Saturday, July 23, 2011

0 " လျှောက်သောလမ်းမှာ"--(မောင်ဆန်)


" လျှောက်သောလမ်းမှာ"

ကလေး ရယ်---------၊
ဘယ် အတွက်ကြောင့်
စစ်ဖိနပ် သံခွာကိုမကြောက်
ထိုးဖောက်မယ့် လှံစွပ်
ရင်ညွန့်မငဲ့
အသက်နဲ့ ခန္တာ
ပြာ ဖြစ်ပါစေ
ပြည်သူတွေ အသက်တွက်
ရုန်းထွက်ခဲ့ ရှေ့ကို
ဒီမိုကရေစီ လိုချင်လို့--- တဲ့။


ကလေး ရယ်--------၊
ဘယ် အတွက်ကြောင့်
တောင့်တ မြတ်နိုး
မိုးမကြောက် လေမကြောက်
ရေမသောက် ထမင်းမစား
" ဟန်းဂါစထ္ကိုက်" ဆို လားဗျာ
အစာငတ်ခံ ဆန္ဒပြပွဲထဲ
မျက်နှာထား ကဲကဲ
နေလောင် အမဲစက်တွေနဲ့
စက္ကန့် မီနစ်များစွာ
နာရီ နေ့ရက် ကြာကြာ
မဆာ မလောင်
မရှောင် မကွင်း
ရင်းနှီး ပေးဆက်
ဘေး မထွက်ခဲ့တာ
မြန်မာပြည်သူ တရပ်လုံး
အတွက်ပါ------ တဲ့။

ကလေး ရယ်------၊
ဘယ် အတွက်ကြောင့်
စောင့်မျှော် မှန်းဆ
အငမ်း မရ
လမ်းမ လမ်းသွယ်
လမ်းလယ် လမ်းစပ်
ရွာရပ် မြို့တွင်း
စစ်ကင်းတွေ လှည့်နေတယ်။


စစ်ရဲ့ အနိဠာ
မကြာမှီ တွေ့ရတော့မယ်။

စစ်ရဲ့ ကြမ္မာ
အိမ်မက်ပမာ မဟုတ်ဖူးကွယ်။

စစ်ရဲ့ ဂြိုလ်ဆိုး
မီးမိုးတွေ ရွာတော့မှာ။

စစ်ရဲ့နိမိတ်
သိပ့် စိတ်မချရဖူးကွာ။

စစ်ရဲ့ ရှေ့ပြေး
ဘေးမကြောက် ရန်မကြောက်
ကလေးတို့ ရဲရဲတောက်
မိုးဦးသောက် ရောင်နီ
အရှေ့ဖက်ဆီ ချီတက်
မပျက် မကွက် ခရီးဆက်
မနက်ဖြန့်အတွက်
မြန်မာပြည်ကို
မျက်နှာသစ်ပေးပါရစေ---- တဲ့။

ကလေး ရယ်-----၊
တကယ်တော့လေ
အရွယ်နှင့်မလိုက်
နှလုံးရည် တိုက်ပွဲ
ငြိမ်းချမ်းရေး တိုက်ပွဲ
လိုက်ရဲ တိုက်ရဲသူတွေ
ဖြစ်ပေမယ့်
ဇီးစေ့နဲ့ မြင့်မိုရ်တောင်
ကျောက်ဆောင်နဲ့ လှေဦးး
ကမ်းနဖူးနဲ့ ဒီရေကြမ်း
သွေးတိုးစမ်းသလိုပါပဲလား------ ။



စစ်သားဆိုတာ
ပြည်သူကဖွား
ပြည်သူကြားနေ
ပြည်သူ့ သားတွေလို့
ကလေးတို့ခံယူ
စံနမူနာတွေ ယုံကြည်ထား
နာလာန်လည်းမထူ
အလံဖြူလည်းမတင်
အာဏာရှင် လူတစုရဲ့
ကျဆုံးခန်းကို
ယမ်းခိုးနဲ့ ဖမ်းအုပ်
လူလုပ်တဲ့ ခေတ်မှီသေနတ်တွေနဲ့
လူတွေကို ဖြုတ် ထုတ် သတ်
ဒရစပ် ပစ်ခတ်
အရှင်သခင်တွေက ညစ်ပတ်
စစ်တပ်ကို ခိုင်းလေတော့
တသွေး တသံ
တမိန့် တအာဏာ
တပါတီ ဘက်တော်သားတွေလည်း
လက်ရဲ ဇက်ရဲ
ကလေးရင်ထဲ
အတွေးလွဲ အမြင်လွဲ
ကျည်ဆံတွေ သဲနဲ့ လက်ပက်သလို

အိုး --------၊

မြင်ရက်စရာ မရှိအောင်
တောင်လိုပုံ အလောင်းတွေ
ပေတရာလမ်းမ ထက်မှာ
မြေလွှာလမ်းမ အထက်မှာ
ကျောက်စလစ် လမ်းမထက်မှာ
မြို့ပတ်ရပ်ကွက် အတွင်းမှာ
နေရာများစွာ
သင်္ချိုင်းရွာသစ်
ကမ္ဘာကျော် စစ်မည်း
လူသတ်ပွဲကြီး ဖြစ်သွားတယ်။
ကလေးရယ်---------၊

ရှစ်ရက် ရှစ်လ
ရှစ်ဆယ် ရှစ်ကနေ
နှစ်ထောင် ဆယ်တစ်
လုံးလုံးမမေ့
ယနေ့အထိ
ပကတိ ဖြစ်ရပ်
သမိုင်း အညစ်ဇာတ်ကို
လူတိုင်းတတ်မြောက် သွားကြပြီ။

ကလေး ရယ်----------၊
ရည်ရွယ်ချက် ကြီးမား
နိုးကြား တက်ကြွစွာ
ဘ၀ဆိုတာ
ဘာမှန်း မသိမှီ
ဒီမိုကရေစီ သပိတ်မှာ
တော်လှန် လှေဆိပ်မှာ
အရိပ်တွေ ကွယ်ကာပျောက်
ဦးသိတဲ့
ကလေး အမြောက်အများ
ဘယ်ရောက်သွားကြပါသလဲကွယ်။ ။


မောင်ဆန်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.