Wednesday, November 2, 2011

0 ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပြန်ဝင်/မ၀င် အမေရိကန်အခြေစိုက် NPR ၊Singapore က The Economist သတင်းထောက်တို့ရဲ့အင်တာဗျူး(ရုပ်/သံ)


မနေ့က အမေရိကန်အခြေစိုက် NPR အသံလွှင့်ဌါနက အသံလွှင့်သူနဲ့ ဘန်ကောက်ကိုရောက်နေတဲ့ သူတို့ဌါနက သတင်းထောက်တစ်ဦးနဲ့ မြန်မာ့အရေး တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းကြတာ ဖတ်ရပါတယ်။ အမေရိကန်က မြန်မာ့အရေးစိတ်ဝင်စားသူတစ်ချို့လည်း ဒီ program ကိုဝင်လာပြီး ဖုန်းနဲ့သိလိုတာ မေးကြပါတယ်။ ဖြေပေးတဲ့လူကိုတော့ privacy ကြောင့် နာမည်ဖေါ်ပြမထားပါဘူး။

အဓိကမေးကြတာက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပြန်ဝင်မယ့်အကြောင်းနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ စီးပွားရေးပိတ်ဆို့မှုကိစ္စ၊ တရုတ်နိုင်ငံရဲ့ မြန်မာပြည်အပေါ် စီးပွားရေးလွှမ်းမိုးမှု အစရှိတာတွေပါ။ ဖြေပေးတဲ့သူအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ဝင်ကောင်းဝင်လိမ့်မယ်။

စစ်အစိုးရဘက်တော့နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုလိုချင်တာကြောင့်နဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြေလျော့စေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်စေချင်ပါတယ်။ သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ကဒီအခြေအနေကိုအသုံးချပြီး တောင်းဆိုမှုတွေလုပ်ကောင်းလုပ်လိမ့်မယ်တဲ့။ ဘာတွေဖြစ်မလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အာရုံစိုက်ဖို့တဲ့။ Reuters သတင်းအရ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဥပဒေ အတည်ဖြစ်ပြီးရင် CEC နဲ့တိုင်ပင်ပြီး ရွေးကောက်ပွဲဝင်သင့်၊ မဝင်သင့်ဆုံးဖြတ်မယ်လို့ သိရတယ်။

Singapore က The Economist သတင်းထောက်နဲ့ အင်တာဗျူးတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့မှုတွေအကြောင်းကို နည်းနည်းလျှော့ပြောလာတာ တွေ့ရပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ အရေးကြီးဆုံးမဟုတ်ဘူးဆိုရင်တောင် အရေးအကြီးဆုံးတွေထဲက တစ်ခုဆိုတာကို ပြောခဲ့ပါတယ်။ မေးသူက ၂၀၁၅ မှာ သမ္မတဖြစ်ဖို့ လုံးဝဖြစ်နိုင်ပါသလားဆိုတော့ ဖြစ်နိုင်တာတွေကတော့ အများကြီးပါတဲ့၊ ဒါပေမယ့် လုံးဝဖြစ်နိုင်မလားဆိုတာကတော့ တစ်ခြားအကြောင်းအရာဖြစ်သွားပြီလို့ ရယ်ရယ်မောမောနဲ့ ပြန်ဖြေပါတယ်။ နောက်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အောင်မြင်ပြီဆိုတာ ဘယ်လိုအချိန်မှာ သိနိုင်မလဲဆိုတော့ ဒါက ချက်ချင်းကြီး အားလုံးညီညွတ်လာကြဖို့မမျှော်လင့်ပါဘူးတဲ့။ ဖြည်းဖြည်းချင်းနဲ့ တစ်ခုပြီးပြီးတစ်ခု ညီညွတ်တိုးတက်လာအောင် လုပ်ယူရမှာပါတဲ့။

ဆိုတော့ကား အထက်ကမေးမြန်းမှုတွေ၊ အင်တာဗျူးမှုတွေကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရက အလွန်လိုလားတောင့်တနေတဲ့ ရွေးကောက်ပွဲဝင်ရေးဆိုတာကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုတို့၊ အပစ်အခတ်ရပ်စဲရေးတို့ အစရှိတာတွေ တောင်းဆိုအကောင်အထည်ဖေါ်နိုင်မယ်ဆိုရင်တော့ သားရွှေအိုးထမ်းမယ့်ကိန်း (သို့) win-win situation ဘက်ဆီကို မြန်မာပြည်သွားနေပြီလို့ ကျွန်တော်မြင်ပါတယ်။ သတိထားရမယ့်အချက်ကတော့ ပြုပြင်ထားတယ်ဆိုတဲ့ ရွေးကောက်ပွဲဥပဒေမှာ ရိုးသားမှုဘယ်လောက်ပါသလဲဆိုတာ သိဖို့လိုမယ်ထင်ပါတယ်။ ၂၀ဝ၈ အခြေခံဥပဒေလို ချည်ထား၊ တုပ်ထားတာမျိုးဆိုရင်တော့ CECကလည်း လက်ခံမယ်မထင်ပါ။


အမေရိကန်အခြေစိုက် အသံလွှင့်ဌါန NPR အင်တာဗျူးအသံဖိုင်

မှတ်ချက်။ အထက်ပါ မေးမြန်းအင်တာဗျူးမှုနှစ်ခုတွင် NPR အင်တာဗျူး၌ အသံနားဆင်ပြီး စာသားပါဖတ်ရှုနိုင်သော်လည်း The Economistနှင့်အင်တာဗျူးတွင် ရုပ်သံဗီဒီယိုကိုသာ တင်ထားပါသည်။
ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.