Saturday, July 23, 2011

0 မြောက်ဦး ရှေးဟောင်းဘုရား မူလ စံကျောင်းတွင် ထားရှိရန် ဆရာတော်ဆုံးဖြတ်


ချင်းမိုင်၊ ဇူလိုင် ၂၁၊ ၂၀၁၁ (YPI) -

မြောက်ဦးမြို့ဟောင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်း အမွေအနှစ် လောကမဉ္စူ ဘုရားကို အာဏာပိုင်များက မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုဌာနတွင် ထားရှိရန်အတွက် တောင်းခံနေသော်လည်း လက်ရှိစံမြန်းရာ ကျောင်းတိုက်ဖြစ်သည့် ရတနာမာန်အောင်ကျောင်း ၌သာ ထားရှိမည်ဟု ဆရာတော် အရှင်ဝါယာ မိန္ဒက မိန့်ကြားသည်။

ရတနာမာန်အောင်ကျောင်းထိုင် ဆရာတော်က “ဘုန်းကြီးကတော့ ဘုရားကိုကျောင်းမှာပဲ ဆက်ထားဖို့ ဆုံးဖြတ်ချက်ချထားတယ်။ အာဏာပိုင်တွေကိုတော့ မေတ္တာနဲ့ပြောမှာပါ။ သူတို့ကလက်နက်နဲ့ လာလုယူသွားရင်တော့ မတတ်နိုင်ဘူးပေါ့” ဟု မိန့်ဆိုသည်။

အဆိုပါ လောကမဉ္စူဘုရားကိုပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် နိုင်ငံတော်သမ္မတ အမိန့်စာ နှင့် ရှေးဟောင်းယဉ်ကျေးမှု ဌာနညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အထွေထွ အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးသိုက်ဦးတို့ ဦးဆောင်ပြီး လာရောက်ပင့်ဆောင်ရန်ကြိုးပမ်းခဲ့သည်။ သို့ရာတွင် ဒေသခံများက တားဆီးခဲ့ကြသဖြင့် မအောင်မြင်ခဲ့ပေ။

“အဓိကကတော့ ယဉ်ကျေးမှုဌာနကို မယုံတော့တာပဲ။ ပြီးခဲ့တဲ့ နှစ်ပိုင်းကတူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းငွေဒဂါင်္း ၇၃ ပြား ဆိုလည်း အဲဒီဌာနကဒီလိုပဲယူသွားတာ။ အခုသွားကြည့်ကြတော့ အဲဒီဒဂါင်္းတွေမရှိတော့ဘူး။ တခြားရှေးဟောင်းပစ္စည်းတွေဆိုလည်း ပျောက် ပျောက်သွားတယ်”ဟု မြောက်ဦးဒေသခံ တစ်ဦးက ပြောသည်။

ယဉ်ကျေးမှုဝန်ကြီးဌာသို့ ပင့်ဆောင်ရန်ကြိုးပမ်းနေသည့် လောကမဉ္စူဘုရား ဟု ခေါ်ဆိုသော ဈာနမုဒြာဘုရားကို လွန်ခဲ့သည့် မေလ ကုန်က လောကမဉ္စူ စေတီတော်ပြုပြင်စဉ် တူးဖော်တွေ့ရှိခဲ့သည်။ ဘုရားမှာဉာဏ်တော် ၁၂လက္မခန့်ရှိပြီး အလေးချိန် ၄ ပိဿာ ၆၄ ကျပ်သား ခန့် ရှိသည်။

စတင်တူးဖော်တွေ့ရှိစဉ်ကတည်းက ဘုရားကို ရတနာမာန်အောင် ကျောင်းတွင်ထားရှိပြီး ယခုအခါ ဘုရားသီတင်းသုံးရန်အတွက်ကျောင်း ဆောက်လုပ်ရန် အလှူငွေများရရှိထားပြီး ဖြစ်ကြောင်း အရှင် ၀ါယာမိန္ဒ က မိန့်သည်။

“ဘုရားက အပြင်ကသာကြေးကွပ်ထားတာ အထဲမှာရွှေတွေနဲ့ လုပ်ထားတာ။ နောက်အခု ဘုရားဦးခေါင်းတော်မှာအ ပေါက်တစ်ခုဖြစ်နေတယ်။ အဲဒီအပေါက်ကနေအထဲမှာ ရွှေပုရပိုက်တွေ့တယ်။ ဒါကြောင့် သူတို့လိုချင်စိတ် များနေတာပါ”ဟု အရှင် ၀ါယာမိန္ဒက မိန့်သည်။

ဘုရားကို အာဏာပိုင်များ ပင့်ဆောင်ရန် ယခု အကြိမ် ကြိုးပမ်းမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဘုရားတူးဖော်တွေ့ရှိပြီးသည့် ဇွန်လဆန်းပိုင်းတွင်လည်း ပထမအကြိမ် ပင့်ဆောင်ရန်ကြိုးပမ်းခဲ့ကြဖူးသည်။ ထိုစဉ်ကတည်းက ဒေသခံများ ၀ိုင်းဝန်းတားဆီးခဲ့ သောကြောင့် အောင်မြင်မှုမရခဲ့ပေ။ ဒုတိယအကြိမ်တွင် လည်း ဒေသခံအင်အား ၂၀၀၀ ခန့်က ထပ်မံတားဆီးခဲ့ပြန်သည်။

ထိုပြဿနာကို ခရီးသွားနေသည့် ဆရာတော်အရှင် ၀ါယာမိန္ဒ ပြန်ရောက်မည့် ဇူလိုင်၂၄ရက်နေ့တွင် ဆရာတော် ၏ ဆုံးဖြတ်ချက်ကို ဒေသခံများက လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအခါ အရှင်ဝါယာမိန္ဒသည် အမေရိကန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်လာပြီး လောလောဆယ် သီတင်းသုံးနေသည့် ဝေါမြို့နယ်မှ မြောက်ဦးသို့ လာမည့်ရက်ပိုင်းအတွင်း ကြွမည်ဖြစ်ကြောင်း သိရသည်။
Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.