Sunday, December 16, 2012

0 မီးလောင်ဗုံး နဲ့ မီးခိုးဗုံး

မီးလောင်ဗုံး ကို .. စစ်သုံး အမှတ် ၃၆ လက်ပစ်ဗုံးကဲ့သို့ လက်ဖြင့် ပစ်ခတ် ရပါသည်။ မီးလောင်ဗုံးကိုယ်ထည် ကို ဘီယာသံဘူး၊ ကိုကာကိုလာ သံဘူးများ ကဲ့သို့ သံဖြူ သို့မဟုတ်အလူမီနီယံပြားဖြင့် ပြုလုပ်ထားပြီး အရွယ်အစားမှာဘီယာသံဘူး အရွယ်ဖြစ်ပါသည်။
မီးခိုးဗုံး ကို .. M 79 ဗုံးပစ်လောင်ချာကဲ့သို့ ပစ်ရသည် ။

--------------------------------------------------------------------------------------- သို့
The VoiceWeekly
အယ်ဒီတာခင်ဗျား
ယခုတစ်လော Hot News ဖြစ်နေတဲ့ လက်ပံတောင်းတောင် အရေးအခင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က အဓိကရုဏ်း နှိမ်နင်းရာ၌ အသုံးပြုခဲ့သည့် လက်နက်တွင် မီးလောင်ဗုံး သုံးစွဲကြောင်း သံသယများ ရှိနေပြီး အမျိုးမျိုး ဝေဖန်ပြောဆို နေကြတာကို ကြားသိ နေရပါသည်။

ထို့အပြင် ရုပ်မြင်သံကြားနှင့် Internet များတွင်လည်း မြင်တွေ့နေရသည့် အတွက် ယင်းပုံရိပ် အထောက်အထားများ ကိုကြည့်ပြီး ကျွန်တော့်အနေဖြင့် လေ့လာသိရှိနားလည်သော ဗဟုသုတ အပေါ် အခြေခံပြီး ကျွန်တော်၏ ထင်မြင် ယူဆချက်ကို တင်ပြ လိုပါသည်။

ရဲတပ်ဖွဲ့မှ အသုံးပြုသည့် မီးခိုးဗုံးသို့မဟုတ် မျက်ရည်ယိုဗုံး ဆိုတာကို ပထမဦးစွာ ရှင်းပြချင်ပါသည်။ ထိုဗုံးကို Smoke Bomb သို့မဟုတ် Tear gas Bomb ဟု လူသိများပါသည်။ ယင်းကို ပစ်ခတ်ရာတွင်
လက်ပစ်ဗုံးကဲ့သို့ လက်ဖြင့် ပစ်ခတ်၍ မရပါ။ ယင်းဗုံးကို ပစ်ခတ်သော လက်နက် တစ်လုံးထိုး ပြောင်းချော လောင်ချာသေနတ်ဖြင့် ပစ်ခတ် ရပါသည်။ ယနေ့ တပ်မတော် အသုံးပြုနေသော M.79 ဗုံးပစ် လောင်ချာနှင့် တူပါသည်။ ယင်းဗုံးကို အကွာအဝေး ကိုက် ၅ဝ မှ ၁ဝဝ အတွင်း ပစ်ခတ် နိုင်ပါသည်။ ပစ်ခတ်လိုက်သော မီးခိုးဗုံးသည် မြေပြင်ပေါ် ကျရောက်စဉ် ပေါက်ကွဲခြင်း မရှိပါ။ ထိုဗုံးမှ မီးခိုးများ အူထွက်လာပြီး ပတ်ဝန်းကျင်သို့ လေဖြင့် ပျံ့သွားပါသည်။ ထို့ကြောင့် ပစ်ခတ်ရာတွင် လေတိုက်ရာ အရပ်သို့ကြည့်ပြီး လေ၏ အထက်အရပ်မှ ပစ်ခတ်ရပါသည်။

ထိုမီးခိုး၏ အနံ့အသက်မှာ အလွန် ဆိုးဝါး၍ ရှူရှိုက် မိပါက အော့အန် တတ် ပါသည်။ မျက်စိထဲဝင်လျှင် စပ်ဖျင်းဖျင်းဖြစ်ပြီး မျက်ရည်ပူများ ကျတတ်ပါသည်။

ဗုံးကို တည်ဆောက် ထားပုံမှာ စစ်သုံး နှစ်လက်မ မီးခိုးဗုံးနှင့် တူပါသည်။ နောက်တစ်မျိုးကတော့ မီးလောင်ဗုံးဖြစ်ပါသည်။ ယင်းကို ပစ်ခတ်ရာတွင် အခြား လက်နက်မလိုပါ။ စစ်သုံး အမှတ် ၃၆ လက်ပစ်ဗုံးကဲ့သို့ လက်ဖြင့် ပစ်ခတ် ရပါသည်။ ဗုံးတည်ဆောက်ပုံ Mechanism မှာ အမှတ် ၃၆ လက်ပစ်ဗုံး၊ သို့မဟုတ် အမေရိကန်လုပ် လက်ပစ်ဗုံး၏ စနစ် တည်ဆောက်ပုံနှင့် လှုပ်ရှားပုံ တူပါသည်။ သို့ရာတွင် ကွဲလွဲချက်မှာ ထိုလက်ပစ်ဗုံးများ ကဲ့သို့ သံကြွပ် Castiron ဖြင့် တည်ဆောက် ပုံသွင်းထားခြင်းမဟုတ်ပါ။ မီးလောင်ဗုံးကိုယ်ထည် ကို ဘီယာသံဘူး၊ ကိုကာကိုလာ သံဘူးများ ကဲ့သို့ သံဖြူ သို့မဟုတ် အလူမီနီယံပြားဖြင့် ပြုလုပ်ထားပြီး အရွယ်အစားမှာ ဘီယာသံဘူး အရွယ်ဖြစ်ပါသည်။

ကွဲလွဲချက်မှာ အတွင်းတွင် အမှတ် ၃၆ လက်ပစ်ဗုံးကဲ့သို့ TNT ယမ်းပြင်း မထည့်ထားဘဲ မီးလောင်လွယ်သော မီးစုံး အဖြူ Wihte Phosphorus နှင့် ပျစ်ချွဲသော ကော်တစ်မျိုး Jelly ဂျယ်လီကို ထည့်ထားပါသည်။ ထို့ကြောင့် ပစ်ခတ်လိုက်သောအခါ စနက်တန် Fuze ပေါက်ကွဲမှုကြောင့် မီးစုံး အဖြူကို မီးကူးပြီး ပေါက်ကွဲသဖြင့် Jelly ဂျယ်လီဖြင့် ရောနှောပြီး ဘေးပတ်ဝန်း ကျင် ငါးကိုက်ခန့်ကို ထိခိုက် စေပါသည်။

မီးစုံးကြောင့် မီးလောင်ပြီး ဂျယ်လီကြောင့် ထိမှန်သော အရာဝတ္ထုပစ္စည်း၊ လူအားလုံးကို စွဲကပ်စေပြီး မီးလောင် ကျွမ်းစေပါသည်။

ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးအဝေးပေါ် မူတည်ပြီး လောင်ကျွမ်းမှု ပမာဏ ကွာခြားပါသည်။ ယင်းမီးလောင်ဗုံးကို 80- WP ဗုံးဟု ခေါ်ပါသည်။ လက်ပံတောင်းတောင် ကိစ္စတွင် သံဃာတော်များ အိပ်နေစဉ် ရေဖြင့်ပက်ပြီး တစ်ပြိုင်နက် မှာပဲ ယင်းမီးလောင်ဗုံးကို ပစ်ခတ်သဖြင့် လူစုလူဝေးထဲ ကျပြီး ပေါက်ကွဲသောကြောင့် ယခုကဲ့သို့ ဒဏ်ရာပြင်းထန်စွာ ရရှိကြသည်ဟု ယူဆမိ ပါသည်။

သာမန်မီးခိုးဗုံးမှာ ယခုကဲ့သို့ လူကိုယ်တွင် မီးစွဲကပ်မှုမရှိနိုင်ပါ။ သံဃာတော်များမှာ သင်္ကန်းများရုံ ထားသဖြင့် သင်္ကန်းကို စွဲကပ်သောကြောင့်သာ ထိခိုက်ဒဏ်ရာရရှိမှု ပို၍ ကြီးမား နိုင်ပါကြောင်း ကျွန်တော်ဉာဏ်မီ သလောက် လေ့လာသုံးသပ်၍ တင်ပြလိုက်ပါသည်။ စုံစမ်း စစ်ဆေးရာတွင် ဗုံးပေါက်ကွဲသော နေရာ၌ ရရှိနိုင်သော ပေါက်ကွဲမှု အပိုင်းအစများကို ဂရုဓမ္မ ပြု၍ လေ့လာပါက မီးလောင်ဗုံး ဟုတ်မဟုတ် ယင်းအချက်များကို အခြေခံ စဉ်းစား ဆုံးဖြတ် သင့်ပါကြောင်း အကြံပြု တင်ပြလိုက်ပါသည်။

ဣဒ္ဓိအောင်နိုင်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.