Thursday, October 25, 2012

0 အကြောက်တရားကို ဇွတ်အတင်း သွတ်သွင်းပေးနေသော ပညာရေးစနစ် မရှိအပ်တော့ပါ။

တလောက taare zameen par ဆိုတဲ့ အိန္ဒိယ ပညာရေးစနစ်ကို ဝေဖန်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကြည့်ပြီး ကျနော့်ရဲ့ ဒုတိယနှစ်က အဖြစ်အပျက်လေးတစ်ခု ပြန်သတိရမိတယ် ။ ကျနော်တို့က Eco အဝေးသင်ပါ ။ အနီးကပ် ၁၀ ရက်ကို ဒဂုံမှာတက်ရတယ် ။ စာမေးပွဲဖြေတော့လည်း ဒဂုံမှာပါပဲ ။ မှတ်မှတ်ရရ Eccount ဖြေတဲ့နေမှာပါ ။ အခန်းစောင့်မယ့် ဆရာမတစ်ယောက် ဒေါသတကြီးနဲ့ အခန်းထဲ ၀င်လာပြီး ဆူပူကြိမ်းမောင်လိုက်တာ သူပြောသွားတဲ့ စကားလုံးတွေကို ခုချိန် ထိ နားထဲက မထွက်နိုင်သေးဘူး ။

သူပြောသွားတာက "" မင်းတို့တွေဟာ ဒီကျောင်းက ကျောင်းသားတွေ မဟုတ်ဘူးဆိုတာ ငါအရင်ဆုံး သတိပေးပြောလိုက်မယ် ၊ အဲ့ဒီ့အတွက် ဒီကျောင်းက ဆရာတွေ လာမစော်ကားနဲ့ မရဘူး " ဆိုတာတွေရယ် "ကျောင်းမရှိတဲ့ ပေါက်လွတ်ပဲစားတွေ "ဆိုတာတွေနဲ့ "ပေါက်လွတ်ပဲစား" ဆိုတာခြင်းကို အပ်ကြောင်းထပ်နေအောင် ပြောကြာသွားတာပါ ။ အဲ့ဒီ့ဆရာမရဲ့ စကားကို ကန့်ကွက်တဲ့အနေနဲ့လည်း ကျနော်အပါအ၀င် ကျောင်းသား ကျောင်းသူ ၁၇ ယောက်လောက် (နောက်ထပ်အတန်းပြင် ထွက်လာသူတွေလဲရှိသေးတယ်) အခန်းပြင်ထွက်ပြီး စာမေးပွဲဖြေဆိုခြင်းကို ရပ်ဆိုင်းခဲ့ပါတယ် ။

နောက် ကျောင်းသားတွေအားလုံး လက်မှတ်ထိုးပြီး ပါချုပ်ထံလည်း စာပို့ခဲ့တယ် ။ ဘာမှတော့ ထူးထူးခြားခြားမရှိသွားပါဘူး ။ အောင်စာရင်းမှာ နာမည်တွေမပါတာကလွဲလို့ပေါ့ ။ နောက်မှကြားရတာတစ်ခုကတော့ ဟုတ်သလား မဟုတ်သလားတော့ မသေချာပါဘူး အဲ့ဆရာမဟာ ဗိုလ်မှုးကတော်ဆိုတာပါ ။ ဟုတ်ပါတယ် ကျနော်တို့ ဒီလိုပညာေ၇းစနစ်ကြီး တစ်ခုအောက်မှာ ဖြတ်သန်းခဲ့ရပါတယ် ။ အနှိမ်ခံရမှုတွေ ၊ လူရာမ၀င်မှုတွေ ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ ၊ ဘက်လိုက်မှုတွေ စတဲ့ ဆက်ဆံမှုတွေကြောင့် မုန်းတီးမှုတွေ နာကျည်းမှုတွေ သိမ်ငယ်စိတ်တွေ ကြောက်ရွံ့စိတ်တွေ ဒါတွေနဲ့ အသားကျစွာပဲ ကြီးပြင်းလာခဲ့တာပါ ။ အရွယ်ရောက်လို့ ကျောင်းစတက်တဲ့ အချိန်ကတည်း "တိတ်ကြစမ်း"ဆိုပြီး စားပွဲကို ကြိမ်လုံးနဲ့ တစ်ဖြောင်းဖြောင်းနဲ့ရိုက်တဲ့ အသံတွေဟာ ၅နှစ်သားကလေးတစ်ယောက်အတွက် ဘယ်လောက ကြီးမားတဲ့ ပြသနာလဲဆိုတာ တွေးကြည့်ကြပါတော့ ။ လူတစ်ယောက်ရဲ့ဘ၀မှာ အရေးကြီးဆုံးအချိန်တွေလို့ ပြောရမယ့် ၇ နှစ်ကနေ ၁၂ နှစ်အတွင်းဟာ ကြိမ်လုံးတွေ ချောက်လုံးတွေနဲ့ အလူးအလဲပါပဲ ။ သူများတွေကို မဝေဖန်ဘူး ကိုယ့်ကိုကိုယ်ပဲ ဝေဖန်ပြမယ် ။

ကျနော်ဟာဆတ်ဆတ်ထိမခံတတ်ဘူး ၊ လက်တုန့်ပြန်တတ်တယ် ၊ အလွယ်တကူ နာကျည်းတတ်တယ် ၊ ဒေါသထွက်လွယ်ပြီး စိတ်ကိုထိန်းချုပ်ရတာ သိပ်ကိုခက်ခဲတယ် ၊ လွယ်လင့်တကူ စကားကို လိမ်လည်တတ်တယ် ၊ သိမ်ငယ်စိတ်ကို ကာကွယ်တဲ့အနေနဲ့ မာနဆိုတာကို အမြင့်ကြီးထူထားတတ်တယ် ၊ ညှိနှိုင်းရခက်ခဲတယ် ၊ ပူပေါင်းဆောင်ရွက်တဲ့နေရာတွေမှာ အရမ်းအားနည်းတယ် ၊ ပြောရရင်တော့ ကုန်မှာတောင်မဟုတ်ပါဘူး ။ ပေါင်တောင် အတော်လေးနာသွားပီ လှန်ထောင်းလိုက်ရလို့ ။ ဒီပညာရေးစနစ်ကနေ ကြီးပျင်းလာတဲ့ ကျနော်တို့ လူအဖွဲ့အစည်းကြီးဆိုရင်ရော ။ ပြောစရာတော့ ရှိပါတယ်

"မင်းကြုံဘူးတဲ့အတွေ့အကြုံနဲ့ လူတိုင်းကို မချိန်ထိုးနဲ"့ ဆိုတဲ့စကားပါ ။ ဆရာ ဆရာမတွေ တစ်ယောက်မှ အရည်အချင်းမရှိဘူးလို့တော့ သိမ်းကြုံး ပြောလို့တော့ မရပါဘူး သို့သော်လည်း အများစုက ကျောင်းသားတွေအပေါ် စစ်တပ်အုပ်ချုပ်ရေးစနစ်နဲ့ပဲ ကိုင်တွယ်နေတယ်ဆိုတာ ၀န်ခံရမှာပဲ ။ သင်ရိုးညွှန်းတမ်းတွေ အကုန်ပြောင်းပြီး ကျနော်တို့ ပညာရေးစနစ်ပြောင်းနေပါပြီလို့ ရှေးက၀န်ကြီးတွေ အားလုံး တလေသံထည်းထွက်ခဲ့တယ် ။ သင်ရိုညွှန်းတမ်းတွေက အရေးကြီးသလား သင်ကြားရေးစနစ်တွေက အရေးကြီးလား ။

ဒါကို ခု ပညာရေးစနစ်ပြောင်းလဲမယ်ဆိုတဲ့ လူကြီးတွေ ထည့်စဉ်းစားဖို့ လိုနေပြီ ။ လူလားမြောက်စ အသက် ၅နှစ်အရွယ်လောက်ကတည်းကွအရိုးစွဲသွားစေမယ့် အကြောက်တရားတွေဟာ အဲ့ဒီကြိမ်လုံးသံတွေက လာတာပဲ ။ ဒီနေ့ခေတ်မှာ လုံးဝမရှိသင့်တော့ပါဘူး ။ ဒါဟာ အကြမ်းဖက်မှုပဲ ၊ ဘယ်သူမှားမှား ဘယ်သူမှန်မှန် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဟာ အကြမ်းဖက်မှုပဲ ။ ခံရသူဘက်ကို အကာအကွယ်ပေးမယ့် ဥပဒေတွေလည်း ခိုင်ခိုင်မာမာရှိသင့်နေပီ ။ အာဏာရှင်စနစ်ကို အမှန်တကယ်သာ နိဂုံးချုပ်ချင်တယ်ဆိုရင်တော့ စာသင်ကျောင်းတွေကနေ အာဏာရှင်လေးတွေ မွေးထုတ်နေမှုကိုလည်း ချက်ချင်း ရပ်တန့်ရပါတော့မယ် ။

Kyaw Swar

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.