Monday, August 8, 2011

0 Massage နှင့် KTV အချို့ ဗြောင်ကျကျ ပြန်လည်ထကြွ.

  • ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့ရှိ Massage & KTV ကဲ့သို့သော လုပ်ငန်းများကို ပိတ်သိမ်းမည်ဟု ကြေငြာခဲ့ပြီးလိုက်လံစစ်ဆေးပိတ်သိမ်းမူ့များ ရှိခဲ့သော်လည်း ယခုလက်ရှိတွင် ဗြောင်ကျကျ ပြန်လည်ထကြွလာလျှက် ရှိသည်ကိုတွေ့ရ

ရန်ကုန်မြို့ရှိ တရားမဝင်သော Massage & KTV အချို့မှာ ဇူလိုင်နောက်ဆုံးပတ်မှ စတင်ကာ ပြောင်ပြောင်တင်းတင်း ပြန်လည်ဖွင့်လှစ် လာကြပြီဟု ကိုယ်တွေ့သွားရောက်ခဲ့သူများ ထံမှ သိရသည်၊၊ Massage & KTV တစ်နိုင်တစ်ပိုင် ဖွင့်လှစ် ကြသူများမှာ ယနေ့ အချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း အဆိုပါလုပ်ငန်းများကို ကြီးကြီးမားမား လုပ်ကိုင်ကြသူများနှင့် ဟိုတယ်ကြီးများ မှာမူ ပြန်လည်ဖွင့်လှစ်ကြပြီဟု စုံစမ်းသိရှိရသည်၊၊

“တစ်ချို့နေရာတွေဆို တစ်ကယ့်ကို အကြီးကြီး၊ KTV & Massage နှစ်မျိုးစလုံးရှိတယ်၊ စီးပွါးရေးလုပ်ငန်းကြီး လို့တောင် ပြောလို့ရတယ်၊၊ တစ်ချို့ ဟိုတယ်ငယ်တွေမှာဆိုလျှင် ဟိုတယ် အမည်ခံထားပြီး KTV & Massage, Oil Massage အထိရှိတယ်၊၊ ကျွန်တော် သွားဖူးတဲ့ ဟိုတယ် နှစ်ခုကတော့ ပြန်ဖွင့်နေပြီ” ဟု မင်္ဂလာတောင်ညွန့် တွင် နေထိုင်သူ အင်ဂျင်နီယာတစ်ဦးက ပြောသည်၊၊

ရန်ကုန်မြို့တွင်း ဧရိယာဖြစ်သော ကျောက်တံတားမြို့နယ် အတွင်းရှိ KTV အချို့သည်လည်း ပြန်လည်ဖွင့်လှစ်နေပြီဟု ကိုယ်တွေ့သွားရောက်ခဲ့သူ တစ်ဦးက ပြောသည်၊၊

“အရင်တုန်းကလို KTV မယ်တွေ ရှိတုန်းပဲ၊၊ ဆိုင်မန်နေဂျာနဲ့ ရင်းနှီးလို့ ဘယ်လိုလဲ ရပြီလားလို့ မေးကြည့်တော့ စစ်ဆေးရေး ရှိတဲ့ အချိန်ဆိုရင် ခဏပိတ်ထားတယ်လို့ ပြောတယ်၊၊ စစ်ဆေးရေးရှိမရှိ ဘယ်လိုကြိုသိသလဲ ဆိုတော့ ခင်ဗျားဘာသာစဉ်းစားတော့” ဟု ၎င်းကပြောသည်၊၊

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့ရှိ KTV & Massage ကဲ့သို့ လုပ်ငန်းများကို ပိတ်သိမ်းမည်ဟု ကြေငြာခဲ့ပြီး၊ လိုက်လံစစ်ဆေး ပိတ်သိမ်းမူ့များလည်း ရှိသည့်တိုင်အောင် ကောင်းမွန်သော အစိုးရဖြစ်ရေးအတွက် ဟန့်တားနေကြသော ပျက်ယွင်းနေသည့် အယူအဆရှိသည့် ဝန်ထမ်းအချို့ကြောင့် ခရီးမတွင် ဖြစ်နေရသည်ဟု ရှေ့နေကြီးတစ်ဦးက ပြောသည်၊၊

“ဒီလို လုပ်ငန်းတွေ ဖွင့်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာဝန်ထမ်း တွေကြားမှာ လာဘ်ပေးလာဘ်ယူမူ့တွေက ခိုင်ခိုင်မာမာ ရှိနေကြသေးတယ်၊၊ သေသေချာချာ၊ ထိထိရောက်ရောက် မဖြေရှင်းရင် ပျောက်ကွယ်မှာ မဟုတ်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဦးသိန်းညွှန့်က ပြောသည်၊၊

မွန်ပြည်နယ် လွှတ်တော် ကိုယ်စာလှယ် ဒေါက်တာ အောင်နိုင်ဦးက “အခုလို ဘာမှ မကြာသေးခင်မှာ ဒီလုပ်ငန်းတွေ ပြန်ဖွင့် လာနိုင်တယ် ဆိုတာ တရားဥပဒေ စိုးမိုးရေးကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်တာပဲ၊၊ ဒီလုပ်ငန်းတွေက မြို့ကြီးပေါ်မှာ များတယ်၊၊ ကျွန်တော်တို့ နယ်ဘက်ကို မရောက်သေးဘူး၊၊ အခု ကတည်းက မြို့ကြီးပေါ်မှာ အမြစ်မဖြတ်ထား နိုင်ရင် တစ်ချိန်မှာ နယ်ဘက်ကို ကူးစက်မှာပဲ၊၊ အဲဒီ အခါဆို ဘယ်လိုမှ ထိန်းလို့ရမှာ မဟုတ်ဘူး” ဟု ကောက်ချက်ချသည်၊၊

ယင်းပြဿနာကို ကိုင်တွယ်မည်ဆိုပါက အဆိုပါ လုပ်ငန်းများမှ အမျိုးသမီးများအား အမှန်တကယ် အာမခံရှိသော လုပ်ငန်းများကို ဖန်တီးပေးနိုင်ရန် လိုသည်ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစား သင့်သည်ဟု ဦးသိန်းညွှန့်က ပြောသည်၊၊

Par Par Gyi

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.