြီးတော့ ပေါ်လာအောင်လို့ ကျမတို့ အားလုံးဝိုင်းပြီးတော့ ဘယ်လို လုပ်သင့်သလဲဆိုတာကို ကျမစဉ်းစားစေချင်ပါတယ်။ ကျဆုံးပေးတဲ့ဟာကိုပြောတာမဟုတ်ပါ​ဘူး။ ကျမတို့ လူတွေကို မလိုအပ်ဘဲနဲ့ ကျမတို့ မကျဆုံးစေချင်ဘူး။

(ဒေါ်အောင်ဆန်းစုကြည်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.