Tuesday, December 18, 2012

0 ထိုင်းဝန်ကြီးချုပ် ထားဝယ်သို့သွား ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ကန့်ကွက်

ဘပြောင် တိုးတိုး တိုးတိုးနဲ့ ကြိတ်ပြီး ရောင်းမစားနဲ့နော်။ ထားဝယ် အရေးအခင်း ထပ်ဖြစ်ရင် ကျနော် မသိဘူး လုပ်ဦးမယ်
(Bangkok Post မှ 17 Dec 2012 ရက်စွဲပါ “PM in Myanmar for Dawei meet” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာသည် ထားဝယ်အထူးစီးပွားရေးဇုန် နှင့်ပတ်သက်၍ အရေးကြီးသော ဆွေးနွေးမှုပြုလုပ်ရန် တနလာင်္နေ့ တွင် မြန်မာနိုင်ငံ၌ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိသည်။

၎င်းအစည်းအဝေးက ရင်းနှီးမြှုပ်နှံမှုများ၏ ယုံကြည်စိတ်ချမှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ပို့ဆောင်ရေးဝန်ကြီး ချတ်ချတ်ဆစ်တီပွန် ကပြောကြားသည်။

စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်မှုကို အတည်ပြုပြသသည့် ခရီးစဉ်တွင် ယင်လပ် နှင့်အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄၀ လိုက်ပါသွားကြသည်။

ယင်လပ်သည် ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး စီမံကိန်းပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်စပ်ရင်းနှီး မြှုပ်နှံမှုများ၏ တိုးတက်မှုအခြေအနေကို လေ့လာစစ်ဆေးမည့်ဖြစ်သည်။

ယခုခရီးစဉ်သည် ၂၀၀၈ မေလက ထားဝယ်စီမံကိန်းအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးနောက်ပိုင်း ထားဝယ်သို့ ပထမဦးဆုံးအကြိမ် ယင်လပ်ရောက်ရှိလာခြင်း ဖြစ်သည်။

သောကြာနေ့က အစည်းအဝေးတွင် နှစ်နိုင်ငံပူးတွဲ ညှိနှိုင်းရေးကော်မတီက စီမံကိန်း၏အခြေခံ
အဆောက်အဦးစနစ်ကို အဆင့် ၃ ဆင့်ခွဲ၍ လုပ်ဆောင်ရန် စီစဉ်ခဲ့သည်ဟု ဝန်ကြီးချတ်ချတ်က ဆိုပါသည်။

ပထမဆုံး Phase Zero အဆင့်တွင် ၂၀၁၄ တွင်အပြီးသတ်ရန်မျှော်လင့်ထားသော အခြေခံစက်မှု လုပ်ငန်းများ ပါဝင်ဖွဲ့စည်းထားသည်။ Phase One အဆင့်တွင် ဆိပ်ကမ်း၊ကားလမ်း၊ရေပေးဝေရေးစနစ်နှင့် ပို့ဆောင်ရေးစနစ်များပါဝင်ပြီး ၂၀၁၅ တွင် အဆင်သင့်ဖြစ်ရန် မျှော်မှန်းထားသည်။

နောက်ဆုံး Phase two အဆင့်တွင် ကျန်ရှိစက်မှုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမည် ဖြစ်၍ ၂၀၂၀ တွင်ပြီးစီးမည် ဟု မျှော်လင့်ရသည်။ ထိုင်းနိုင်ငံ မက်တာပွတ် နှင့် ထားဝယ်ကို လျှပ်စစ်ရထားဖြင့် ဆက်သွယ်မည့်စီမံကိန်းကိုလည်း ပူးတွဲ ညှိနှိုင်းရေးကော်မတီက လေ့လာ လျက်ရှိသည်။

ထားဝယ်မှ ထိုင်းနယ်စပ်အထိ လမ်းပိုင်းတစ်ခုထဲကပင် ဘတ်ငွေ ၃၀ ဘီလျံကုန်ကျမည် ဟုဆိုသည်။ စုစုပေါင်း ဘတ်ငွေ ၁၅၀ ဘီလျံကုန်ကျဖွယ်ရှိသော ရထားလမ်းစီမံကိန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားနေကြသောကြောင့် ကုန်ကျစရိတ်လျှော့ချနိုင်ရန်အတွက် Phase Oneသို့ ပြောင်းကာ စောစောအကောင်အထည်ဖော်လို သည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် နေရာဖယ်ပေးရသူများကို ပြန်လည်နေရာချထားရာတွင် ကူညီရန် ကမ်းလှမ်းထားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင် တိုဗီချတ်ချိုင်ကူး ကပြောကြားသည်။

မိမိတို့၏ အစီအစဉ်တွင် လယ်ယာစိုက်ပျိုးရေးစနစ်များ သင်ကြားပေးခြင်းနှင့် သက်မွေးဝမ်းကျောင်းသင်တန်းပေးခြင်းတို့ ပါဝင်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်၍ “ယင်းသို့ ကူညီမှုကို မြန်မာအစိုးရကလည်း ကျေနပ်မှုရှိကြောင်း ၊ ရွှေ့ပြောင်းရွာသားများကို နေရာပြန်ချပြီးသည်နှင့် တစ်ပြိုင်နက် အစီအစဉ်စတင်မည်ဖြစ်ကြောင်း ထားဝယ်စီမံကိန်းကို လာမည့်နှစ်ဧပြီလတွင် စတင်ပုံဖော်ရန် မြန်မာနိုင်ငံဖက်မှ ဆန္ဒရှိနေကြောင်း ” ရှင်းလင်းပြောကြားသည်။

ထိုင်းနိုင်ငံမှ သဘာဝဂေဟစနစ် ပြန်လည်ထူထောင်ရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဝီတွန်းပန်ပွန်ဆက်ရွန် ကမူ “ထားဝယ် စီမံကိန်း၌ ထိုင်းအစိုးရ၏ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံ၌ တနလာင်္နေ့ဆွေးနွေးမှုတို့ ကို လေ့လာစောင့်ကြည့်ကြ ရန်” ပြည်သူများကို တိုက်တွန်းနှိုးဆော် လိုက်ပါသည်။ “ဒီစီမံကိန်းအကြောင်းအပြည့်အဝသိရှိထားပြီးဆိုတာ ခုထိမသေချာသေးပါဘူး။ စီမံကိန်းမပြီးတော့ဘူးဆိုရင် အစိုးရကဘယ်လိုတာဝန်ယူမှာလဲ။ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေ ဒီစီမံကိန်းမှာ ပြုန်းတီးသွားမှာပေါ့။ ဒီစီမံကိန်းကနေ အသီးအပွင့်တွေရလာမှာလား။ မြန်မာအစိုးရကကော ဒီစီမံကိန်းကို အပြီးအထိထောက်ခံပံ့ပိုးမှာလား စတဲ့အချက်တွေကို ထိုင်းအစိုးရကဘယ်လိုအာမခံမှာလဲ” ဟု မစ္စတာဝီတွန်းက အစိုးရကို မေးခွန်းထုတ် သည်။

မစ္စတာဝီတွန်းက ဆက်လက်၍ “မြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက်ဆဲ ရေနက်ဆိပ်ကမ်းနှစ်ခုရှိနေပြီဖြစ်ကြောင်း၊ ထားဝယ်စီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်နိုင်ခြေကိုလည်း မိမိစိုးရိမ်ကြောင်း၊ ဒေသခံ ပြည်သူများမှာ ပြောရေးဆိုခွင့် မရှိကြကြောင်း၊ ထိုင်းအရှေ့ဖက်ကမ်းရိုးတန်း စီမံကိန်းထက် ဆယ်ဆကြီးသော ထားဝယ်စီမံကိန်းကြောင့် ဒေသခံများအပေါ် ပတ်ဝန်းကျင်ဆိုးကျိုး သက်ရောက်မှုများရှိလာနိုင်ကြောင်း” သတိပေး ပြောဆိုသည်။

မြန်မာနိုင်ငံမှ Campaign for Democracy Committee ဒုတိယဒါရိုက်တာ ဦးမြင့်ဝေကလည်း ထားဝယ်စီမံကိန်းအတွင်းသို့ အလောတကြီးခုန်မဝင်သင့်ဟု အကြံပြုသည်။ စီမံကိန်းထက် ဆိုးကျိုးသက်ရောက်နိုင်မှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ပြဿနာဖြေရှင်းရေး အစီအစဉ်များ ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှု ပြုလုပ်ရန် ၎င်းကတောင်းဆိုထားသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.