Thursday, October 25, 2012

2 လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးနှင့် အခြားအဆင့်ရဲဝန်ထမ်းတစ်ဦးတို့ အမေးအဖြေပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီးစစ်ဆေးမှု ခံ နေရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် နေရာတွင် တာဝန်ကျနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦး နှင့် ဒုတပ်ကြပ်တစ်ဦးတို့အား ပြည်တွင်းသတင်းထောက်တစ်ဦးမှ တာဝန်ထမ်းဆောင်နေရသည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ ၎င်းတို့နှစ် ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖဖ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အမည်မဖေါ်ပြလိုသည့် ရုပ်သံ သတင်း ထောက်တစ်ဦးမှ ပြောဆိုခဲ့သည်။

မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများ၊ ယင်းစီမံကိန်းနေရာတွင် တာဝန်ကျနေသည့် တပ်မတော်သားအချို့နှင့် တရုတ်နိုင်ငံမှ လာ ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် မြန်မာဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက်မှ တရုတ်နိုင်ငံသားဝန်ထမ်းများ အပါအဝင် ရဲတပ်ဖွဲ့ဝင်တို့၏ အခြေအနေ များ၊ အထက်အရာရှိများ၏ အခြေအနေများကို သတင်း ထောက်အား ရဲရဲဝင့်ဝင့် ထုတ်ဖေါ်ပြောကြားခဲ့ကြသည့် ဗီဒီယိုဖိုင်မှာ မြန်မာပြည်တဝှမ်းလုံးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီးနောက်ပိုင်း ပြည်သူ့ဝန်ထမ်း ရဲအုပ်အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့အား ယခုကဲ့သို့ ဖဖ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကို ပထမတော့ အမှတ် ၂ ရဲစခန်းမှာ ထားတယ်၊ တစ်မြန်မနေ့ကတော့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်လို့ သိရ တယ်။ အခုတော့ သူတို့နှစ်ယောက်လုံး အဲဒီစခန်းမှာ မရှိတော့ဘူးလို့ သိရတယ်၊ သူတို့ကို တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေတယ်လို့ ထင်တယ်၊ ဒါ့ အပြင် သူတို့ကို အင်တာဗျူးလုပ်ခဲ့တဲ့ Golden Star စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း ၁၈ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀ မိနစ်လောက်ကနေ ၁၉ ရက်နေ့ ၁၀ နာရီ လောက်အထိ ပုခုံးမှာ အပွင့်နှစ်ပွင့်နဲ့ တစ်ခွေပါတဲ့ ရဲအရာရှိက မုံရွာ အမှတ် ၂ ရဲစခန်းက ခေါ်ယူစစ်ဆေးတယ်ဆိုတာ သိရတယ်။ အင်တာဗျူးလုပ်ခဲ့တဲ့ သတင်းထောက်ကိုလဲ လူပုံသဏ္ဍန်တွေ၊ ဝတ်ထားတဲ့ အဝတ်အစားတွေ၊ နာမည်တွေ၊ နေရပ်လိပ်စာတွေကို သိသလားဆိုတာ မေး မြန်းတယ်လို့ သိရတယ်”ဟု အမည်မဖေါ်လိုသူ ရုပ်သံသတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းက ကျနော်မေးတော့ ဆိုင်ပိုင်ရှင်က သူ့ကို စာတွေရိုက်ထားတဲ့ စာရွက် ၄၀ လောက်ရှိတဲ့ စာရွက်တွေပေါ်မှာ လက်မှတ်ထိုး ခိုင်းတယ် ပြောတယ်။ သူက ဘာလို့ထိုးခိုင်းတာလဲမေးတော့ အစိုးရသက်သေ လုပ်ခိုင်းမလို့လို့ ပြောတယ်။ စာရွက်ပေါ်မှာ ဘာတွေရေးထားလဲဆိုတာကို လဲ ဖတ်ခွင့်မပေးဘူး ပြောတယ်။ ရဲနှစ်ယောက်ကိုလဲ အမှတ် ၂ ရဲစခန်းက အခန်းတစ်ခုထဲမှာ တွေ့တယ်လို့ ပြောတယ်ဟု ပြောပြခဲ့သည်။

“ကျနော် yangon.chronicle@facebook.com ဝဘ်ဆိုဒ်နဲ့ တင်ထားတာနဲ့ DVB မှာလွှင့်သွားတဲ့ သူတို့ရဲ့ အင်တာဗျူးတွေကို ကြည့်ရတယ်။ ပြည်သူ့ဖက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ထုတ်ဖေါ်ပြောကြားတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခုလို ဖဖ်းဆီးအရေးယူမှုလုပ်တာ ကျနော် လုံးဝ လက်မခံပါဘူး။
ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နေပြီလို့ ပြောနေတဲ့အခြေအနေမှာ အခုလုပ်ရပ်က အရမ်းကို အရုပ်ဆိုးလွန်းပါတယ်။ အခုဖြစ်ရပ် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အခြေအနေကို ဖြစ်သွားတယ်”ဟု ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို မျက် ခြေမပြတ် စောင့်ကြည့်လေ့လာနေသူ အလွတ်တန်းသတင်းထောက် ကိုညီမှ ပြောဆိုခဲ့သည်။

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံကို အောင်မြင်အောင် အစမှအဆုံး ဝိုင်းဝန်းကူညီခဲ့သူများထဲမှ တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားမိသား စုများ အကျိုးဆောင်ကွန်ယက်မှ တာဝန်ခံ ကိုဟန်ဝင်းအောင်က "လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူ့ဖက်က ရပ်တည်ပြီး ဦးပိုင်လီမိတက်ရဲ့ မတရားဖိနှိပ်ခိုင်းစေမှုတွေကို ထုတ်ဖေါ်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရဲဝန်ထမ်းနှစ်ယောက်ကို ဖဖ်းဆီးထားတယ်။ ဒါဟာ ပြည်သူ့ရဲဝန်ထမ်း တွေရဲ့ အနေအထားနဲ့ အဆင့်အတန်းကို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်"ဟု ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းမှ "ရဲဝန်ထမ်းတွေကို ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ခွင့်ပေးပါ။ ပြည်သူ့ဖက်က ရပ်တည်လို့ ရဲဝန်ထမ်းတွေကို မဖမ်း ပါနဲ့၊ သေချာတာတစ်ခုက ရဲဝန်ထမ်းတွေလည်း အပြောင်းအလဲကို ပါဝင်ခွင့်မရှိဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ပါတယ်။ အခု သူတို့ ဆိုး ဆိုးရွားရွား နှိပ်စက် စစ်ကြောခံနေရတယ်။ တစ်ယောက် ဆိုရင် အစာအိမ်ရောဂါဖြစ်နေတယ်။ မိသားစုနဲ့ လုံးဝဆက်သွယ်လို့မရဘူး၊ စိတ်မကောင်းစရာပါ။ ဒါပေမယ့် သူတို့လုပ်ရပ်ကို သူတို့ကိုယ်တိုင် ပြည်သူ့အတွက် ရွေးချယ်ခဲ့တာဖြစ်လို့ စိတ်ဓါတ်မကျဘူးလို့ ကြားသိရလို့ လေးစားမိပါတယ်"ဟု ပြောပြခဲ့ သည်။

အဆိုပါ ပြည်သူ့ရဲဝန်ထမ်းနှစ်ယောက် ဖဖ်းဆီးခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ ဖုံးနံပါတ် ၀၇၁ ၂၁၀၁၈ သို့ ဆက်သွယ်ပြီး တာဝန်ရှိသူ ရဲအုပ်ဝင်းကိုကိုအား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးဖြစ်သူ ရဲအုပ် အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး လွတ်မြောက်ရေး အပါအဝင် ယခုကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးနိုင်ရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပ နှစ်ခုစလုံးမှ ကြိုးစားသွားမည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများထံ မှ သိရှိရသည်။

ရန်နိုင် (Yangon chronicle)

2 comments:

  1. OH, SO SAD, WHY LIKE THIS, IT'S NOT PEOBLEM, NOT CRIME, PLEASE RELEASE THHEM.

    ReplyDelete
  2. Please,
    All burmese people need to support and help them

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.