Saturday, August 13, 2011

0 ပြည်ဖျက်အုပ်စု ရှေ့ထွက်မင်းသားကြီးရဲ့ ငိုချင်း

မနေ့က (၁၂.၈.၂၀၁၁) အစိုးရသစ်ဆိုတာရဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ပြုလုပ်ပါသတဲ့။ ထုံးစံအတိုင်း ပြည်ဖျက်အုပ်စုရဲ့ အလိမ်အပတ်ဝိဇ္ဇာ ပြိတ္တာကျော်ဆန်းက ထွက်ရှင်းတယ်ဆိုပဲ။ ဒီတခါတော့ ပုံစံတမျိုးနဲ့ရှင်းပါတယ်။ ဘယ်လိုရှင်းလဲဆိုတော့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို တည့်တည့်မဖြေဘဲ အားလုံးရဲ့ရှေ့မှာ ငိုချပြလိုက်သတဲ့။ အဲဒီမှာတင်ပဲ သတင်းစာရှင်းလင်းပွဲက ဘာမှဆက်မေးလို့မရတော့ဘဲ ရပ်ဆိုင်းလိုက်ရပါတော့တယ်။ ကဲ... ဘယ်လောက်တော်လိုက်သလဲ။

ဒါအဖြေပါပဲ။ အစိုးရသစ်ပဲပြောပြော၊ ဘာပဲပြောပြော။ နောက်ကွယ်က တပ်ချုပ်ကြီးကို လုံးဝမလွန်ဆန်နိုင်ဘူးဆိုတာ ရှင်းနေတာပဲ။ တချက်အဖြေမှားသွားတာနဲ့ ကားသွားမယ်ဆိုတာ ဗိုလ်ကျော်ဆန်းတို့ ကောင်းကောင်းသိပြီးသား။ အဲတော့ သူငိုချင်းချပြလိုက်တယ်။ တပ်ချုပ်ကြီးလည်း တော်တော်ကျေနပ်သွားပါလိမ့်မယ်။ ဒီကောင်မဆိုးဘူး။ ငါတို့အတွက် သောက်ရှက်မရှိ ငိုပြရဲတယ်ဆိုပြီး ရာထူးတောင် တက်ချင်တက်သွားနိုင်ပါတယ်။ သူပြောသွားတဲ့ စကားထဲမှာ သူတို့လောက်တိုင်းပြည်ကို ချစ်တဲ့လူ မရှိတော့တဲ့ အတိုင်းပါပဲ။

သေသေချာချာ စဉ်းစားကြည့်တော့ ဟုတ်သလိုလိုတောင် ဖြစ်လာတယ်။ သူတို့က တိုင်းပြည်ကိုပဲချစ်တာလေ။ ပြည်သူလူထုကို လုံးဝ မချစ်ပါဘူး။ ဒါကြောင့် သူတို့အုပ်စုက နေပြည်တော်မြို့သစ်ကြီးကို မရမကဖန်တီး။ ပြည်သူလူထုနဲ့ခွဲပြီး သီးသန့်နေလိုက်ကြတာပေါ့။ ပြီးတော့ သူတို့ချစ်တဲ့တိုင်းပြည်ကြီးကို သူ့ထက်ငါ အလုအယက်ချစ်လိုက်ကြတာ။ တိုင်းပြည်ကြီးလည်း တစစီဖြစ်သွားတော့တာပါပဲ။ စစ်ဗိုလ်ချုပ်တွေ အချစ်ကြီးပုံများ တတိုင်းတပြည်လုံး ပိုးလိုးပက်လက်ကို လန်နေရောဗျို့....။

အခုလည်း သတင်းထောက်တယောက်က မြစ်ဆုံဆည်တွေအကြောင်းမေးတာပါ။ ဒီမြစ်ဆုံဆည်စီမံကိန်းကို အများကကန့်ကွက်နေကြပြီး ဘယ်လိုဆက်လုပ်မလဲပေါ့။ ဒါလေးမေးမိတာနဲ့ သူဖြေပုံက “တပ်မတော်အစိုးရက ၁၉၈၈-ခုနှစ်ကတည်းက ဒုက္ခခံခဲ့ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေက အနစ်နာခံပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့်ကိစ္စ ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျနော်တို့ကို ၀ိုင်းဖိနှိပ်ပြီး...” အဲဒီမှာတင် စကားရပ်သွားကာ ငိုတော့တာပါပဲ။

သူတို့လုပ်သမျှ အပြစ်ကြီးပဲ ပြောနေကြတာပဲ။ ဘာမှန်းလည်း မသိဘူးဆိုတဲ့အကွက်နဲ့ ငိုချပစ်လိုက်တာ မို့မို့မြင့်အောင်တောင် လက်ဖျားခါလောက်ပါရဲ့။ စစ်ဗိုလ်ချုပ်တွေလည်း သူတို့ကတော်တွေက ရာထူးတည်မြဲရေးအတွက် နတ်ကနားတွေ ခဏခဏပေးနေရတာနဲ့ သူတို့ကိုယ်တိုင် အခြောက်တွေဖြစ်နေပြီဆိုတာ ခုမှပဲရုပ်လုံးပေါ်လာတော့တယ်။ ပြည်သူလူထုကတော့ အားလုံးသိနေပြီးသားပါ။

အရပ်ထဲက စကားနဲ့ ပြောရရင် “တော်စမ်းပါ... ကျော်ဆန်းရာ... မင်းလယ်က ထွက်သမျှစပါး အားလုံး အဖျင်းတွေချည်းပါပဲ။ ဒီတော့ ပြိတ္တာမျက်ရည် နောက်ထပ်ကျမပြပါနဲ့တော့ကွာ။ ပြည်သူတွေ ဒီ့ထက်ပိုပြီး ဒုက္ခရောက်ကုန်ကြဦးမယ်....”

N.M.T (ညီမင်းသစ်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.