Friday, November 4, 2011

0 ကဲ.. ကောင်းကြသေးရဲ့လား ။


HIV-AIDS ဝေဒနာရှင်များ ကူညီရန် အတွက် ရည်ရွယ်ထားသော တေးသံရှင် တသသ ၏ “ကောင်းကင်ထက်ကလမင်း” တစ် ကိုယ်တော် တေးစီရီး စီဒီ (Photo-shwelone.com)

စဉ်ကူးမြို့နယ်၊ရှောက်ပင်ရိုးအုပ်စု၊ကံတောင်ကျေးရွာ တွင်ပြုလုပ်သော HIV-AIDS ဝေဒနာသည်များအတွက် ထောက်ပံ့သည့် အလှူငွေ ကျပ် တစ်ဆယ်သိန်း (၁၀၀၀၀၀ိ/.) ပေးအပ်လှူဒါန်းပွဲကို အလှူရှင် တေးသံရှင် တသသ မှ ဦးဆောင်၍ ၃၀-၁၀-၂၀၁၁ နေ့၊ နံနက် ၁၀း၀၀ နာရီတွင် အဆိုပါ ကျေးရွာတွင် ကျင်းပခဲ့ပါ သည်။

ထို အလှူငွေပေးအပ်ပွဲသို့ ကံတောင်ဆရာတော်(ကံတော်ရွာဦးကျောင်း)၊ ရွှေမန္တလေးဂျာနယ် လက်ထောက် အယ်ဒီတာ စာရေးဆရာ သင့်နော် (ဥတ္တရလွင်ပြင် စာပေ)၊ ဓါတ်ပုံ ဘို အဖွဲ့(မန္တလေး)၊ ဖိတ်ကြားထား သော ဧည့်သည် များ နှင့် ဝေဒနာသည်များ တက်ရောက်ကြပါသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းမှ အလှူငွေကို ၎င်းတို့ကိုသာ လှူရန်၊ အခြားအဖွဲ့အစည်းများ ကို မလှူရန် တားမြစ်လာပါသည်။ အခမ်းအနား တက်လာမည့် လူနာ(ဝေဒနာသည်)များကိုလည်း ၎င်း အခမ်းအနား သို့ တက်ရောက်ပါက မြို့နယ်ကြက်ခြေနီမှ ထောက်ပံ့နေသော ARV ဆေးများ ရရန် တာဝန် မယူကြောင်း ဖိအား ပေး၍ မတက်ရောက်ရန် နှောက်ယှက်ဟန့်တားခဲ့ပါသည်။

ထိုသို့ အခြေအနေများကို အလှူရှင်နှင့် ဝေဒနာသည်များ စိတ်မချမ်းမြေ့ဖွယ် ကြုံတွေ့ခဲ့ရသော်လည်း အလှူရှင် တေးသံရှင် တသသ မှ အလှူငွေ ကျပ်ဆယ်သိန်းတိတိကို HIV-AIDS ကူညီထောက်ပံ့ရေး လူငယ် အဖွဲ့ သို့ ပြတ်ပြတ်သားသား လှူဒါန်းသွားပါသည်။

HIV-AIDS ကူညီထောက်ပံ့ရေး လူငယ် အဖွဲ့ သည် အောင်ဘာလေထီများ ရောင်းချနေသော လူငယ်များ နှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မိမိတို့ ရှာဖွေရသော လုပ်အားခ ချွေးနည်းစာများမှ ရံပုံငွေ စု၍ ဝေဒနာသည်များအပေါ် တတ်နိုင်သည့် ဘက်မှ ထောက်ပံ့စောင့်ရှောက်နေသော လူငယ်များ ဖြစ်သည်။ ထိုအဖွဲ့တွင် စိတ်တူကိုယ်တူ အဖွဲ့ဝင် (၂၆)ဦး ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

မည်သူမှ တာဝန်မပေးပဲ တိုင်းပြည်၏ တာဝန် အစိတ်အပိုင်းများကို လူငယ် အသီးသီးတို့သည် ပရဟိတ အသင်း အဖွဲ့များ ဖြင့် အားတက်သရော ဖြည့်စည်း ဆောင်ရွက်နေကြသည်ကို တွေ့မြင်နိုင်ပါသည်.။ (လတ်တ လော ရေဘေး များတွင် ရှုပါ )။ ထိုသို့ အသိစိတ်ဓါတ်ဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပြည်သူတို့၏ လိုအပ်ချက်များ ကို ဖြည့်စည်းပေးနေသော လူငယ်များကို အထက်ပါ ဟန့်တားမှုမျိုးများ က မဖြစ်သင့်တော့ ဟု မြင်ပါသည်။ လှူဒါန်းရသော အလှူရှင်များလည်း စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်ရပြီး မှီခိုနေရသော ဝေဒနာသည်များ အပေါ် စိတ်ပိုင်းစိတ်ရာ အရ ရက်စက်ရာ မငဲ့ကွက်ရာ ရောက်ပါသည်။

သမ္မတကြီးကဲ့သို့ နိုင်ငံ အကြီးအကဲ များကိုယ်တိုင် ပြည်သူနှင့် တစ်သားတည်း ဖြစ်ရန် ကြိုးစားနေချိန်တွင် အောက်ခြေ အနေ အထားများက ထိုသို့ ဆောင်ရွက်နေသည့်မှာ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ နှောင့်နှေးအောင် ဆောင်ရွက် နေသည့် သဘော သက်ရောက်၍ အစိုးရအဖွဲ့ မျက်နှာအား အိုးမဲသုတ်သကဲ့သို့ မြင်မိပါတယ်။ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာရန် ကြိုးပမ်းနေသော အစိုးရ၏ ခြေလှမ်းများကို ထိုသို့ ခြေထိုးသူများ (ပုန်ကန် နေတာလားထင်မိ) ရှိနေသ၍ ရွှေပြည်တော် မျှော်တိုင်းဝေးနေမည် ထင်ပါကြောင်း တင်ပြလိုက်ပါသည်။

ကိုဝိုင်ဝိုင်ကေ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.