Monday, August 8, 2011

0 သစ်ပုတ်မျိုးဆက်


သစ်ပုတ်မျိုးဆက်

တစ်ခါတုန်းက အမိတက္ကသိုလ်မှာ ချစ်သူရယ်၊ သူငယ်ချင်းတွေရယ်နဲ့ ပျော်ရွှင်ခဲ့တဲ့ ငြိမ်းချမ်းခဲ့တဲ့ ကမ္ဘာလေးတစ်ခုမှာ ကြီးပြင်းလာခဲ့ရတယ်။

ယခု အမိတက္ကသိုလ်ရဲ့ ရင်ခွင်ထဲကို ချစ်သူရယ်၊ သူငယ်ချင်းတွေရယ် မပါပဲ အထီးကျန် ပြန်ရောက်ခဲ့ ရတယ်။

ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသူ တစ်ဦးရဲ့ နောက်ဆုံးခရီးလမ်းတစ်ခုအတွက် ရောက်ခဲ့ရတာပါ။ အဲဒီ … အဲဒီအချိန်မှာ အမိကျောင်းတော်ကြီးအတွင်း အလွမ်းပြေ အမောပြေ လှည့်လည်ကြည့်ရှု ခံစားမိခဲ့စဉ် “သစ်ပုတ် မျိုးဆက်” ဟူသော စကားတစ်ခွန်း ရင်ထဲရောက်လာမိတော့တယ်။

သစ်ပုတ်မျိုးဆက်

ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း

ဖုန်တလောင်းလောင်း ထနေဆဲ။

ကျောင်းတော်ကြီးရဲ့ သံတံခါး

တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။

ကျောင်းတော်ကြီးရဲ့ အမိုးသံပြား

နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။

ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ

အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။

ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုတ်အိုကြီး

အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်း ထောင်ပြနေဆဲ။

ကျောင်းတော်ကြီးရဲ့ သစ်ပုတ်ပင်အောက်

သစ်ပုတ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ ကုန်းရုန်းထနေဆဲပါလား။ ။

ကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.