Friday, December 21, 2012

0 “ ယခင်က အထုတ်ရှုပ် နောင်ဆက်၍မရှုပ်ခင် ခုအရင်ရှင်းနေကြချိန်မှာ”

ကလေးသူငယ်ဆိုသည်မှာ ငိုတတ်သည့်အမျိုးဖြစ်ကြသည် ။ ငိုခြင်းသည် သူတို့၏ ဘာသာစကားပင်ဖြစ်သည်။ ဗိုက်ဆာ၍ ငို သည် ၊ တစ်စုံတစ်ခုသောအရာကိုလိုချင်၍ငိုသည် ၊ ကိုယ်ချစ်သော အမိ၊အဖ ၊ ကိုယ့်ကိုထိမ်းကျောင်းသောသူတို့အနားတွင် မရှိ၍ ငို သည် ၊ အကိုအမ ကြီးသူတို့၏ အနိုင်ကျင့်ခံရ၍ ငိုသည် စသည်ဖြင့် ငိုခြင်းငိုပုံစုံလှသည်။ ထိုသို့ ကလေးငယ်များငိုပြီဆိုလျှင် လူကြီး မိဘများက ချော့မော့၍ အငိုတိတ်အောင်ပြုလုပ်ကြသည် ။ အချို့ကလေးများက ငိုကြောရှည်သည်။ ချော့မရ မော့မရ ငိုချင်းတယော ထိုး တတ်ကြသည်။ ထိုသို့သောကလေးမျိုးအငိုတိတ်စေရန် လူကြီးမိဘများကခြောက်လုံးလှန့်လုံးကလေးများ သုံးတတ်ကြသည်။ “ကြောင်ကြီးကိုက်လိမ့်မယ်” ဟူ၍တစ်မျိုး ၊ “ပသျှူးခေါင်းပြတ်ဖမ်းလိမ့်မယ်” ဟုတစ်ဖုံဟန့်ကြလှန့်ကြသည်။များသောအား ဖြင့် “ ဟဲ့-တိတ်တိတ်နေ ဒေဝေါလာတော့မယ်နော် ၊ ဒေဝေါကိုက်လိမ့်မယ် ၊ ဒေဝေါကြီးရေ လူလေးတိတ်ပါတော့မယ် မကိုက်ပါနဲ့နော်”စသည်ဖြင့် ခြောက်လှန့်ကြသည်။ မြန်မာပြည်အနှံ့အပြားမှ ကလေးငယ်များအကြားတွင် ထိုခြောက်လုံးလှန့်လုံးများနှင့် အငိုတိတ်ခဲ့ကြဘူးသူများ များစွာရှိခဲ့ကြပါသည်။ စာဖတ်သူပရိသတ်လည်း ထိုခြောက်လုံးလှန့်လုံးများတွင် အငိုတိတ်ခဲ့ရသူများ ပါဝင်ပါလိမ့်မည်။ ငိုနေရင်းနှင့်ပင် လူကြီးမိဘတို့ မော်ကြည့်၍ ပြောတတ်သော မိုးကောင်းကင်ဆီသို့ မ၀ံ့မရဲမော်ကြည့်၍ ဘယ်အချိန်တွင်များ ဒေဝေါဆင်းလာပါမလဲ ဟု တွေးခဲ့မိဘူးကြပါလိမ့်မည်။ သို့သော် ကလေးငိုတိုင်းလူကြီးများကခြောက်ကြလှန့်ကြသော်လည်း ထိုသို့ခြောက်လှန့်တိုင်း“ ဒေဝေါ” မလာ ခဲ့ပါ။ မိဘနှင့် သားသမီးကြားတွင် ဒေဝေါ လူကြမ်းမလုပ်ခဲ့သည်က သေချာခဲ့ပါသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း(၂၀)ကျော်“ငြိမ်ဝပ်-ပိပြား”နေခဲ့ရသော သံဖနောင့်အောက်ကလွတ်ခဲ့ပါပြီ။ ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့စတင်လျောက်လှမ်းနေပါပြီ ။ အစိုးရသစ် (ယခင်လူများအတိုင်းပင် ဖြစ်စေကာမူ ယခင်မူနှင့်မတူတော့အောင် နည်းနည်း ပြုပြင် ထားသည်ကိုလည်းအသစ်ဟုဆိုပါရစေ)ကလည်း မိဘပြည်သူများအတွက် ကောင်းမွန်သောအစိုးရ
၊သန့်ရှင်းသောအစိုးရဖြစ်စေရမည်ဟု (သမ္မတကြီး၏စကားပဋိညာဉ်အရ)အတိအလင်းပြောထားပြီးဖြစ်သည် ။ ဤသို့သော အခါကောင်းသမယတွင်မှ အဘယ်ကြောင့် တစ်နေ့ တစ်မျိုးမရိုးနိုင်အောင် ပြည်သူတို့၏ဆန္ဒထုတ်ဖော်မှုများက အဘယ်ကြောင့်ပေါ်လာပါရသနည်း။ သက်တမ်းအားဖြင့်နုနယ်လှသေးသော ဒီမိုကရေစီအစိုးရသစ်ကို အဘယ်ကြောင့် ဆန္ဒပြမှုများ အဆက်မပြတ် လုပ်ဆောင်နေရပါသနည်။

“ အရင်းစစ်သော် အမြစ်ပေါ်” ၊ “ ညောင်မြစ်တူးသော် ပုတ်သင်ဥပေါ်” ဆိုသည့်ရှေးစကားများသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ ကြသည်မဟုတ်ပါ။ “မဟုတ်လျှင်မကျော်” နိုင်သကဲ့သို့ “ မပုပ် လျှင်လည်း မပေါ်” နိုင်ပါ။ ဟုတ်လွန်းမက ဟုတ်နေခဲ့သည့်အပြင် ပုပ်လွန်းမက ပုပ်နေခဲ့သည်က အမှန်ပင်ဖြစ်ခဲ့ပါသည်။ ယခင်က ဖိနှိပ်ချုပ်ချယ်လွန်းသဖြင့် ငြိမ်ဝပ်ရုံမက ပိပြားနေခဲ့ရချိန်တွင် ရင်စည်း ကာ ခံနေခဲ့ရသမျှ ၊ အလှည့်သင့်သည့်အခါ ကုန်းထရုန်းကြွလာသည်က သဘာဝသာလျှင်ဖြစ်ပါချေသည်။ သက်တမ်းအားဖြင့်နုနယ်လှ သေးသော ဒီမိုကရေစီအစိုးရသစ်ကို ဤသို့သောပြဿနာထုတ်များဖြင့် လမ်းခင်းထားပေးခဲ့သည်မှာ ယခုအစိုးရ၏ ရေသောက်မြစ်ဖြစ် သော ယခင်န၀တ/နအဖ အစိုးရ နှင့် ၎င်းတို့၏ အဆွယ်အပွား ခရိုနီများပင်ဖြစ်ပါချေသည်။

န၀တအစိုးရသည် မြန်မာနိုင်ငံကို ချောက်ကမ်းပါးထဲကျလုလုလက်နှစ်လုံးအလိုမှကယ်တင်ခဲ့ပြီး၊ စည်းကမ်းပြည့်ဝသော ဒီမို ကရေစီနိုင်ငံတော်သစ်အဖြစ် အုတ်မြစ် အခိုင်အမာချပေးနိုင်ရန် အတွက် သမိုင်းပေးတာဝန်ကို ကြိုးပမ်းထမ်းဆောင်ခဲ့သည်မှာ (၂၂) နှစ်ခန့်မျှကြာမြင့်သွားသောဟူ၏။ ထိုဒီမိုကရေစီနိုင်ငံတော်အတွက်ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲပြဌာန်းနိုင်ရန်တိုင်းပြည် နှင့်အ၀ှမ်း နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ ( ရုပ်ရှင်နှင့် ဇာတ်သဘင်ပါမကျန်) ခေါ်ယူလျှက် အခြေခံဥပဒေကြီးကို ရေးဆွဲစေခဲ့ သည်မှာ ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ၁၃ နှစ်ကျော်ကျော် ၁၄ နှစ် နီးပါးကြာမြင့်သွားသောဟူ၏ ။

ထိုအချိန်အတွင်း အနာဂတ်နိုင်ငံ တော်၏ စီးပွားရေးအခြေခံအုတ်မြစ်ကိုခိုင်မာစေရန်အတွက်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ မြန်မာ့စီးပွားရေးစွမ်းဆောင်ရှင်များကို ဖော်ထုတ်မြေတောင်မြှောက်လုပ်ကိုင်စေခဲ့ရာ မြန်မာစီးပွားရေးလုပ်ငန်းရှင်၊ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ဘီလျှံနာများ အများအပြားပေါ် ထွက်လာသောဟူ၏။ ထိုသို့ကြိုးပမ်းရာတွင် န၀တအဖွဲ့ဝင်ပုဂ္ဂိုလ်ကြီးများ၏သားသမီးများမှာလည်း လူငယ်တို့ဘာသာဘာဝ စီးပွားရေး လုပ်ငန်းများကိုမလုပ်ချင်ကြသော်လည်း မိဘများ၏တိုင်းပြည်ချစ်စိတ်ကို တစ်ထောင့်တစ်နေရာမှပါရမီဖြည့်သောအားဖြင့် ၀င်ရောက်လုပ် ကိုင်ကြရရာမှ တယ်လီပို့လုပ်ငန်းပိုင်ရှင်ကြီးများ ၊ ဆိုက်ဘာတက်လုပ်ငန်းပိုင်ရှင်ကြီးများ ၊ ကုမ္ပဏီလုပ်ငန်းအုပ်စုကြီးများ၏ ချယ်ယာ မင်များ ၊ မန်နေဂျင်းဒါရိုက်တာများ ၊ အစုရှယ်ယာအများစုပိုင်ဆိုင်သူများ စသည်ဖြင့် ဖြစ်သွားကြရရှာသည်ဟူ၏။ န၀တအကြီးအကဲ များနှင့်နီးစပ်သောစီးပွားရေးလုပ်ငန်းရှင်များမှာလည်း မသက်သာကြရှာပေ။ နိုင်ငံတော်အကြီးအကဲများ၏တိုင်းပြည်ချစ်စိတ်ဖြင့် အတင်း အဓမ္မတာဝန်ပေးချက်အရ မဆလခေတ်ကနိုင်ငံပိုင်လုပ်ထားခဲ့သော စီးပွားရေးလုပ်ငန်းများကိုလွှဲပြောင်းယူကြရပြီး တိုးတက်စေရန် လုပ်ကိုင်ကြရရာ အလွန်ပင်ပင်ပန်းကြီးလှသောဟူ၏။ ထိုအထဲတွင် လုပ်ငန်းရှင်တစ်ဦးမှာမူ နိုင်ငံပိုင်လုပ်ငန်းမှန်သမျှ တစ်ဦးတည်း နည်းပါး ဒိုင်ခံလွှဲပြောင်းတာဝန်ယူလုပ်ကိုင်ပေးရသည်ဖြစ်သောကြောင့် “ ဦးပုဂ္ဂလိက” ဟုပင်အမည်တွင်သွားသော ဟူ၏။

ထိုထိုသော နိုင်ငံတော်အစိုးရ နှင့် ထိုထိုသော စီးပွားရေးလုပ်ငန်းရှင်တို့၏ တိုင်းပြည်ကြွယ်ဝချမ်းသာစေရေး ခေတ်မီနိုင်ငံတော် ကြီးတည်ဆောက်ရေး လုပ်ဆောင်ခဲ့ကြသော စနက်မီးစာများသည် ယခု ဒီမိုကရေစီနိုင်ငံတော်သစ်၏ အစိုးရ သို့မဟုတ် န၀တ၏ အမွေခံ အစိုးရကို လောင်ကျွမ်းနေခြင်းဖြစ်သည်။ ကိုယ်ခင်းသည့်လမ်း ကိုယ်လျောက်ရသည်မှာ မဆန်းသကဲ့သို့ ကိုယ်ထောင်သည့် မိုင်း ကိုယ်နင်းမိသည်မှာလည်း ၀မ်းနည်းစရာမရှိဟု ထင်ပါသည်။

ဤပြဿနာများကို မျိုးစေ့ချခဲ့သည်မှာ န၀တအစိုးရနှင့် ၎င်းတို့နှင့်ပတ်သက်ရာပတ်သက်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ ကြောင့်ဖြစ်ရသည်ဆိုသည်မှာ မည်သို့မျှ အငြင်းထွက်ဖွယ်ရာမရှိပါ။(မြစ်ဆုံပြဿနာ၊ လက်ပံတောင်းတောင်ပြဿနာ၊ ကချင်ပြည်နယ် ပြဿနာ ၊ရခိုင်ပြည်နယ်ပြဿနာ စသည်တို့မှာ စာရေးသူ၏ဆောင်းပါးများတွင် မကြာခဏတင်ပြခဲ့ပြီးဖြစ်၍ အပ်ကြောင်း မထပ်လိုတော့ ပါ။) ယခု ရွှေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် ပိုက်လိုင်းဖြတ်သန်းရာ ဒေသခံရွာများဆီက ကန့်ကွက်သံတွေထွက်လာနေပြီဖြစ် ပါသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းဆီမှာလည်း ကလုံးထာရွာ ပြဿနာပေါ်နေပါသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည်လည်း မငြိမ် မသက် အသံထွက်နေပါသည်။ ဤပြဿနာများမှာ ထိုစီမံကိန်းများသည် ပွင့်လင်းမြင်သာမှုမရှိသောကြောင့်ဟု ဒေသခံများ ၊ တိုင်းရင်းသားပါတီများနှင့် လွှတ်တော်အမတ်များက ပြောကြပါသည်။ တတ်သိပညာရှင်များကလည်း ထိုသို့ပင် မှတ်ချက်ပြုကြပါသည်။ ဤအချက်ကို လျစ်လျူရှုကာ စီမံကိန်းများကို ဆက်လက်လုပ်ကိုင်မည်ဆိုပါက ပြဿနာတစ်ရပ်မပြီးငြိမ်းမီ ပြဿနာပေါ် ပြဿနာဆင့်၍ လာပါလိမ့်မည်။

၁၄. ၁၀. ၂၀၁၂ နေ့စွဲဖြင့်ထုတ်ဝေသော Messenger News Journal တွင် စာရေးသူက အစိုးရအဖွဲ့အား “နိုင်ငံတော် သို့မ ဟုတ် ပုဂ္ဂလိကကုမ္ပဏီများသည် လာရောက် ရင်းနှီးမြှုပ်နှံကြမည့် ကုမ္ပဏီများ နှင့် စာချုပ်ချုပ်ဆိုသည့်အခါ ထိုစာချုပ်ပါ သဘောတူညီ ချက်များအား (ဥပမာအားဖြင့် မြစ်ဆုံစီမံကိန်းကဲ့သို့ အများပြည်သူများအားနစ်နာစေခြင်း၊ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် ငြိစွန်းခြင်းမရှိ ကြောင်း သေချာစေရန်) အများပြည်သူ သိရှိစေရန် ပွင့်လင်းမြင် သာစွာ ထုတ်ပြန်ပေးမည်လား”၊ “ယခင် အစိုးရကချုပ်ဆိုခဲ့သော စာချွန် တော်များ၊စာချုပ်များတွင်တိုင်းပြည်အတွက်ပြည်သူများအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ဖြစ်ထွန်းမှုထက် ထိခိုက်နစ်နာမှု ပိုမိုများ ပြားသော စာချုပ်များအား ယခုဆက်ခံသူ အစိုးရက ပယ်ဖျက်မည်လား၊ ပြင်ဆင်ချုပ်ဆိုမည်လား၊ ယခင်အတိုင်း ဆက်လက် လက်ခံရ မည်လား” ဆိုသည့် မေးခွန်းများကို ပွင့်လင်းစွာ မေးမြန်း ခဲ့ဖူးပါသည်။ ဤမေးခွန်းများ၏ အဖြေသည် “ အစိုးရက စီမံလုပ်ကိုင်တဲ့ စီမံ ကိန်းတွေကို ပြည်သူတွေကသဘောမတူဘူးဆိုရင်ဘာဆက်လုပ်မှာလည်း ဘယ်လိုဆက်လုပ်မှာလည်း''ဆိုသည့်မေးခွန်း ၏ အဖြေ ဖြစ် ပါလိမ့်မည်” ဟုလည်း ထည့်သွင်းရေးသားခဲ့ပါသည် ။

ဤမေးခွန်းများအတွက် အဖြေသာ အစိုးရအဖွဲ့တွင် အသင့်ရှိခဲ့လျှင် ၊ သို့တည်းမဟုတ် အဖြေသိလျှက် ဖြေရန်ခက် ဆိုသည့် အခြေအနေ တွင်ရှိမနေခဲ့လျှင်လက်ပံတောင်းတောင်ပြဿနာသည်ယခုအခါ အေးချမ်းစွာ ဖြေရှင်းပြေလည်ပြီးဖြစ်မည်ဟု မျှော်လင့်မိ ပါသည်။ ယခုတော့ဖြင့် စာရေးသူ၏ အသံကပဲ တိုးလွန်း၍ မကြားလေသည်လား ၊ ကြားသော်လည်း အရေးယူစရာမဟုတ်ဟုများ ထင် မြင်ယူဆကြ၍လား ဟုတော့မသိနိုင်တော့ပါ။ လက်ပံတောင်းတောင်ပြဿနာကတော့ လူကြား၍မကောင်း သူကြား၍မလျော်ဖြစ်သွားခဲ့ ရပါတော့သည်။

စာရေးသူသိလိုသည့်မေးခွန်းကို သက်ဆိုင်ရာတာဝန်ရှိသူများကဖြေဆိုခြင်းမရှိခဲ့ပါ။ စကားဖြင့်လည်းမဖြေခဲ့ ၊လုပ်ရပ်ဖြင့်လည်း မရှင်းခဲ့ပါ။ သို့သော် တိုင်းရင်းသားပါတီများ ၊ နိုင်ငံရေးသမားများ ၊ လွှတ်တော်ကိုယ်စားလှယ်များက အဖြေထုတ် လာကြပြီဖြစ်ပါသည်။ ယခုဖြစ်ပေါ်နေသော ပဋိပက္ခများသည် စီမံကိန်းကြီးများ၏ နောက်ဆက်တွဲပြဿနာများ သာ ဖြစ်ပြီး ယင်းတို့သည် ယခင်အစိုးရလက် ထက်က ချုပ်ဆိုခဲ့သော စီမံကိန်းများကို ပြည်သူတို့ သိခွင့်မရခဲ့ခြင်းကြောင့် ဟု ထုတ်ဖော်ပြောလာကြပါသည်။ ယခင် အစိုးရ ချုပ်ဆိုခဲ့ သည့် စာချုပ်များအားလုံးကို ပြည်သူများက လက်ခံရမည်ဆိုသည်မှာ မျှတမှုမရှိဘဲ ပြည်သူများအနေဖြင့် ပြန်သုံးသပ်ခွင့်ရှိသင့်သည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များကပြောကြောင်း ဖော်ပြထားသည့်သတင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် 7 days news journal တွင် ဖတ်လိုက်ရပါသည်။ ထိုသို့အမှန်တရားများကို ထုတ်ဖော်ပြောဆိုလာကြသည့်အတွက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။

သို့သော် ထိုသတင်းတွင်ပင် ရှမ်းအမျိုးသားပါတီကြီးနှစ်ခုက ရှမ်းပြည်နယ်တွင် စီမံကိန်းကြီးများကို ၂၀၁၅မတိုင်မီအချိန်ထိ ဆောင်ရွက်ခြင်းမပြုရန်၊ပြုပါက ပါတီများပူးပေါင်းကန့်ကွက်သွားမည်ဟု သဘောထားထုတ်ပြန်ကြေငြာကြောင်းကိုလည်း ဖတ်လိုက်ရပါ သည်။ တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် ထိုအချက်ကို မူသေမကိုင်စွဲကြပါရန် နိုင်ငံသားတစ်ဦးအနေဖြင့် ချစ်ကြည်လေးစားစွာ မေတ္တာ ရပ်ခံလိုပါသည်။ နိုင်ငံတစ်ခု ၊ဒေသဆိုင်ရာနယ်မြေတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများသည် အသက်ဖြစ်ပါသည်။ “အသက်ရှုသည်ကို ရပ်ထား၍မရ”သကဲ့သို့ စီမံကိန်းမှန်သမျှကိုလည်း ရပ်ထား၍မရနိုင်ပါ။မည်သို့ပင်အသက်ရှုရခက်ခြင်း၊ အသက်ရှုကြပ် ခြင်းဖြစ်နေသော်လည်း ရှုတော့-ရှုနေရမည်သာဖြစ်ပါသည်၊ အသက်ရှုချောင်ကာမှ ပြန်၍ရှုမည်ဆို၍ မရစကောင်းပါ။ စီမံကိန်းများသည် ပြဿနာမဟုတ်ပါ၊ စီမံကိန်းကိုမည်သို့အကောင်အထည်ဖော်မည်ဆိုသည်ကသာ ပြဿနာဖြစ်ပါသည်။ ယခုဖြစ်ပေါ်နေသော အကြောင်း ခြင်းရာများကို သာဓကယူ၍ စီမံကိန်းများဆက်လက်လုပ်ဆောင် အကောင်အထည်ဖော်ရန် ပွင့်လင်းမြင်သာမှုများဖြင့်ကြိုတင်ညှိနှိုင်းဖြေရှင်းကာဆက်လက်လုပ်ဆောင်သွားကြရန်ဖြစ်ပါသည်။

ပွင့်လင်းမြင်သာမှုမရှိဘဲလုပ်ဆောင်သောစီမံကိန်းများသည် ဒေသဆိုင် ရာ အကျိုးစီးပွား၊သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်နစ်နာစေမှုများယူဆောင်လာမည်ဖြစ်သော်လည်း ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ ကောင်းမွန်စွာစီမံလုပ်ဆောင်သော စီမံကိန်းများသည် ဒေသဆိုင်ရာ အသီးသီးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ အမေရိကန် နိုင်ငံတွင် နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေနှင့် အနောက်ဘက်ကမ်းခြေကို ဆက်သွယ်သော ရထားလမ်းမကြီး (The transcontinental railroad)ကို ၁၈၃၀တွင် စတင်စီမံကိန်းရေးဆွဲခဲ့ပြီး ၁၈၆၂တွင် သမ္မတလင်ကွန်း လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ ကာ ၁၈၆၃တွင် စတင်ဖောက်လုပ်ခဲ့ပါသည်။ ထိုလမ်းမဖောက်လုပ်မီက နယူးယော့ခ်မှ ဆန်ဖရန်စစ္စကိုသို့ ရေလမ်းဖြင့် (၃)လကြာအောင် သွားလာကြ ရပါသည်။ မီးရထား လမ်းဖောက်လုပ်ပြီးနောက် ထိုခရီးကို (၈)ရက်မျှဖြင့် မြေကြောရှုံ့နိုင်ခဲ့ပါသည်။ထို့ပြင် အရှေ့အနောက် ကုန်စည်ကူးသန်းရောင်းဝယ်မှုများအလွန်လွယ်ကူချောမွေ့ခဲ့ပါသည်။ ထိုမျှအကျိုးရှိလှသောမီးရထားလမ်းကြီးအား ဖောက်လုပ်ခဲ့ရာတွင် ရင်ဆိုင်ခဲ့ ရသောဒေသဆိုင်ရာပဋိပက္ခများ၊ အခက်အခဲများကို ကျော်လွန်နိုင်ခဲ့ခြင်းမရှိ၍ ရထားလမ်းများဖောက်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့ရပါက ယခုကဲ့သို့သောအမေရိကန်ပြည်ထောင်စုအား မြင်တွေ့ရပါမည်လားဆိုသည်ကို တွေးချင့်ထောက်ဆကြစေလိုပါသည်။

ထို့အပြင်နိုင်ငံရေးအခြေအနေတည်ငြိမ်သည့်အခြေအနေရောက်မှသာလျှင် ထိုအငြင်းပွားစေနိုင်သည့်စီမံကိန်းများအားဆောင် ရွက်သင့်သည်ဟု ပြောကြားခဲ့သည့် ပုဂ္ဂိုလ်များအားလည်းမေတ္တာရပ်ခံလိုပါသည်။ နိုင်ငံရေးတည်ငြိမ်မှုရရှိသည်ဆိုသည်မှာ အဆင့် အမျိုး မျိုးရှိပါသည်။

(၁)နိုင်ငံတွင်းဖြစ်ပွားနေသည့် ဆန္ဒပြမှုပဋိပက္ခများလျော့ပါးသွားသည်ကို နိုင်ငံရေးတည်ငြိမ်သည်ဟုဆိုလိုပါသလား ၊

(၂) တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ပြီးသည့်အခြေအနေကို နိုင်ငံရေးတည်ငြိမ်သည်ဟုဆိုလိုပါသလား

(၃)သက်တမ်း တစ်ခု တွင်အစိုးရအဖွဲ့ (သည်တစ်ဖွဲ့ပြုတ်လိုက် ဟိုတစ်ဖွဲ့တက်လိုက်ဖြင့်) အပြောင်းအလဲမများသည်ကို နိုင်ငံရေးတည်ငြိမ်သည် ဟုဆိုလိုပါသ လားစသည်ဖြင့် အဆင့်အမျိုးမျိုးရှိပါသည်။

ထိုအချက်များကို စံထား၍ ပတ်ဝန်းကျင်နိုင်ငံများကို (လတ်တလောတွင်ထိုင်းနိုင်ငံ၏ ပြဿ နာများ) လေ့လာကြည့်ပါက နိုင်ငံအတော်များများတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိဟု ဆိုနိုင်ပါသည်။ သို့သော် ထိုနိုင်ငံအသီးသီးတွင် နိုင်ငံ့ စီးပွားရေးအတွက် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများကို မလွဲမသွေဆက်လက်လုပ်ဆောင်နေရသည်သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံရေး အခြေအနေတည်ငြိမ်သည့် အခြေအနေရောက်မှသာလျှင် ထိုအငြင်းပွားစေနိုင်သည့်စီမံကိန်းများအားဆောင်ရွက်သင့်သည် ဟူသော အချက်အား တရားသေမဆုပ်ကိုင်ပါရန်လေးစားစွာဖြင့် မေတ္တာရပ်ခံလိုပါသည်။ သို့မဟုတ်ပါက နိုင်ငံရေးမတည်ငြိမ်သေး၍ အာဏာကို ချုပ်ကိုင်ထားသည် ဟူ၍ကြွေးကြော်ကာ တိုင်းပြည်ကို ဒုက္ခတွင်းထဲကျစေခဲ့သော စစ်အစိုးရ၏ သဘောထားကို ထင်ဟပ်သကဲ့သို့ ဖြစ်မည် ကို စိုးရိမ်မိပါသည်။ အစိုးရ ၊သက်ဆိုင်ရာစီမံကိန်းတာဝန်ရှိသူတို့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၊ပါတီများ ၊ လူထုခေါင်းဆောင်များက စီမံကိန်းနှင့်ပတ်သက်သော အကောင်းအဆိုး၊အကျိုးအပြစ် စသည်တို့နှင့် နိုင်ငံတော်အတွက် အကျိုးအမြတ် ၊ ဒေသဆိုင်ရာ အာဏာပိုင် (တိုင်း/ပြည်နယ်အစိုးရများ)တို့အတွက်အကျိုးအမြတ်၊ဒေသခံပြည်သူတို့အတွက်အကျိုးအမြတ်၊ရင်းနှီးမြုပ်နှံသူတို့အတွက် အကျိုးအမြတ် စသည်တို့ကို ပွင့်လင်း မြင်သာစွာ ထုတ်ဖော်ညှိနှိုင်းကြလျှက် ဆက်လက်လုပ်ဆောင်သွားကြစေရန် တိုက်တွန်းလိုပါသည် ။

နိုင်ငံတော်သမ္မတကြီးနှင့်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူတို့၏အကျိုးစီးပွားကို အစဉ်အမြဲရှေးရှုကြရမည် ဖြစ်ပါသည်။ နိုင်ငံ တော်အကျိုးစီးပွားအတွက် စီမံကိန်းများလုပ်ဆောင်မည်ဆိုလျှင် ဒေသခံတို့အား နားလည်သဘောပေါက်အောင် ရှေးဦးစွာရှင်းလင်း အသိပေးရမည်မှာ အစိုးရနှင့်ဒေသဆိုင်ရာအာဏာပိုင်တို့၏ တာဝန်ဖြစ်ပါသည်။ ယခင်အာဏာရှင်ခေတ်ကလုပ်ရိုးလုပ်စဉ်ဖြစ်သော အစိုးရ က ဘာကိုလုပ်လုပ် ပြည်သူတို့ကလက်ခံရမည် ဆိုသည်မှာ ဒီမိုကရေစီအစိုးရအတွက်မူ မှန်ကန်သောလုပ်ထုံးလုပ်နည်း မဟုတ်ပါ။ ဤ နေရာတွင် အကြောင်းသင့်၍ မလေးရှားနိုင်ငံတွင် မြေအောက်ဥမင်လမ်း ဖောက်လုပ်သည့် စီမံကိန်းအကြောင်းကို တင်ပြလိုပါသည်။

မလေးရှားနိုင်ငံသည် နှစ်စဉ် အပူပိုင်းမုန်တိုင်းများ ကျရောက်မှုဒဏ်ခံရသော နိုင်ငံဖြစ်ပါသည် ။ ကွာလာလမ်ပူမြို့တော်သည် ရေမျက်နှာပြင်အနိမ့်အမြင့် မတူညီသော မြစ်နှစ်သွယ်ကြားတွင် တည်ရှိသောကြောင့် ထိုသို့အပူပိုင်းမုန်တိုင်းကျရောက်တိုင်း ရေလွှမ်းမိုးမှု ဒဏ်ကို ပြင်းထန်စွာခံရပါသည် ။ ထို့အပြင်မြို့တော်သည် အလွန်အမင်း လမ်းပိတ်ဆို့ခြင်းပြဿနာကိုလည်း ကြုံတွေ့နေရပါသည်။ မြို့တော်အာဏာပိုင်များသည် ထိုပြဿနာ(၂)ရပ်ကို တစ်ပြိုင်နက်ဖြေရှင်းရန်အတွက် မြေအောက်ဥမင်တစ်ခုကို ဖောက်လုပ်ခဲ့သည် ။ ဤမြေအောက်ဥမင်ကို သာမန်အခြေအနေတွင် အသွားအပြန် ကားလမ်းနှစ်ထပ် နှင့် အောက်ဆုံးထပ်ကို ရထားလမ်း အဖြစ် အသုံးပြု ပါသည် ။ အပူပိုင်းမုန်တိုင်းကျရောက်၍ မြို့တော်ကို ရေလျှံသည့်အခါ ဥမင်လိုဏ်ခေါင်းအတွင်းမှ ယာဉ်များကို မြေပြင်ပေါ်သို့ အနီးဆုံး ထွက်ပေါက်မှ အမြန်ဆုံးထွက်စေ၍ ထိုဥမင်ကို ရေစွန့်ထုတ်ပိုက်လိုင်းအဖြစ်အသုံးပြုပါသည် ။ မြို့တော်အာဏာပိုင်တို့၏ ညဏ် အမြှော်အမြင်ကြီးမှုကြောင့် ထိုဥမင်ဖောက်လုပ်ပြီးသည့်နောက်ပိုင်း ကွာလာလမ်ပူမြို့တော်တွင် လမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့ မှု မဖြစ်ပေါ်တော့ခြင်း ၊မြို့ပေါ်တွင်ရေကြီးရေလျှံမှုမဖြစ်ပွားတော့ခြင်း အကျိုးကျေးဇူးများကို ခံစားခဲ့ရပါသည် ။

ထိုမျှ အကျိုးကျေးဇူးဖြစ်ထွန်းသော မြေအောက်ဥမင်ကိုဖောက်လုပ်ခဲ့ရာတွင် မလေးရှားအစိုးရသည် အေးချမ်းစွာ ပဋိပက္ခကင်း စွာ လုပ်ဆောင်နိုင်ခဲ့သည်မဟုတ်ပါ ။ ကြီးမားသော ပြဿနာပဋိပက္ခကို ရင်ဆိုင်ခဲ့ရပါသည်။ အကြောင်းမှာ မလေးရှားနိုင်ငံသားများသည် ၎င်းတို့၏ အိမ်ယာ အဆောက်အဦးများအောက် (မြေအောက်မှ ) ဥမင်တူးဖော်သည်ကိုခွင့်မပြုခဲ့ကြသောကြောင့်ဖြစ်ပါသည် ။ (မလေး ရှား နိုင်ငံတွင် မြေပိုင်ဆိုင်သည်ဆိုသည်မှာ မြေပေါ်ကိုသာ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ မြေအောက်ကိုပါ ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု ဆိုပါသည်) သို့ဖြစ်၍ မလေးရှားအာဏာပိုင်များသည် တိုင်းပြည်၏ မြို့တော်အတွက် အလွန်အရေးပါလှသော စီမံကိန်းကိုလုပ်ဆောင်ရာတွင် ပြည်သူ တို့ပိုင် မြေအောက်မှ ဖောက်လုပ်၍မရဘဲ အစိုးရပိုင်မြေများအောက်မှသာ ကွေ့ရှောင်ဖောက်လုပ်ရခြင်းဖြစ်သောကြောင့် မူလရည်မှန်း သည်ထက် ကုန်ကျစာရိတ်များပိုမိုများပြားကာ ၊မူလခန့်မှန်းသည်ထက် ပိုမိုကြာမြင့်ခဲ့ရသည်ဟု သိရှိရပါသည်။ ထိုသို့ မိမိ၏နေအိမ် အဆောက် အဦး၊မိမိ၏အကျိုးစီးပွားတို့ကို ထိခိုက်ခြင်းမရှိသော မြေကြီးအောက်မှဖြတ်သန်း၍ နိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းကိုပင် ခွင့်မပြုခဲ့ကြသော မလေးရှားနိုင်ငံသားများနှင့် နှိုင်းယှဉ်ကြည့်ပါက မိမိတို့ပိုင် လယ်ယာ၊ အိမ်ခြံစသည်တို့ကို သိမ်းယူခြင်း၊ဖယ်ရှားခြင်း ခံရ၍ မိမိတို့အကျိုးစီးပွားပျက်ပြား၍ ဆန္ဒပြကြသော မြန်မာပြည်သူပြည်သားများကို အပြစ်ဆိုဖွယ်ရာမရှိပါ။)

အသိပေးချင်သည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးနှင့်အစိုးရအဖွဲ့သည် တိုင်းပြည်အတွက်အကျိုးရှိမည့် စီမံကိန်း များကို လုပ်ကိုင်ဆောင်ရွက်သည်ဖြစ်စေကာမူ ပြည်သူများသိရှိနားလည် အောင်ကြိုတင်အသိပေးခြင်း ၊ ပြည်သူများ ထိခိုက်နစ်နာမှုမရှိ အောင် ဖြည့်ဆည်းဆောင်ရွက်ခြင်း ၊ လုပ်ငန်းစဉ်အစ အဆုံးကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်း တို့အား ကျေကျေလည်လည်ညှိနှိုင်း ဆောင်ရွက်ပြီးမှသာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် ပြည်သူများအတွက် ထိခိုက်နစ်နာမှုများပြားလှ၍ တိုင်းပြည်အတွက်လည်း ကျေးဇူးများစွာ မဖြစ်နိုင်သော စီမံကိန်းများကို ဆိုင်းငံ့ခြင်း၊ ပြန်လည်သုံးသပ်ခြင်း ၊ပြင်ဆင်ချုပ်ဆိုခြင်း ၊ ပယ်ဖျက်ခြင်း စသည်တို့ကို သက်ဆိုင်ရာကုမ္ပဏီများ၊ နိုင်ငံများနှင့် ညှိနှိုင်းလုပ်ဆောင်ခြင်းများပြုသင့်ပါကြောင်း မေတ္တာရပ်ခံတိုက်တွန်းလိုပါသည်။(မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်ပြောင်း လဲမှုများကို သဘောပေါက်နားလည်သော စီးပွားဖက်ကုမ္ပဏီများ ၊အိမ်နီးချင်းကောင်းပီသသောနိုင်ငံများ အနေဖြင့်လည်း ထိုသို့ညှိနှိုင်း လုပ်ဆောင်မှုများအပေါ်လက်ခံနိုင်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်)။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူမည်ဖြစ်သော လက်ပံတောင်းတောင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းဖော်ထုတ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ (၆) ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ရာ၌ “ပြဿနာဆိုတာခုလည်း ရှိမှာပဲ၊ နောင်လည်းရှိမှာပဲ ။ ဒီပြဿနာတွေကို ဘယ်ပုံဘယ်နည်းဖြေ ရှင်းမယ်ဆိုတာက အရေးကြီးတယ် ၊ ဖြေရှင်းပုံဖြေရှင်းနည်းကို နားလည်ရ မယ်” ဟုထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့အပြင် ကော်မရှင်က “ရေရှည်အကျိုးကို မျှော်ကိုးပြီး အကြံပြုသွားမှာဖြစ်ကြောင်း၊ ထုတ်ဖော် သည့်အချက်များကိုလည်းအမှန်အတိုင်းသာဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊လူတိုင်းကြိုက်နိုင်မည်မဟုတ်ကြောင်း၊ကော်မရှင်၏တာဝန် သည်လူတိုင်းကြိုက်တဲ့အဖြေကိုရှာဖွေရန်မဟုတ်၊အကောင်းဆုံးအဖြေကိုရှာဖွေရန်သာဖြစ်ကြောင်း” ပြတ်သားစွာပြောဆိုထားပြီးလည်း ဖြစ်ပါသည်။ လက်ပံတောင်းတောင်ပြဿနာကိုအကောင်းဆုံးနည်းဖြင့် ဖြေရှင်းလိုသူများအတွက်ကတော့ ဤစကားများသည်များစွာ လက်ခံနိုင်ဖွယ်ရှိပါသည်။ ပြဿနာကို အစမရှည် ရှည်အောင်ဆွဲထုတ်လိုသူများအတွက်ကတော့ ဤစကားကို တစ်လွဲအဓိပ္ပါယ်ကောက် စရာရှိပါသည်။

အချို့ကလည်း “ဒေါ်စုက ပြည်သူတွေဘက်က မရပ်တည်ဘူး ၊ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးကြရမယ့် အချိန်ရောက်ပြီ” ဘာဘာညာညာစသည်ဖြင့် အချွန်ဖြင့်မြှောက်ကြပါသည်။ မိမိတို့အမြင် ၊ မိမိတို့အယူအဆအတွေးအခေါ်များကို ရှေ့တန်းတင် ပွဲထုတ်ရန် ပြည်သူကို အန္တရာယ်လမ်းပေါ်သို့တွန်းပို့သည့် အတို့အထောင်များ လုပ်လာကြပါသည်။ တစ်ချို့ကကျပြန်တော့လည်း ဒီလိုပြည်သူတွေ က တစ်ဆိတ်ရှိ လမ်းပေါ်ထွက်ဆန္ဒပြနေကြရင် အစိုးရက ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး ။ အစိုးရစီမံကိန်းတွေကို တစ်ဖက်သတ် ဖျက်သိမ်းနေရင် နောက်ထပ်လာဖို့ပြင်ဆင်နေတဲ့ ရင်းနှီးမြုပ်နှံမှုတွေမလာမှာ စိုးရတယ်။ ရင်းနှီးမြုပ်နှံမှုတွေမလာရင် တိုင်းပြည်ပဲ ဒုက္ခရောက်မှာ ၊ အစိုးရက နှစ်နှစ်ကျော်ကာလပဲရှိသေးတာ သက်တမ်းကနုနယ်သေးတယ် ၊ အစိုးရကို ရွေးချယ်ခွင့်မပေးရင် ၊ အစိုးရက အကျပ်ရိုက်လို့ ထွက်ပေါက်မရှိရင် နောက်ကြောင်းပြန်လှည့်သွားရင်ဘယ်လိုလုပ်မလဲ၊ အနှစ် (၂၀) ကျော်ခံခဲ့ရတာ မမှတ်သေးဘူးလား” စသည်ဖြင့် “ပို့ကြဆောင်ကြ ” ခြောက်လှန့်ကြပြန်ပါသည်။

မြန်မာပြည်ဇာတ်လမ်းသရုပ်ကတော့ ဘုရားစောင်းတန်းက ဆေးဒါန်းပန်းချီကားများကဲ့သို့ “ ငရဲခန်းကလည်းခြောက်လွန်း သည် ၊ ဘုံခန်းကလည်း မြှောက်လွန်းသည်” တော့ဖြစ်နေပါသည်။ “ ပို့သူ ၊ဆောင်သူများ” ရှိသကဲ့သို့ ၊ “တို့သူ၊ ထောင်သူ” တွေကလည်း များပြားလှပါသည်။ ပြဿနာဖြစ်၍ တကယ်တမ်းခံကြရတော့ ရဟန်းရှင်လူပြည်သူတွေသာ ဖြစ်နေရသည်မှာလည်း ရင်နာဖွယ်ကောင်း လှပါသည်။ ယခုအချိန်တွင်ဖြစ်သင့်သည်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာထွက်ပေါ်လာချိန်ကို စောင့်ဆိုင်းရန်မှလွဲ၍ အခြား မရှိပါ။ ထိုစုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ်တွင်သာ ရှေ့ကို ဘာဆက်လုပ်ရမည် ၊ဘယ်လိုဆက်လုပ်ကြမည် ဆိုသည်ကို ဆုံးဖြတ်နိုင် ကြမည်ဖြစ်ပါသည်။ ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာသည် တရားသဖြင့် ဖြစ်သည် ၊ မဖြစ်သည်ကို ပြည်သူအားလုံးသိရှိပြီး ချိန် ကြမှ ဆုံးဖြတ်ရမည့်ကိစ္စကို အစောကြီးကြိုတင်၍ ကိုယ်လိုရာဆွဲကာ နှပ်ကြောင်းပေးနေကြသည်မှာတော့ မသင့်လျော်ပါဟု ပြောချင်ပါ သည်။

ပြည်သူတွေဆန္ဒပြနေသည်မှာ အပိုလောဘတွေနှင့်မလိုဇောကြွ နေကြ၍ ဆန္ဒထွက်ပြနေကြခြင်းမဟုတ်သည်ကတော့ သေချာ လှပါသည်။ ယခင်အစိုးရမတရားလုပ်ခဲ့သမျှကို ခေါင်းငုံ့ရင်စည်းခံခဲ့ရရာမှ ယခုပြောင်းလဲလာသည်ဆိုသည့်အချိန်တွင် “ကျွန်တော်တို့က ပြည်သူတွေတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရပါ”ဟု တွင်တွင်အော်နေသော အစိုးရအား ပြည်သူတို့၏ နစ်နာမှုများအတွက်တရားမျှတမှုကို ဖော်ဆောင်ပေးပါရန်ထုတ်ဖော်တောင်းဆိုနေကြခြင်းပင်ဖြစ်ပါသည်။ ပြည်သူတို့၏လိုလားချက်ကို ထုတ်ဖော်တောင်း ဆိုရုံမျှ နှင့် အဘယ်ကြောင့် “ နောက်ကြောင်းပြန်လှည့်သွားမယ်နော်” ခြောက်လှန့်ရပါသနည်း။ မျက်ထောင့်နီရပါသနည်း။ နဖူးကြော တင်းရပါ သနည်။ “ အပို့အဆောင်၊အတို့အထောင်” တွေကြားထဲမှာမှ ကလေးသူငယ်ကို “ဒေဝေါ” နှင့်ခြောက်သကဲ့သို့ ပြည်သူများအား “ နောက်ကြောင်းဒေဝေါ” နှင့်လှန့်သူတွေကလည်း ပေါ်ထွက်လာပါသည်။

အဘယ်ကြောင့် ဤအချိန်အခါကျကာမှ တိုက်တိုက်ဆိုင်ဆိုင် နောက်ကြောင်းပြန်စကားတွေ ထွက်လာရပါသနည်း။ ဘယ်သူ တွေကများ နောက်ကြောင်းပြန်လှည့်ချင်နေရပြန်ပါသနည်း။ သမ္မတကြီးက နောက်ကြောင်းပြန်မလှည့်ပါ ဟုဆိုခဲ့၏ ။ စုံစမ်းရေး ကော်မရှင်သတင်းစာရှင်းလင်းပွဲတွင် “နောက်ကြောင်းပြန်လှည့် နိုင်၊ မလှည့်နိုင်ဆိုတာက ကျွန်မတို့နိုင်ငံသားတွေရဲ့ လက်ထဲမှာပဲရှိ တယ်၊ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ လက်ထဲမှာမှ မရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ကို ကြားခဲ့ရပါသည်။

ထိုအချိန်တွင်မှ နိုင်ငံရေးကျွမ်းကျင်သူအချို့ကလည်း နောက်ကြောင်းပြန် လှည့်မှာစိုးရိမ်မိကြောင်း ပြောဆိုနေကြသည်ကို ကြားနေရပါ သည်။ အချို့ကဆိုလျှင် တစ်ခါခံဖူးသည့် သင်ခန်းစာကို နောက်တစ်ဖန်ပြန် ခံစားရလျှင် ကိုယ့်လောက်မိုက်သူမရှိ ဟုပင်အသိပေး ပြောကြပါသေးသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလဖြစ်စေ ၊ အသွင်ကူးပြောင်းပြီး ကာလ ဖြစ်စေ ပြည်သူတို့ကလိုအင်ဆန္ဒကို ဆန္ဒပြထုတ်ဖော်သည်မှာ သဘာဝပင်ဖြစ်ပါသည်။ ယခင်က ဖိနှိပ်ချုပ်ချယ်ခဲ့၍ “ငြိမ်ဝပ်ပိပြား” နေခဲ့ရရာမှ ၊ ယခုပွင့်လင်းမြင်သာမှုကိုတည်ဆောက်နေသည့်အချိန်(သမ္မတကြီးဦးသိန်းစိန်၏စကားအတိုင်း)တွင်မှ လိုအင်ဆန္ဒထုတ်ဖော်၍ မရလျှင် ယခင်နှင့်ယခုဘာများ ထူးခြားပါမည်နည်း။ ဤသို့ဆိုလျှင် ပြည်သူတွေဘယ်လောက်နစ်နာနစ်နာ ဆန္ဒထုတ်ဖော်စရာမလိုဘူး၊ ငြိမ်ခံကြဟု ဆိုသည့်သဘောပင် မဟုတ်ပါသလား ဟုမေးရပါတော့မည်။ ကလေးသူငယ်တို့သည် မိမိတို့အလိုရှိသည်ကို ရနိုင်အောင် ငိုကြွေးခြင်းဖြင့် ထုတ်ဖော်ပြောဆိုကြပါသည်။ ပြည်သူတို့က လည်း မိမိတို့လိုအင်ဆန္ဒများကို ထုတ်ဖော်တောင်းဆိုသည့်အနေဖြင့် ဆန္ဒပြကြပါသည် ။ မိမိတို့လိုအင်ဆန္ဒကို ထုတ်ဖော်ပြသ ရန်အတွက် ငိုကြွေးသည့် ကလေးသူငယ်ကို ဖြောင့်ဖျချော့မော့ခြင်းမပြုဘဲ တစ်ဆိတ်ရှိ “ဒေဝေါ” ဖြင့် ခြောက်လှန့်နေကြသည့် မိဘများ ၊ ကလေးထိန်းများကဲ့သို့တော့ မလုပ်စေချင်ကြပါ။ ကိုယ်နစ်နာမှု၊ ကိုယ့်လိုအင်ဆန္ဒကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကိုယ်လုပ်နိုင်စွမ်းရှိသမျှ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသည့်ပြည်သူများကို“နောက်ကြောင်းပြန်”စကားများဖြင့် ခြောက်နေလှန့် နေကြသည်ကိုတော့ “ဒေဝေါ” နှင့် ခြောက်နေသည် ဟုပင်ဆိုလိုက်ချင်ပါသည်။ စာရေးသူဆိုလိုသည့်ဒေဝေါကို စာဖတ်သူတို့နားလည်ကြပါလိမ့်မည်ထင်ပါသည်။ စာရေးသူ ကတော့ သာမန်ပြည်သူတစ်ယောက်မျှသာဖြစ်၍ “ ဒေဝေါ” တကယ်လာမည်၊မလာမည် ဆိုသည်ကို မတွေးတတ်၊ မပြောတတ်ပါ ။ စာရေးသူထက်ပို၍ နိုင်ငံရေးအကွက်မြင်သူ၊ ဒေဝေါနှင့် နီးစပ်သူ ၊ပတ်သက်သူ တို့ကတော့ ဒေဝေါဘယ်သူ ၊ ဘယ်ပုံရှိသည်၊ ဘယ်မှာရှိ နေသည် ဆိုသည်တို့ကို အတွင်းသိ၊အပြင်သိ ၊ ခရားစေ့တွင်းကျသိနေကြ၍ ပြောကြဆိုကြသည်ဖြစ်ပါလိမ့်မည်။

စာရေးသူအနေဖြင့်တော့ ယခုအချိန်သည် ဒီမိုကရေစီ နိုင်ငံသစ်အခိုင် အမာတည်ဆောက်ရေးအတွက် အစိုးရနှင့် ပြည်သူ တို့အကြား ၊ တိုင်းရင်းသားများနှင့် ပြည်ထောင်စုအစိုးရအကြားတို့တွင် ပွင့်လင်းမြင်သာ မှုများဖြင့် ညှိနှိုင်းဖြေရှင်းမှုများ လုပ်ကြဆောင်ကြ ရမည့်အချိန်ဟု ထင်မြင်ယူဆပါသည်။ “ခုရှုပ်မှ နောင်ရှင်း” ဆိုသည့်စကားကို အပြီးတိုင်ပယ်ဖျောက်၍ “ယခင်က အထုတ်ရှုပ်၊ နောက် နောင်တွင်ဆက်မရှုပ်ခင် ခုကတည်းကအရင်ရှင်းကာ” ဒီမိုကရေစီနိုင်ငံတော်သစ်၏ ရှေ့ခရီးကို မဆုတ်မတွန့် ဆက်ကြရမည့်အချိန်တွင် အစိုးရနှင့် ပြည်သူကြား ၊ တိုင်းရင်းသားများနှင့် ပြည်ထောင်စု အစိုးရကြားတို့တွင် ဒေဝေါ ကန့်လန့်-ကန့်လန့်ဝင်မပါ စေလိုပါ ။ အာဏာ ကိုဆုပ်ကိုင်လိုသူများ၏ ပယောဂဖြင့် ဒေဝေါကို အသုံးချခံမဖြစ်စေလိုပါ။ ပြည်သူတို့အတွက် ဒေဝေါ လူကြမ်း မဖြစ်စေလိုပါ ဟု ဆန္ဒပြု လိုက်ချင်ပါသည်။

ထင်လင်းဦး (Wisdom Villa)
Messenger News Journal

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.