ဥတ္တရသီရိမြို့နယ်မှ NLD ကိုယ်စားလှယ် ဦးမင်းသူ၏ ဆွေးနွေးချက်တွင်လည်း တိုင်းရင်းသားကိုယ်စားလှယ်များမှာ ရဲရဲဝံ့ဝံ့ တင်ပြရန် မ၀ံ့မရဲဖြစ်နေမှုများရှိကြောင်း ပြောကြားရာ ဥက္ကဌက အဆိုပါပြောကြားချက်အား ကန့်ကွက်ကြောင်း သတိပေးတခါက လူငယ်တစ်ယောက်ဟာ ဘ၀ကြီးပွားတိုးတက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို တရားမ၀င်သွားပြီး တံငါအလုပ်ကို လုပ်ကိုင်ခဲ့ပါသတဲ့။
လုပ်စက အရင်းမစိုက်လှေထိုးလိုက်ဆိုတဲ့ ရှေးစကားအတိုင်း တံငါလှေသားပေါ့၊ နောက်တော့ သူ့ရဲ့ကြိုးစားမှု ဥာဏ်ကောင်းမှု အကွက်မြင်မှု စတာတွေကြောင့် မာလိန်မှူးကြီး ဖြစ်လာခဲ့ပါသတဲ့၊ နောက်တော့လည်း လူမျိုးခြား တံငါသူဌေးကြီးရဲ့ ယုံကြည်စိတ်ချရတဲ့ မာလိန်မှူးကြီးဖြစ်၊ ဒီကနေ ခေတ်တွေအပြောင်းမှာ မိခင်နိုင်ငံရင်းကို ပြန်ဝင်လာပြီး လူမျိုးခြားတံငါသည်ကြီးရဲ့ အထောက်အပံ့နဲ့ ခေတ်မှီတံငါလုပ်ငန်းကို ကြီးကြီးကျယ်ကျယ်ဖြစ်အောင် လုပ်ကိုင်ချဲ့ထွင်ရင်း သူကြွယ်ကြီးတစ်ယောက်ဖြစ်လာပါလေရော။
သူကြွယ်ဖြစ်လာတော့ တစ်မူးရှိလို့တစ်ပဲလှူ ဆိုတဲ့ အလေ့အထရှိတဲ့ မိရိုးဖလာအစဉ်အလာအတိုင်း အလှူအတန်းတွေ ရက်ရက်ရောရော လုပ်တော့တာပေါ့၊ ဒါ့အပြင် သူရဲ့ဇာတိချက်မြုတ်က လူငယ်လူရွယ်လေးတွေကို အလုပ်အကိုင်ပေးတာတွေ ကြီးပွားအောင် နုတ်၏စောင်မခြင်း လက်၏စောင်မခြင်း စတာတွေ လုပ်ပေးလေတော့ သူဟာ ဇာတိနယ်ရဲ့ ကျေးဇူးရှင်ကြီးလို ဖြစ်လာတာပေါ့။
သူဟာ အတန်းပညာတော့ သိပ်ဖြစ်ဖြစ်မြောက်မြောက် မတတ်ရှာပါဘူး ဒါပေမဲ့ လောကမှာ ဘယ်လိုနေရင် ဘယ်လိုထိုင်ရင် ကြီးပွားချမ်းသာတယ် ဆိုတာကို ဘ၀ကျောင်းတော်မှာ ကောင်းကောင်းကြီး ပါရဂူမြောက် ဆည်းပူးလာခဲ့သူပဲ။ ဒီလိုနဲ့ သီရိဘာညာအစချီတဲ့ သူကြွယ်ဘွဲ့ကြီးကိုလည်း သူရလိုက်ပါတယ်။
ခေတ်တွေပြောင်းပြီး အမတ်ခေတ်ရောက်တော့ အင်မတန်သြဇာကြီးတဲ့ ပါတီကြီးတစ်ခုရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သူ့ရဲ့ဇာတိနယ်မှာ ၀င်ရောက်အရွေးခံပါလေရော။ နိုင်ငံရေးကို နားလည်လို့ နိုင်ငံရေးလောကထဲ ၀င်တာမဟုတ်ပါဘူး၊ အမတ်ဖြစ်ရင် အနည်းဆုံးတော့ ဂုဏ်ရှိမယ်လို့ သူတွေးတယ်လေ၊ ဒီလိုပဲ သူ့ရဲ့ပါတီကလည်း သူ့လို သြဇာရှိသူ လူလေးစားသူကို ကိုယ်စားလှယ်အလုပ်ခိုင်းရင် ပါတီဂုဏ်တက်တယ်ပေါ့။
တိုတိုနဲ့ပြောရရင် သူအမတ်ဖြစ်သွားတယ်။
သူ့ရဲ့အမတ်ဘ၀ ပထမနှစ်များကတော့ ပန်းခင်းသောလမ်းပါပဲ၊ မြို့တော်ကြီးကိုသွား လွှတ်တော်ကြီးကိုတက်၊ အများလက်ခုပ်တီးရင် တီးလိုက်၊ အိပ်ငိုက်ရင်အိပ်လိုက်၊ လွှတ်တော်ဆင်းရင် အပန်းဖြေလိုက်၊ ဇာတိမြို့ကိုပြန်လာရင် သူ့ကိုတလေးတစား လာနုတ်ဆက်တဲ့ ဒေသခံတွေကို ဂုဏ်ရှိရှိပြန်နုတ်ဆက်လိုက်၊ တချိန်က သူ့ကို အပေါ်စီးက ဆက်ဆံဖူးတဲ့ ဌာနဆိုင်ရာတွေ အခုတော့ သူ့ကို ရိုရိုသေသေ လေးစားပြနေတာကို အရသာခံလိုက် နဲ့ ဘ၀ကြီးက ကျေနပ်စရာကြီးဖြစ်လို့။
အဲ ... ဒုတိယနှစ်ရောက်တော့ လွှတ်တော်ကြီးက အရင်ကလို အပန်းဖြေစရာ နေရာမဟုတ်တော့၊ တချိန်တုန်းက နိုင်ငံတော်ကို ဆန့်ကျင်ခဲ့သူ သူပုန်သကန်တွေလို့ သတ်မှတ်ကာ ထောင်တွေတန်းတွေအချခံခဲ့ရသူတွေ ခေါင်းပေါင်းကြီးတွေ စွတ်လို့ လွှတ်တော်ထဲ ရောက်လာကြပြီ၊ လွှတ်တော်ကြီးက ငြင်းကြခုံကြ ဆွေးနွေးကြ အလုပ်လုပ်ကြတဲ့ နေရာဌာနကြီးဖြစ်လာခဲ့ပြီ။ ဒီတော့ အရင်နှစ်ကလို သူ့ဘ၀က ခပ်ငြိမ့်ငြိမ့် လွှတ်တက်အမတ်မင်း လုပ်နေလို့မရတော့၊ နိုင်ငံရေးသမားဘ၀ထဲ ရောက်မှန်းမသိ ရောက်နေတာကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပြီ။ တစ်သက်လုံးသိလာခဲ့တာ နိုင်ငံရေးသမားဆိုတာနဲ့ လက်ထိပ်နဲ့ထောင် တွဲလျက် ဒါကြောင့် နိုင်ငံရေးနဲ့ အဝေးဆုံး သူရှောင်ခဲ့သမျှ အခုတော့ ကျောချမှ ဟ ငါနိုင်ငံရေးသမား ပါလားလို့ သတိထားမိတော့တဲ့အဖြစ်။
ကိုယ်စားလှယ်တိုင်း ကိုယ်စားလှယ်တိုင်း ဟာ နိုင်ငံရေးသမားပီပီ မိမိတို့ရပ်ရွာအကျိုး နိုင်ငံတော်အကျိုး ထောက်ပြဆွေးနွေးပြီး လူစွမ်းပြရတဲ့အချိန်ကိုရောက်လာတော့ သူလည်း ဟယ် ၀က်ဖြစ်မှတော့ ဟိုသင်းကြောက်နေလို့မရ ဆိုတဲ့ထုံးအတိုင်း နိုင်ငံရေးစာတွေ ပေတွေ တတ်နိုင်သလောက် ကြိုးစားဖတ်ရှု့လေ့လာပြီး မိမိဇာတိနယ်မှာ ဘာတွေလိုအပ်နေသလဲ ဘာတွေလုပ်သင့်သလဲ ဆိုတာမျိုးတွေ ကွင်းဆင်းစနည်းနာလို့ လွှတ်တော်ကြီးထဲမှာ တင်ပြဆွေးနွေးရင်း သူဟာလည်း ခေသူမဟုတ်ကြောင်း ကိုယ်ရည်ပြပါသတဲ့။
သူ့ဇာတိနယ်က စကားကို ရှေးပျူတွေ ပုဂံတွေ ပြောသလို လဆွဲသံထည့်ပြီး ပြောတဲ့ အလေ့အထရှိပါတယ်။
လွှတ်တော်ကြီးမှာ သူ့ကိုယ်သူ ကီး တွေသွင်း ရဲဆေးတင်ပြီး ပထမဆုံး လူစွမ်းပြအဆိုတင်သွင်းတဲ့အခိုက်မှာပဲ လွှတ်တော်ဥက္ကဌမင်းက သူ့ကို ကိုယ်စားလှယ်တော်ကြီး ခင်ဗျားပြောတဲ့စကားကို အများနားမလည်ပါဘူး ဆိုပြီး ထိုင်ခိုင်းလိုက်ပါသတဲ့။
သူဟာ သူ့ဒေသလိုအပ်ချက် သူ့ကိုမဲပေးသူတွေရဲ့ လိုလားချက်ကို လွှတ်တော်ကြီးသိအောင် တင်ပြတာပါ၊ ဒီအတွက် သူ့မှာအပြစ်မရှိပါဘူး၊ ဒီလိုပဲ သူဟာ သူ့ရဲ့ချက်မြုတ်ဒေသစကားကလွဲ ကျန်တဲ့ဘာသာစကားမပြောတတ်တာလဲ သူ့အပြစ်မဟုတ်ပါဘူး၊ သူ့အမေကလည်း ငါသား ကြီးလာရင် အမတ်လုပ်မယ်လို့ ရည်ရွယ်ထားပြီး သူ့ကိုမွေးခဲ့တာမဟုတ်တော့ သူ့အပြစ်မဟုတ်ပါဘူး။ ဒီလိုပဲ လွှတ်တော်ထဲက လူအများစုကလည်း သူ့အရပ်ဒေသစကားနားမလည်တာ အပြစ်မဟုတ်ပါဘူး၊ နားမလည်တော့ သူဘာတင်ပြသလဲဆိုတာ ကျန်တဲ့ကိုယ်စားလှယ်တွေ မသိနိုင်တာမို့ ဆွေးနွေးဖို့ မဖြစ်နိုင်ပါဘူး ဒါကြောင့် အထိုင်ခိုင်းတဲ့ လွှတ်တော်ဥက္ကဌမှာလည်း အပြစ်မရှိပါဘူး။
ဒါဆိုအပြစ်က ဘယ်သူလဲ ....
တိုင်းရင်းသားတွေဟာ သူတို့အရေးဆွေးနွေးဖို့ရာ စကားအသုံးအနှုံးအားနည်းလို့ မ၀ံ့မရဲဖြစ်နေရှာတယ်ဆိုတဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ အဆိုကို လွှတ်တော်တစ်ခုရဲ့ ဥက္ကဌကြီးတစ်ဦးက ပယ်ချပြီး အဲဒီကိုယ်စားလှယ်ရဲ့ အဆိုကိုတောင် ဝေဘန်အပြစ်တင်ခဲ့တာကို သတင်းတွေထဲမှာ ဖတ်လိုက်ရပါတယ်။
မြန်မာစကား (အထူးသဖြင့် ပြည်မစကား) မကျွမ်းကျင်တဲ့ ကိုယ်စားလှယ်တစ်ဦးအတွက် သူ့အမြင် သူ့အတွေး သူ့ဒေသအရေး နိုင်ငံအရေးတွေကို ချပြပြောဆိုဖို့ ဘာသာစကားဟာ အတားအဆီးကြီးတစ်ခု ဖြစ်နေတာအမှန်ပဲ၊ တိုင်းပြည်သွေးစည်းညီညွှတ်ရေးမှာ အမြင်ချင်းညီအောင်ညှိဖို့အတွက် ရင်ထဲက စကားလုံးတွေ လွယ်လွယ်ကူကူထွက်အောင် တစ်ခုခုတော့ လိုအပ်နေမလား။ အများစုကပြောမှာပါ မြန်မာလူမျိုးအများစု နေထိုင်တဲ့ နိုင်ငံမှာ အမတ်လုပ်မဲ့ လူတစ်ယောက်အဖို့ မြန်မာစကားတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်ထားသင့်တာပေါ့လို့ ဆိုကြမှာပဲ၊ ဒါပေမဲ့လည်း ...အင်း
mokenlay(MMCP)
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်