Friday, August 3, 2012

0 သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ၀ိုင်းဝန်ကာကွယ် စောင့်ရှောက်ကြ

Photo..Sanay Tun
(“သတင်း မီဒီယာ လွတ်လပ် ခွင့်ကို ၀ိုင်းဝန်း ကာကွယ် စောင့်ရှောက်ကြ” ဆောင်းပါး ကို ဆရာ လူထု စိန်ဝင်းက ၂၀၁၂ခုနှစ် မတ်လ အတွင်း ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ယင်း ဆောင်းပါးကို စာပေ စိစစ်ရေးမှ ဖြုတ်ပယ်ခဲ့သဖြင့် ပုံနှိပ်ဖော်ပြခွင့် မရရှိခဲ့ပေ။)

အင်တာနက် ကနေပြီး “ဘလော့ဂ်”ရေးနေကြတဲ့ “ဘလော့ဂါ” တွေကို ထိန်း ချုပ်တဲ့ ဥပဒေ တစ်ခု ပြဌာန်းဖို့ နိုင်ငံကြီး တစ်ခုရဲ့ အစိုးရက ဆောင်ရွက်နေ တာနဲ့ ပတ် သက် ပြီး ငြင်းခုံ ဆွေးနွေး တာတွေ အများကြီး တွေ့နေရတယ်။ အဲဒီနိုင်ငံက လွှတ်တော်ထဲ အထိ ငြင်းခုန် ဆွေးနွေး နေကြတယ်။


လုံခြုံရေး ထိခိုက်တယ်


အစိုးရ ကတော့ ကိုယ့် ထင်မြင် ယူဆချက်ကို ရိုးရိုး သားသား ရေးနေကြတဲ့ “ဘလော့ဂါ” တွေကို ရည်ရွယ်တာ မဟုတ်ဘူး။ အွန်လိုင်းက နေပြီး ကလေး ညစ်ညမ်း ရုပ်ရှင် ဖြန့်ချိတာတွေ၊ ငွေကြေး လိမ်လည်မှု ပြုလုပ်တာတွေ၊ ဘဏ်တွေရဲ့ ကွန်ပြူတာ စနစ်တွေထဲ ထိုးဖောက် ၀င်ရောက်ပြီး ငွေခိုး ယူတာ တွေ ပြုလုပ် နေကြတဲ့ “ဟက်ကာ” တွေကို ရည်ရွယ်တာလို့ ရှင်းပြတယ်။ တစ်ချို့ “ဟက်ကာ”တွေက အစိုးရရဲ့ လုံခြုံရေး စနစ်တွေကို ထိုးဖောက် ၀င်ရောက်ပြီး နိုင်ငံ အတွက် အရေးကြီးတဲ့ သတင်း၊ လျို့ဝှက်ချက် တွေကို ခိုးယူတဲ့ အထိ အတင့်ရဲ နေကြတယ်။ ဒီ လုပ်ရပ်တွေကို မနှိမ်နင်းဘဲ ထားရင် နိုင်ငံတော် လုံခြုံရေးပါ ထိခိုက် စေနိုင်တယ် လို့လည်း အကြောင်း ပြတယ်။


လိုရာဆွဲယူသွားလိမ့်မယ်


ကန့်ကွက် သူများကတော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသား တင်ပြခွင့်ကို ကန့်သတ် ချုပ်ချယ် ဖို့ ခြေလှမ်း ပြင် လိုက်တာ ဖြစ်တယ်။ ဥပဒေ ဖြစ်သွားပြီ ဆိုတာနဲ့ တဖြည်းဖြည်း ချဲ့ထွင်ပြီး လိုရာ ဆွဲယူ သွားနိုင် တယ်။ နောက်ဆုံးမှာ ဆင်ဆာ လုပ်ခွင့် အထိ အစိုးရက ယူသွား လိမ့်မယ် လို့ ထောက်ပြပြီး အပြင်း အထန် ကန့်ကွက် ကြတယ်။ အစိုးရကလည်း သွေးတိုး စမ်းကြည့်တဲ့ သဘော နဲ့ ပြောကြည့်ပုံ ရပါတယ်။ အခုထိတော့ ဥပဒေ ရေးဆွဲဖို့ ကိစ္စကို ကြိုးစားပမ်းစား လုပ်ဆောင်တာ မျိုး မရှိသေးဘူး။ နောက်ထပ် “၀ီကီလိခ်” လို ကမ္ဘာ တစ်ခုလုံး ပွက်လော ရိုက်သွားစေတဲ့ ကိစ္စ မျိုး ပေါ်ထွက် လာအောင် စောင့်စား နေလိမ့် ဦးမယ်လို့ မှန်းဆ ရပါတယ်။


တစ်ကမ္ဘာလုံးမှာ သန်းချီရှိတယ်

ဒီနေ့ခေတ်က အင်တာနက်ခေတ် ဖြစ်တာနဲ့ အညီ ကလေး လူကြီး မရွေး အင်တာနက်ကို အသုံးပြု ကြတယ်။ တစ်ကမ္ဘာလုံးမှာ “ဘလော့ဂ်”တွေ သန်းချီ ရှိနေ ကြတယ်။ ကိုယ့် “ဘလော့ဂ်” ကနေပြီး ကိုယ့်ထင်မြင် ယူဆ ချက်တွေကို လွတ်လွတ် လပ်လပ် ပွင့်ပွင့် လင်းလင်း ရေးသား တင်ပြ ကြတယ်။ အစိုးရ လုပ်ဆောင် ချက်တွေကို ဝေဖန် သလို “ပင်မရေစီး” သတင်း မီဒီယာတွေရဲ့ ရေးသား ချက်တွေကိုလည်း အား မနာတမ်း ဝေဖန်တယ်။ လက်ကိုင်ဖုန်း ရှိသူတိုင်း ကမ္ဘာကြီးကို ခါးစောင်း တင်ပြီး စောင့်ကြည့် တယ်။ ပြောချင်တာ တွေ့ရင် ၀င်ပြော တယ်။ ရှေးကတော့ “ပင်မရေစီး” သတင်း မီဒီယာတွေကို အမြဲမပြတ် စောင့်ကြည့် ဝေဖန်သူ သိပ်မရှိဘူး။ အခုတော့ ဘာရေးလိုက် ရေးလိုက် တုန့်ပြန်သံ တွေက မိနစ်ပိုင်း အတွင်း တက်လာတယ်။ ကြိုက်ရင် ကြိုက်ကြောင်း ချီးကျူး ဂုဏ်ပြုသလို မကြိုက်ရင်လည်း မထောက်မညှာ မကြိုက်ဘူးလို့ ပြောတယ်။ အားမနာဘူး။ ၀ါတွေ၊ သမ္ဘာတွေ ကြည့်မနေဘူး။


သူတို့ စိတ်ဓာတ်ကို ထင်ဟပ်တယ်


အယ်ဒီတာ မကြိုက်မှာလည်း ဂရုစိုက် စရာ မလို၊ စိစစ်ရေး က ဖြတ်မှာ ဖြုတ်မှာ လည်း ကြောက်စရာ မလိုတော့ သူတို့ အရေးအသား တွေဟာ ပွင့်လင်း တယ်။ ဖြောင့် မှန်တယ်။ သူတို့ စိတ်ဓာတ်ကို အပြည့်အ၀ ထင်ဟပ် တယ်။ သူတို့ရဲ့ အိုင်ကျူက နိမ့်ရင် နိမ့် သလို၊ မြင့်ရင် မြင့်သလို သူတို့ အရေး အသား တွေမှာ ဖော်ပြတယ်။ ဒါမျိုးက “ပင်မရေစီး” သတင်း မီဒီယာတွေမှာ မတွေ့နိုင်ဘူး။ သူတို့က “ပရော်ဖက် ရှင်နယ်” တွေ ဖြစ်တော့ မဖြစ်မနေ လိုက်နာ စောင့် ထိန်းရတဲ့ ကျင့်ဝတ် တွေနဲ့ အညီ လုပ်ရ ကိုင်ရ ရေးရ သားရ တယ်။ မှန်တိုင်း ရေးလို့ မဖြစ်တာ တွေလည်း အများကြီး ရှိတယ်။


ပုဒ်ထီးပုဒ်မတွေလည်း ကြည့်ရ

လူ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု စံနှုန်း သတ်မှတ်ချက်ကို ငဲ့စောင်း ကြည့်ရသလို ဥပဒေတွေ၊ ပုဒ်ထီး ပုဒ်မတွေကိုလည်း ကြည့်ရတယ်။ အသရေ ဖျက်မှု၊ နိုင်ငံတော် လျို့ဝှက် ချက် ပေါက်ကြားမှု၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု၊ အစိုးရကို အကြည်ညို ပျက်စေမှု၊ ဆူပူ အောင် သွေးထိုး လှုံ့ဆော်မှု၊ အီလက် ထရောနစ် ဥပဒေ ချိုးဖောက်မှု၊ စတဲ့ စတဲ့ ဥပဒေ တွေက လက်ရှိမှာကို နည်းတာ မဟုတ်ဘူး။ ချဲ့ရင် ချဲ့သလောက် ကျယ်ပြန့် သွားသလို လိုချင်ရင် လိုချင် သလောက် ဆွဲဆန့် သွားလို့လည်း ရတယ်။ တော်တော် ကြောက် စရာ ကောင်း တယ်။


ဒီမိုကရေစီဆိတ်သုဉ်းခြင်း


တကယ်တော့ ဥပဒေဆိုတာ ဘယ် ဥပဒေမဆို ကြောက်စရာ ကောင်းတာ ချည့်ပါပဲ။ မရှိ မကောင်း ရှိ မကောင်းဆိုတာ သူမှ အစစ်။ မရှိပြန် တော့လည်း မဖြစ်ဘူး။ ရှိပြန်တော့လည်း ကိုယ့် လည်ပင်းကိုယ် ပြန် ကြိုးကွင်း စွပ်သလို ဖြစ်တယ်။ ဥပဒေဆိုတာ လူတွေကို ထိန်းချုပ်ဖို့ လုပ်ထားရတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ကောင်းတယ်လို့ ရှိနိုင်ပါ့မလဲ။ အထူးသဖြင့် လူတွေမှာ မွေးကတည်းက ပါလာတဲ့ မျက်စိ၊ နား၊ ပါးစပ်တို့ ထိန်းချုပ်ဖို့ လုပ်တာ မျိုးကတော့ နည်းနည်း နောနော လူ့အခွင့်အရေး ချိုးဖောက်မှုမှ မဟုတ်တာ။ ဘယ်လို လုပ်ပြီး သည်းခံနေလို့ ဖြစ်မှာလဲ။ ဒါကြောင့် “ဘလော့ဂါ”တွေကို ထိန်းချုပ်ဖို့ ရည်ရွယ် ထားတဲ့ ဥပဒေကို ဆန့်ကျင် ကန့်ကွက် နေကြတာ ဖြစ်တယ်။ သတင်း မီဒီယာ လွတ်လပ်ခွင့် ဆိတ် သုဉ်းခြင်းဟာ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ ချစ် မြတ်နိုးသူတိုင်း ၀ိုင်းဝန်း ကာကွယ် စောင့် ရှောက်ကြဖို့ လိုကြောင်း သတိ ပေးလိုက် ရပါတယ်။

လူထုစိန်ဝင်း
၁၈-၃-၂၀၁၂

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.