Saturday, October 27, 2012

0 ကိုယ်ချင်းစာစိတ်ထား လူသားများ

ကိုယ်ချင်းစာစိတ်ထား လူသားများ
၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ နံနက် (၁၂းဝဝ) နာရီအချိန်၌ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ်၌ ဒဏ်ရာရရှိသူ (၃) ဦးမှ ဒဏ်ရာပြင်းထန်သူတစ်ဦးအား စစ်တွေဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဋ္ဌာနသို့ လွှဲပြောင်းကုသရန်အတွက် “ရခိုင်သဟာရ” နာရေးကူညီမှုအသင်း၏ ဒု-ဥက္ကဋ္ဌ ဦးမြင့်ကျော်မှဆက်သွယ်အကူအညီ တောင်းခံခဲ့၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူနာတင်ယာဉ်နှင့်အတူ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ခံ ဦးဖြိုးကိုကို၊ ရှေးဦးသူနာပြုစုနည်း သင်တန်းသား (၄) ဦးတို့သည် ၂၄.၁ဝ.၂ဝ၁၂ ရက်နေ့ ညနေ (၃း၂၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဒဏ်ရာရလူနာအား လေယာဉ်ပေါ်မှ လူနာတင်ယာဉ်ပေါ်သို့ ရွေ့ပြောင်းတင်ဆောင်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ အလျင်မြန်ဆုံး ပို့ဆောင်ကူညီပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်ပါပို့ဆောင်ခဲ့သူ လူနာရှင်၏ သမီးဖြစ်သူ မမို့မို့ခင်မှ “မြောက်ဦးအပိုင်မှာ အိမ်ခြေ (၈ဝဝ) ရှိတယ်။ ပူရိန်ရွာမှာတော့ ဘင်္ဂါလီတွေနဲ့ ရခိုင်လူမျိုးတွေ စုပေါင်းပြီးနေပေမယ့် ဘင်္ဂါလီတွေ များတယ်။ ၂၂.၁ဝ.၂ဝ၁၂ နံနက် (၁၂းဝဝ) နာရီလောက်မှာ ကျေးရွာမှာ ဘင်္ဂါလီတွေနဲ့ ရခိုင်တွေ ပဋိပက္ခဖြစ် တယ်။ ကျေးရွာမှာရှိတဲ့ ရခိုင်တွေက မြောက်ဦးက ရခိုင်တွေကို အကူအညီတောင်းတော့ အဲဒီမှာ အဖေနဲ့ ရခိုင် အချို့က ပူရိန်ရွာအတွက် မြောက်ဦးကသွားပြီး ကူညီပေးကြတယ်။ ပဋိပက္ခဖြစ်သွားတဲ့ နေရာကို သမီးတို့ မြောက်ဦးကရွာသားတွေရောက်တော့ ရခိုင်တွေတော်တော်များများ ဒဏ်ရာတွေနဲ့ ပြီးတော့ ရခိုင်လူမျိုး (၃) ယောက်လောက် သေနေတယ်ပေါ့။ အဖေကလည်း လူစုကွဲပြီးတော့ ကျန်ခဲ့တဲ့အချိန်မှာ ဘင်္ဂါလီ လူငယ် တစ်ယောက်ကနေပြီးတော့ အဖေကို ရခိုင်လူမျိုးထင်ပြီး စကားပြောနေကြရင်း အဲဒီလူငယ်ကနေပြီးတော့ အဖေကို အချွန်တစ်ချောင်းနဲ့ လက်ပြင်ရိုးနားက ကြွက်သားပေါ်ကိုထိုးပြီး ထွက်ပြေးသွားတယ်။ အဲဒီမှာ အဖေလည်း ရေမြောင်းထဲကို ထိုးကျပြီးတော့ ကျန်ခဲ့တာပဲ။
အနောက်ကနေလိုက်သွားတဲ့ မြောက်ဦးကလူတွေရောက်တော့အဖေကို ရေမြောင်းထဲမှာတွေ့လို့ မြောက်ဦးဆေးရုံကို ပို့လိုက်ကြတယ်။ အဖေ့က အဲဒီ ဒဏ်ရာနဲ့ အာရုံကြောထိပြီးတော့ ခါးအောက်ပိုင်း လှုပ်လို့မရဖြစ်ပြီး အရေးပေါ်လူနာအနေနဲ့ စစ်တွေဆေးရုံ ကနေပြီးတော့ အခုလို ရန်ကုန်ဆေးရုံကို လွှဲပြောင်းပေးခံခဲ့တာပဲ။ အခုလိုကူညီတဲ့အတွက် အကိုတို့ နာရေး အသင်းကိုလည်း ကျေးဇူးတင်ပါတယ်” ပြောကြားခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ ဗြဟ္မစိုရ်တရား လေးပါးကို အခြေခံ၍ ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ လူသားများဟူသောအမြင်ဖြင့် ဒုက္ခရောက် နေသူများအား အကူအညီပေးဆောင်နေသည့် အသင်းအဖွဲ့တစ်ခုအနေဖြင့် အထက်ပါဖြစ်စဉ်အား လူသားချင်း စာနာထောက်ထားစွာ ကူညီပေးဆပ်လိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.