Friday, August 3, 2012

1 အဖြစ်အပျက်တွေက ရှေ့နောက်မညီလွန်းလို့ပါ..

ပြည်သူ့ဆန္ဒကို လေးစားပြီး ပြည်သူ့အသံကို အမြဲနားထောင်တယ်ဆိုတဲ့ သမ္မတကြီးဟာ... သူ့စိတ်ကြိုက်ဖွဲ့စည်းထားတယ်လို့ မှတ်ယူနိုင်တဲ့ ကက်ဘိနက်အဖွဲ့က ဝန်ကြီးတွေက သူတိုင်းပြည်ကို ပြောခဲ့ဖူးတဲ့ စကားတွေကပြောင်းကပြန် ဖြစ်အောင်ထင်ရာလုပ်...ထင်ရာပြောနေတာကိုမသိချင်ယောင်ဆောင်နေရတယ်....နာဂစ်ဖွဲ့စည်းပုံက ပေးထားတဲ့ လွတ်လပ်စွာ ရေးသားခွင့် ဆန္ဒဖော်ထုတ်ခွင့် ဆိုတာတွေကို အပြတ်အသတ်နှိပ်ကွပ်ပြတယ်.. ကိုယ်ရေးထားတဲ့ ဥပဒေကို ကိုယ့်ဖာသာကိုယ်ချိုးဖောက်နေတယ်.. ဆိုတော့ကာ... သမ္မတမှာလည်းအစိုးရအဖွဲ့အပေါ်မှာအာဏာမရှိတာထင်ရှားပါတယ်.... ပြည်သူကြိုက်ဖို့ဆိုတာထက် နောက်ကွယ်က တစ်ဦးတစ်ယောက်... အဖွဲ့အစည်းတစ်ခုရဲ့ စေခိုင်းမှုအတိုင်း လုပ်နေရတယ်ဆိုတာ သိသာလာစေတယ်
ဆရာမောင်ဝံသ ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီး တောင်တောင်အီအီ တွေးနေမိတယ်...

စာပေစီစစ်ရေးဆိုတဲ့ အဖွဲ့အစည်းက ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့်ပိတ်သတဲ့... အဲဒီမတိုင်ခင်ကလည်း လျှပ်တစ်ပျက်ဂျာနယ်ကို ထုတ်ဝေခွင့်ပိတ်.. တရားကလည်း စွဲထားသေးတယ်... အဓိကပြဿနာက ဘာလဲ.. စဉ်းစားကြည့်တော့.... ပြန်ကြားရေးဝန်ကြီးဌာန အသုံးမကျတဲ့ အကြောင်းရင်းကို ဟိုက်လိုက်လုပ်တဲ့ ပြဿနာဘဲ....

တိုင်းပြည်ရဲ့အခြေအနေဟာ အပြင်းအထန် ရုန်းကန်နေရတဲ့အချိန်.. စနစ်တစ်ခုကနေ စနစ်တစ်ခုဆီကို ကူးပြောင်းဖို့ အားထုတ်ကြိုးစားနေတဲ့အခြေအနေမှာ.. တိုင်းပြည်ကောင်းစားတာကို မမြင်လို မရှုစိမ့်တဲ့ အဖျက်အမှောင့် ပယောဂ တွေက အတွင်းမှာရော အပြင်မှာပါ.. မြင်နေရ.. တွေ့နေရတယ်...

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူအုပ်ကြီးကိုပစ်ခတ်နှိမ်နင်းပြီး လူထောင်နဲ့ချီသတ်ဖြတ်ပြီး အာဏာသိမ်းခဲ့တယ်ဆိုတဲ့ ရာဇဝင်ဆိုးနဲ့ စစ်အာဏာရှင်စနစ် ဆိုတာကို နှစ်ပေါင်းနှစ်ဆယ်ကျော် ကိုင်စွဲခဲ့တဲ့အတွက် မြန်မာအစိုးရ ဆိုတာနဲ့ နိုင်ငံတကာမှာက.... ရွှေတိဂုံဘုရားခြေရင်းတောင်မရှောင်ဘဲ ဘုန်းကြီးတွေကို ရိုက်နှက်သတ်ဖြတ်တဲ့ အစိုးရ ဆိုတာ စိတ်ထဲစွဲနေကြတယ်... နှစ်ပေါင်းနှစ်ဆယ်ကျော် ပြည်တွင်းက မီဒီယာတွေ နှိပ်ကွပ်ခဲ့တဲ့အတွက် ပြည်တွင်းက ပုဂ္ဂလိက မီဒီယာဆိုတာ အားကောင်းမောင်းသန် ရှင်သန်ထွန်းကားခွင့်မရခဲ့ဘူး... မုဆိုးစိုင်သင် ဆိုသလို.... ရှေ့က ဝါရင့်သမ္ဘာရင့် စာနယ်ဇင်းသမားတွေကို အတုယူ သင်ကြားသူက သင်ကြားနဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာလောကဟာ အခက်အခဲအမျိုးမျိုးကြားကနေ ဖွံ့ဖြိုးအောင် ရုန်းကန်ခဲ့ကြရတယ်.. အင်မတန် ကံကောင်းတဲ့ မီဒီယာသမားများကတော့ အမေရိကရဲ့ ဆိုးရော့ဇ်ဖောင်ဒေးရှင်းအထောက်အပံ့နဲ့ ပေမှီဒေါက်မှီစာနယ်ဇင်း ပညာကို သင်ကြားခွင့်ရခဲ့ကြတယ်... တစ်ချို့တွေကျပြန်တော့ စကောလားရှစ်တို့ ဖဲလိုးရှစ် တို့ဆိုတာတွေနဲ့ စာနယ်ဇင်းပညာ ဆည်းပူးလေ့လာခွင့်ရခဲ့ကြတယ်.. ဒါပေမယ့်.. အမျိုးမျိုး ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တဲ့ စနစ်ဆိုးကြီးရဲ့အောက်မှာ မြန်မာ့ မီဒီယာလောကဟာ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘူး...

ဒီကြားထဲမှာ လေးစားလောက်တဲ့ မီဒီယာသမားတစ်ချို့ဟာ အခက်အခဲအမျိုးမျိုးကြားကနေ ပြည်သူလူထုကို နားမျက်စေ့ဖွင့်ပေးဖို့ ကြိုးစားခဲ့ကြတယ်.... ဆရာမောင်ဝံသ ရေးတဲ့ဆောင်းပါးမှာ ဖတ်ရတာက အင်ဒိုနီးရှားနိုင်ငံကို ဆရာရောက်သွားတဲ့အချိန်မှာ သိရှိခွင့်ရခဲ့တဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေတစ်ခုတဲ့.... အဲဒါဘာတုန်းဆိုတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက်သူ မည်သူမဆိုကို အဲဒီဥပဒေအရ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ရူပီး သန်းငါးရာ.. ( မြန်မာငွေ သိန်းငါးရာခန့် ) ဒဏ်တပ်နိုင်သတဲ့.. အဲဒီဥပဒေရဲ့ ရည်ရွယ်ချက်က အဓိကအားဖြင့် သတင်းသမားတွေကို နှောက်ယှက်မယ့်အစိုးရ အာဏာပိုင်တွေကို ဟန့်တားတဲ့ ဥပဒေတဲ့... ဒါနဲ့ ဆက်စပ်ပြီး ဆရာမောင်ဝံသ ကတော့ မြန်မာပြည်မှာကတော့ ဒါကို ပုံတူကူးချမယ့်အစား ] ဒီမိုကရေစီတည်ဆောက်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအနရာယ်မှ ကာကွယ်သည့်ဥပဒေ} ဆိုတာမျိုးကို ပြဌာန်းနိုင်ရင် သိပ်ကောင်းမှာဘဲလို့ ဆရာက.. ရေးတယ်.. မှန်ပါတယ်.. ဒီမိုကရေစီ တည်ဆောက်ရေးကို နှောက်ယှက်ဟန့်တားနေတဲ့လူတွေ အသေအချာရှိနေတယ်ဆိုတာ အားလုံးက ကောင်းကောင်း သဘောပေါက်နေကြပါပြီ...

လွတ်လပ်တဲ့ သတင်းမီဒီယာကို ကြောက်ရွံ့ ထိတ်လန့်တယ်ဆိုတဲ့ လူစားတွေဟာ ဘယ်လိုလူစားတွေလဲဆိုတာ ပြေးကြည့်စရာမလိုဘူး တွေးကြည့်ရုံနဲ့သိနိုင်တာပေါ့... ငါသိ... ငါတတ်.. ငါလုပ်သမျှ အကောင်းဆိုပြီး ငါခြင်းမိုးမွှန်နေအောင် ပြော.. ပြီး ကိုယ်ကျိုးရှာနေတဲ့ လူစားတွေ... အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ မုသားအလီလီ ပလီပလာပြောတတ်တဲ့ လူစားတွေ... အဂတိလိုက်စားတဲ့ လူစားတွေရဲ့ မဟုတ်မဟတ်တွေကို ပြည်သူသိအောင် ပြည်သူရဲ့ နားမျက်စိဖွင့်ပေးမယ့်... မီဒယာလောက ဖွံ့ဖြိုးတိုးတက်တာကို အပြင်ပန်းမှာ ကြိုဆိုသယောင် အားပေးသယောင်နဲ့ အချိန်တန်တော့... နှစ်ပေါင်းများစွာ အကျင့်စွဲလာတဲ့အတိုင်း.. အခွင့်အာဏာကို သုံးပြီး ထုတ်ဝေခွင့်ပိတ်တဲ့ လုပ်ငန်းမှာဘဲ ဇာတ်သိမ်းတယ်.. သူတို့လုပ်တတ်တာက ဒါဘဲရှိတာကိုး...

နှစ်ပေါင်း နှစ်ဆယ်ကျော် အောက်ကျ နောက်ကျနဲ့ နိုင်ငံတကာမြင်ကွင်းမှာ အမြင်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပုံရိပ်ဟာ မီဒီယာလွတ်လပ်ခွင့်ချို့တဲ့တာကြောင့် ပိုပြီးအားနည်းရတယ်.... အစိုးရအာဘော် မီဒီယာတွေဆိုတာက သတင်းထိမ်ချန်တာ... သတင်းလိမ်တွေထုတ်တာ... အစရှိတာတွေအပြင် အစိုးရကောင်းကြောင်းဝါဒဖြန့်ချီရေးနဲ့ အစိုးရလူကြီးမင်းများ အခမ်းအနားတက်တာ... လက်နောက်ပစ်ပြီး ဟိုဟိုသည်သည် ကြည့်တာလောက်ဘဲ ထုတ်ပြန်ပေးတဲ့ ဌာနဖြစ်လေတော့ အစိုးရ ပြန်ကြားရေးဌာနရဲ့ ဥပဓိရုပ်ကို... ပြည်တွင်းမှာရော ပြည်ပမှာပါ.. အယုံအကြည်မရှိကြတာ မဆန်းပါဘူး... သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ] ဗိုလ်ချုပ်မှူးကြီးဟာ ၂၄ နာရီပတ်လုံး နိုင်ငံ့တာဝန်ထမ်းဆောင်နေပါတယ်..} လို့ ပလီစိခြောက်ချက် ပြောတတ်လွန်းတဲ့ ဝန်ကြီးမင်းဟာ စစ်အစိုးရ လက်ထက်မှာ နိုင်ငံတော်ပြောရေးဆိုခွင့်ရအဖွဲ့.. ခေါင်းဆောင်ဖြစ်ခဲ့တာ မဆန်းပါဘူး... ဒီနေ့ဒီအချိန်... ဒီမိုကရေစီလို့ တစာစာ အော်ဟစ်ပြီး လူထုလူတန်းစား အလွှာအသီးသီးနဲ့ မီဒီယာတွေ လွတ်လပ်ခွင့်ကို အငမ်းမရ ဆုပ်ကိုင်အသုံးချ လာချိန်မှာတော့ ဒီလို ပလီစိခြောက်ချက် ဝန်ကြီးမင်းအဖို့ မချိသွားဖြဲပြီး သူများဒီမိုကရေစီလို့ ဒီမိုကရေစီနေရပေမယ့်... အတွင်းစိတ်မှာတော့ လိုလားမယ်မထင်...

ဒီလို ဆယ်စုနှစ်နဲ့ချီပြီး တိုင်းပြည်ရဲ့ မီဒီယာယန္တယား အောက်ကျနောက်ကျ ဖြစ်ရခြင်းရဲ့ အကျိုးဆက်က ပထမဦးဆုံး မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှုရဲ့ နိုင်ငံတကာ ခုံရုံး ဆုံးဖြတ်ချက်မှာ.. သိသိသာသာ တွေ့ရမယ်..... မြွေမသေ တုတ်မကျိုး ခုံရုံးရဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ကို ဘင်္ဂလားဖက်က မီဒီယာအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့အခါမှာ ပါးစပ်အဟောင်းသားနဲ့ အောက်ကျ နောက်ကျ ခံလိုက်ရတယ်... မြန်မာ့မီဒီယာတွေဟာ နိုင်ငံတကာမှာ မတိုးနိုင်ခဲ့တာ.... မြန်မာအစိုးရ ထုတ်ပြန်ချက်တွေဟာ နိုင်ငံတကာ မီဒီယာမှာ ယုံကြည်ကိုးစားမှု ဩဇာကင်းမဲ့တာကို သတိပြုမိနိုင်ခဲ့ကြတယ်....

ဟော.. အခုနောက်ဆုံး ကြုံတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်အရေးမှာ... အခြေအနေမှန် သတင်းမှန်ကို အတတ်နိုင်ဆုံး ထုတ်ပြန်ပေးခဲ့ကြတာက ပုဂ္ဂလိက စာနယ်ဇင်းတွေ... ဒီစာနယ်ဇင်းတွေက လူအင်အား ငွေအင်အားသုံး အပင်ပန်းခံပြီး သတင်းဖြစ်ရပ်မှန်တွေကို ထုတ်ပြန်ပေးနိုင်ဖို့ အားထုတ်ခဲ့ကြပေမယ့်... ဆယ်စုနှစ်နဲ့ချီပြီး နှိပ်ကွပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ပြည်တွင်းက မြန်မာပြည်သူတွေကို သတင်းမှန်ပေးနိုင်ခဲ့ပေမယ့်... နိုင်ငံတကာအဆင့်မှာ တစ်ဖက်အင်အားစုကို မယှဉ်နိုင်ခဲ့တာ လက်တွေ့ပါ...

တာဝန်အရှိဆုံးဖြစ်တဲ့ အစိုးရ ပြန်ကြားရေးယန္တယားက ဘာလုပ်နေသလဲဆိုတော့ ဇွန်လ ၃ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ဇွန်လ ၅ ရက်နေ့မှာမှ သတင်းထုတ်ပြန်တယ်.. သတင်းထုတ်ပြန်ရာမှာလည်း.. သံသယဖြစ်ဖွယ် လှုံ့ဆော်စော်ကား အငြင်းပွားစေတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ထုတ်ပြန်တယ်... အားလုံးက ဝိုင်းပြီး ထောက်ပြကြတဲ့အခါ ပြင်ဆင်ချက်လေး မထင်မရှားထုတ်ရုံကလွဲလို့ စာဖတ်ပရိသတ် ကိုသော် လည်းကောင်း... ကျေးဇူးရှင် အခွန်ထမ်း ပြည်သူလူထုတစ်ရပ်လုံးကိုသော်လည်းကောင်း တစ်လုံးတစ်ပါဒမှ တောင်းပန်တာမရှိဘဲ မျက်နှာပြောင်ပြောင်နဲ့ မသိချင်ယောင်ဆောင်နေတယ်... ဒီလို အစိုးရအာဘော် သတင်းစာမှာ လူမျိုး ဘာသာနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် အရေးအသားဟာ ဒီတစ်ကြိမ်ထဲမဟုတ်ပါဘူး... ရခိုင်ပြဿနာမဖြစ်မီ တစ်လဝန်းကျင်မှာကတည်းက ကြေးမုံသတင်းစာရဲ့ မှုခင်းသတင်းတစ်ခုမှာ လင်က မယားကိုသတ်ပြီး သူ့ကိုယ်သူ သတ်သေတဲ့ တောင်ငူမြို့နယ်က အမှုတစ်ခုမှာ ကရင်လူမျိုး ခရစ်ယာန်ဘာသာ ဆိုပြီး ထည့်ရေးထားလို့ ခရစ်ယာန်ဘာသာဝင်တွေ ဒေါသထွက်ကြတယ်.. ဘယ်ခေတ် ဘယ်ကာလကမှ မသုံးနှုန်းခဲ့... မရေးသားခဲ့တဲ့ အရေးအသားတွေနဲ့ အစိုးရအာဘော် မီဒီယာတွေရဲ့ အဆင့်အတန်းဟာ တဖြည်းဖြည်း နိမ့်ကျ အောက်ကျလာတာကို သတိပြုမိစေခဲ့ပါတယ်....

တိုင်းပြည်အတွက် အရေးကြီးတဲ့ ရခိုင်ပြဿနာလို အရေးအခင်းမျိုးပေါ်ပေါက်လာတဲ့အခါမှာတော့ တစ်ဖက် အင်အားစုတွေက ဘာသာရေးပြဿနာအဖြစ် ပုံကြီးချဲ့ဝါဒဖြန့်တဲ့အခါ နိုင်ငံတကာ မြင်ကွင်းမှာ ဒီကိစ္စကို အတော်များများက ဘာသာရေးပြဿနာအဖြစ် ရှုမြင်ကုန်ကြတယ်... အထူးသဖြင့် အစ္စလာမ်မစ် နိုင်ငံတွေမှာ ပိုဆိုးတယ်... ဒီလို တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်မှာ.. အစိုးရရဲ့ မီဒီယာ ဘာလုပ်နေသလဲ...

အချင်းချင်း ဆော်ဘို့ ချောင်းနေတယ်... ဘားမားနဲ့ မြန်မာကိစ္စကို ပုံကြီးချဲ့နေတယ်..... အဆိုးဆုံးက ဒီရက်ပိုင်း.. သမ္မတနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရန်တိုက်ပေးတဲ့ အရေးအသားကို တစ်တစ်ခွခွ ဆန့်ကျင်တဲ့ ဂျာနယ်ကို အရေးယူတယ်... အကြောင်းပြချက်က စာပေစီစစ်ရေးရဲ့ စည်းကမ်းကို ဖောက်ဖျက်လို့...
ဒီမိုကရေစီစနစ်ကို သွားနေပါပြီ... စာပေစီစစ်ရေးကို ဖျက်သိမ်းပါတော့မယ်လို့ တစာစာအော်နေတဲ့ကြားထဲက... စာပေစီစစ်ရေးက အသားကုန် အာဏာပြနေတာ.. ဆန်းသလား.... မဆန်းပါဘူး... ပြန်ကြားရေးဝန်ကြီးဌာန.. ပြည်ထောင်စု ဝန်ကြီးဆိုတာ ရှိတယ်... အဲဒီဝန်ကြီးဟာ... သမ္မတရဲ့ မိန့်ခွန်းကို ဆင်ဆာ ဖြတ်တောက် ပိုင်ခွင့်ရှိတယ်... ပြည်ထောင်စု လွှတ်တော်ဥက္ကဌပြောတဲ့စကားတွေကို လိုသလို ပြင်ဆင်ဖြတ်တောက် ပိုင်ခွင့်ရှိတယ်... ဒီအချက်ကို အားလုံး ထင်သာမြင်သာဖြစ်အောင် ကိုယ်ထင်ပြနေတာလား.... ဒါမှမဟုတ် နောက်ကြောင်းပြန်လှည့်ဖို့ အခြေအနေတွေကို ဖန်တီးနေတာလား... အတိုက်အခံခေါင်းဆောင်နဲ့ သမ္မတကို ရန်တိုက်ပေးတဲ့ အရေးအသားမျိုးကို တရားဝင် ဆန့်ကျင်ဖို့ထက်.. တိတ်တိတ်လေး လက်ခုပ်တီးတဲ့အပြင် ဆန့်ကျင်ရေးသားတဲ့ သတင်းမီဒီယာကိုပါ နှိပ်ကွပ်တာလား...

အားလုံးသိကြတဲ့အတိုင်း ၂၀ဝ၈ ခုနှစ်မှာ စိတ်တိုင်းကျရေးဆွဲားတဲ့ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုခဲ့တယ်.. ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းပြီလို့ ကြေငြာတယ်.. ရွေးကောက်ပွဲလုပ်တယ်.. လွှတ်တော်ခေါ်တယ်.. အခြေခံဥပဒေနဲ့အညီ လွှတ်တော်က ရွေးကောက်တင်မြှောက်တဲ့ သမ္မတ ဆိုတာ ပေါ်လာတယ်.... သမ္မတက ဦးဆောင်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းတယ်.... ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောမယ်ဆိုရင်... သမ္မတ စိတ်ကြိုက်ဖွဲ့စည်းတယ်လို့ မှတ်ယူလို့ ရနိုင်တဲ့.... ကက်ဘိနက်အဖွဲ့ဝင်... ပြည်ထောင်စုဝန်ကြီးတစ်ယောက်ရဲ့ စိတ်တိုင်းကျ ဆင်ဆာဖြတ်တောက်မှုကို ရှောင်ရှားဖို့ သမ္မတရုံး ဝက်ဘ်ဆိုက်ကို ထူထောင်ပြီး သမ္မတရဲ့ ကိုယ်ပိုင် ပြန်ကြားရေးလုပ်ရတယ်.... ပြည်သူ့ဆန္ဒကို လေးစားပြီး ပြည်သူ့အသံကို အမြဲနားထောင်တယ်ဆိုတဲ့ သမ္မတကြီးဟာ... သူ့စိတ်ကြိုက်ဖွဲ့စည်းထားတယ်လို့ မှတ်ယူနိုင်တဲ့ ကက်ဘိနက်အဖွဲ့က ဝန်ကြီးတွေက သူတိုင်းပြည်ကို ပြောခဲ့ဖူးတဲ့ စကားတွေ ကပြောင်း ကပြန် ဖြစ်အောင် ထင်ရာလုပ်... ထင်ရာပြောနေတာကို မသိချင်ယောင်ဆောင်နေရတယ်....နာဂစ်ဖွဲ့စည်းပုံက ပေးထားတဲ့ လွတ်လပ်စွာ ရေးသားခွင့် ဆန္ဒဖော်ထုတ်ခွင့် ဆိုတာတွေကို အပြတ်အသတ်နှိပ်ကွပ်ပြတယ်.. ကိုယ်ရေးထားတဲ့ ဥပဒေကို ကိုယ့်ဖာသာကိုယ်ချိုးဖောက်နေတယ်.. ဆိုတော့ကာ...သမ္မတမှာလည်းအစိုးရအဖွဲ့အပေါ်မှာအာဏာမရှိတာထင်ရှားပါတယ်.... ပြည်သူကြိုက်ဖို့ဆိုတာထက် နောက်ကွယ်က တစ်ဦးတစ်ယောက်... အဖွဲ့အစည်းတစ်ခုရဲ့ စေခိုင်းမှုအတိုင်း လုပ်နေရတယ်ဆိုတာ သိသာလာစေတယ်...

ခြုံပြီးပြောရမယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေပြီလား... ကျနော် ဆက်ပြီးတော့ဘဲ စောင့်ကြည့်ပါရစေ... အဖြစ်အပျက်တွေက ရှေ့နောက်မညီလွန်းလို့ပါ...

koshwemung(MMCP)

1 comment:

  1. တက်လာတဲ့အစိုးရကိုကဒီပုပ်ထဲကဒီပဲပါဗျာ။ စောင့်ကြည့်နေလို့ကတော့နောက်ဘဝတစ်ခုသာရောက်သွားမယ်။ ရှေ့ကနွားကြီးဖြောင့်အောင်မသွားမှတော့သူနောက်ကနွားကဘာထူးမှာတုန်း။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.