Thursday, August 11, 2011

0 ပဲခူး ရေကြီး မြို့သုံးပုံတပုံရေနစ်မြုပ်နေ

ပဲခူးမြစ်ရေလျှံတက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ပဲခူးမြို့၏ သုံးပုံတပုံ ရေနစ်မြုပ်လျက်ရှိနေသည်ကို တွေ့ရသည်။ ပဲခူးမြို့မှာ နှစ်စဉ် ရေကြီးတတ်သော်လည်း ယခုတစ်ကြိမ် ရေကြီးခြင်းမှာ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးဝါးဆုံး ဖြစ်သည်ဟု မြို့ခံအချို့က ၄င်းတို့အတွေ့အကြုံအရ ပြောသည်။

ရေနစ်မြုပ်လျက်ရှိသည့် ပဲခူးမြို့ လူနေရပ်ကွက်အတွင်း လှေများဖြင့် သွားလာနေကြစဉ် (ဓါတ်ပုံ-YPI)

“အရင်ကျွန်မ အသက်၈နှစ်လောက်ကတော့ ရေလျှံဘူးတယ်။ အခု ၂၉နှစ်ဆိုတော့ အနှစ်နှစ်ဆယ် ကျော်အတွင်း ဒါနည်းနည်းဆိုးတဲ့ ရေလျှံမှုလို့ထင်တယ်”လို့ မအိဖြူက ပြောပြခဲ့သည်။

လက်ရှိ ရေကြီးနေသော နေရာအချို့မှာ မဇင်းရပ် ၊ ကျွန်းသာယာ ရပ်နှင့် အနိမ့်ပိုင်းနေရာများဖြစ်သည့် ဘူတာမှ အဝေးပြေးကားလမ်း တလျှောက် ရပ်ကွက်များ ဖြစ်သည်။ အဆိုပါ ရပ်ကွက်များတွင် ၃ပေခန့်အထိ ရေများနစ်မြှုပ် နေသဖြင့် ကားငယ်များ သွားလာရန်ခက်ခဲနေကြောင်း သိရသည်။ ရေမြုပ်နေသည့် ရပ်ကွက် အပိုင်းများတွင် လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်းလည်း သိရသည်။

“ကုန်းမြင့်ပိုင်းတွေကျတော့ ထော်လာဂျီတို့ ဆိုက်ကားတို့နဲ့ သွားတယ်။ လှေနဲ့ သွားရတဲ့နေရာတွေ လှေနဲ့သွားတယ်။ တချို့ဆို ကားကြီးတွေအပေါ် ဆိုင်ကယ်တင်ပြီးတော့ သွားရတယ်။ အိတ်စပတ်ကားတွေ မြို့ထဲဝင်လို့ မရတော့ဘူး။ ”လို့ ရှင်စောပုရပ်ကွက်တွင် နေထိုင်သူ ပဲခူးမြို့သူမအိဖြူ က ပြောပြသည်။

အိတ်စပတ်ကားနှင့် ကားငယ်များ မြို့တွင်း ၀င်မရသဖြင့် ထော်လာဂျီ ဆယ်ဘီးကားများနှင့် တယောက်လျှင် ငါးရာကျပ်ဖြင့် မြို့ထဲသို့ ပြေးဆွဲပေးနေရပြီး တချို့ ရေအ၀င်များသော ရပ်ကွက်တို့တွင် လှေများနှင့်သွားလာနေရသဖြင့် ပဲခူးသူပဲခူးသားတို့အတွက် အရင်နှစ်များထက် ရေဘေးဒုက္ခပိုကြီးနေသည်ဟု မြို့ခံများက ပြောကြသည်။

“ရေဘေးဒုက္ခသည်တွေကို လှူဖို့ ဒီနေ့လာကောက်တယ်။ လူတွေကလဲ တတ်နိုင်သလောက် အလှူထည့်ကြတယ်။ ဦးကိတ္တဆိုတဲ့ ပရဟိတလုပ်နေတဲ့ ဆရာတော်လဲ ဦးဆောင်ဦးရွက်ပြု ကူညီပေးနေတယ်လို့ ကြားတယ်။ ရွှေနံ့သာကျောင်းမှာရှိတဲ့ ပေတရာလောက် စင်္ကြန်လမ်းမှာ ဒုက္ခသည်တွေ အပြည့်ပဲ။ နောက် သာသနာ့ဗိမာန်မှာ ကျွန်တော်ကြားရသလောက်ကတော့ လူ၂၀၀လောက် ရှိတယ် ကြားတယ်”လို့ ကျောက်ဖူးကုန်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

လောလောဆယ် ရေဘေးကယ်ဆယ်ရေးအတွက် ပဲခူးသာသနာ့ဗိမာန်၊ ကလျာဏီသိမ်နှင့် အနောက်ရွှေနံ့သာကျောင်းတို့တွင် အဓိက ရေဘေးကယ်ဆယ်ရေး စခန်းအဖြစ်ဖွင့်လှစ်ထားပြီး အခြားရပ်ကွက်နှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်လဲ ရေဘေးဒုက္ခသည်များကို ခိုလှုံခွင့်ပြုထားကြောင်း သိရသည်။

Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.