Tuesday, November 1, 2011

0 ဇာဂနာ သို့မဟုတ် လူထုအော်လံ -
ဆောင်းပါးရှင်-သွန်းနေစိုး


ပန်းချီ..birmania-libre.blogspot.com
သူ့ကို လူတော်တော်များများက `ဂတုံးကြီး´ ဟု ခေါ်ကြပါ သည်။

ဦးပြည်းခေါင်းတုံးဆိုသည်မှာ ကျွန်တော်တို့မိရိုးဖလာအရ အထွဋ်အမြတ်ထားသော အမှတ်အသား။ တစ်နည်းပြောရပါလျှင် `သူတော်စင်သင်္ကေတ´ လို ဖြစ်နေခဲ့၏။ သူသည်လည်း ကျွန်တော်တို့ လူငယ်များအတွက်တော့ သူတော်စင်သဖွယ် မွန်မြတ်ဖြူစင်သူတစ်ဦး ပင်။

သူ့ကို ကျွန်တော်စတင်သိကျွမ်းခဲ့သည်မှာ အများသူငါလိုပင် တီဗီဖန်သားပြင်များမှ တစ်ဆင့်ဖြစ်၏။ ရဲတင်းသော သူ့ပျက်လုံးများ အား လူငယ်ဘ၀အားကျစိတ်ဖြင့် ရယ်မောရင်း အတွေးတစ်ခု ၀င် ရောက် လာခဲ့ မိ၏။ တကယ်တော့ သူ ပျက်လုံးများမှာ အရွှန်းဖောက်နေ ခြင်းမဟုတ်။ နောက်ပြောင်နေခြင်းမဟုတ်။ အမှန်ကို အရှိအတိုင်း တုတ်ထိုးအိုးပေါက်တင်ပြ နေခြင်းသာဖြစ်ပါသည်။ သို့သော် လောက ကြီးက ရွဲ့နေလေတော့ သူ့ပျက်လုံးတွေက ရယ်စရာကောင်းနေခဲ့သည်။ ဟာသပညာဆိုတာ ကယ်ရီကေးချား လုပ်ခြင်း တစ်မျိုး၊ လောကကြီးကို ရွဲ့စောင်းတင်ပြရခြင်းတစ်မျိုးဟု ဖတ်မှတ်ခဲ့ရဘူးသည်။

သို့သော် ဂတုံးကြီးကတော့ လောကကြီးကို လိုက်ရွဲ့နေခြင်း မဟုတ်။ လောကကြီးကိုက စောင်းနေသည်ကို သူက အတည့်အတိုင်း တင်ပြသည့်အခါ ရယ်စရာကောင်းသွားတော့တာပါပဲ။

ပြုံးနေသော သူ့မျက်လုံးများအောက်၌ သရော်သလိုဟန် အသွင်သဏ္ဍာန်ကို မြင်ရသည်။ သူက စကားတစ်ခွန်းကိုဆိုလျှင် ထို စကားအောက်၌ ပုန်းကွယ်နေသောအနက်တစ်ခုရှိသည်။ ယင်းမှာ လောက၏ အဆီအငေါ် မတည့်မှုများအား လှောင်ပြောင်လိုခြင်း။

တကယ်တော့ သူသည်ကား လောကကြီးတစ်ခုလုံးနှင့် တစ် ယောက်တည်း ရန်ဖြစ်နေသောသူဖြစ်ပါသည်။

--------

ကိုသူရကို ကျွန်တော်အပြင်မှာ မြင်တွေ့ဘူးသည်မှာ ရုပ်ရှင် လောကသို့ ကျွန်တော်ဝင်ရောက်ကာစမှာ ဖြစ်ပါသည်။

ထိုစဉ်က ...
နီကိုရဲနှင့်အတူ ကိုသားကြီး (ဒွေး) ရှိရာ ရိုက်ကွင်းတစ်ခုသို့ လိုက်သွားခဲ့စဉ် သူနှင့် စတင်ဆုံဆည်းခဲ့ရ၏။
သုဝဏ္ဏရှိ ရုပ်ရှင်ရိုက်ကူးရာ အိမ်ဝင်းတစ်ခုမှာ ဖြစ်ပါသည်။

အိမ်နံဘေးထိုင်ခုံလေးတစ်ခုမှာ သူရယ် ကျွန်တော်တို့ရယ် စကားတွေပြောဖြစ်ခဲ့ကြ၏။ ကိုသူရ၊ ကိုသားကြီး၊ နီကိုရဲနှင့် ကျွန်တော်။ စုစုပေါင်း ၄ယောက်။ တကယ်တမ်းမှာတော့ သူတစ်ယောက်တည်း က ဒိုင်ခံပြောခြင်းသာ။ ကျွန်တော်တို့ ကျန်လူများက နားထောင်သမား သက်သက်။

ထိုစဉ်က ကိုသားကြီးညီ သားညီကလည်း မင်းသားစလုပ် ကာစ။ ကိုသူရက ကိုသားကြီးကို သားညီနှင့်ပတ်သက်၍ တစ်ခွန်းပြော ၏။

“သူက မချောဘူးနော်၊ မျက်နှာက ဒီလိုကြီး”

ပြောပြောဆိုဆို သူ့မျက်နှာကို ကွမ်းသီးငုံသလို ပါးဖောင်းပြ သည်။ ကျွန်တော်တို့အားလုံး ရယ်မောမိ၏။
သူကား ချက်ချင်းပျက်လုံးထုတ်ရာ၌ ကျွမ်းကျင်လှသော သူပေတကား။

နောက်တော့ ကိုရွှေဘုန်း (တာရာမင်းဝေ) အကြောင်းစကား က ရောက်သွားခဲ့သည်။ ထိုစဉ်က ကိုရွှေဘုန်းမှာ လျှမ်းလျှမ်းတောက် စတင် အောင်မြင်နေသောကာလ။

“ရွှေဘုန်းကိုတောင် ငါ ဇာတ်လေးတစ်ပုဒ်ပြောထားတယ်”ဟုဆိုကာ သူကြည့်ဖူးသော ပြင်သစ်ရုပ်ရှင်ကားတစ်ကား အကြောင်းအစအဆုံးပြောပြနေသည်။ ကျွန်တော်က ကိုယ်တိုင်စာရေး ဆရာမို့လားမသိ သူများက ဇာတ်လမ်းပြောပြလျှင် အလွန်ပျင်းတတ် သည်။ အခုသူပြောပြတာကျတော့ ငြီးငွေ့ချင်စရာမကောင်း။ စာရေး ဆရာတစ်ယောက်လိုပင် အစီအစဉ်အကွက်ကျကျပြောပြနိုင်သည်။ သူနှင့်တွေ့မှ ရုပ်ရှင်သမားတွေကို အထင်မကြီးတတ်သော စိတ်အခံသည် တော်တော်ပျောက်သွားခဲ့၏။

သူပြောသည်ကို တနစ်တမျောနားထောင်ရင်း ကျွန်တော်ပင် ထိုဇာတ်လမ်းထဲမှာ မျောပါသွားခဲ့၏။ ပိုပြီးစိတ်ဝင်စားဖွယ်ဖြစ်နေခဲ့ သည်က ထိုဇာတ်လမ်းမှာ မော်ဒန်ဖြစ်နေခြင်းပါပဲ။ ထိုအချိန်တွင် ကျွန်တော်ကလည်း မော်ဒန်မှ မော်ဒန်ဖြစ်နေသော ကာလ။

သူပြောပြသော ထိုဇာတ်လမ်းအား ကိုရွှေဘုန်းကလည်းရေး ဖြစ်သည်ဟု ကြားရသည်။ ကျွန်တော်ကလည်း အဲဒီဇာတ်ကားကို ငှားကြည့်ပြီး သောကြာပုံပြင်ဆိုသော ၀တ္ထုတစ်အုပ်ဖြစ်လာခဲ့သည်။

သူကတော့ ထိုစဉ်က ကိုသားကြီးကို ပြောနေသေးသည်။

“ကျွန်တော်တို့ ခုလို သမားရိုးကျတွေ ရိုက်လို့ ငြီးငွေ့သွားတဲ့ အခါ အဲဒီလို ဇာတ်လမ်းတွေ ရိုက်ရအောင်”

တဲ့။ ကိုသားကြီးက ခေါင်းတညိတ်ညိတ်။ သို့သော် သူ့ရည်စူးထားသလို မလုပ်နိုင်ရှာခဲ့။ ကိုသားကြီးက အသက်ဆုံးသွားခဲ့ သည်။ သူကား နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင်ပင် သူ့ဘ၀ အချိန်တာများကို ကုန်ဆုံးသွားရတော့မည်လား။

--------

နောက်ပိုင်း ကျွန်တော် အနုပညာလောကထဲမှာ နာမည်ရ လာတော့ သူနှင့် ထပ်မံဆုံဆည်းစရာ ကိစ္စများပေါ်ပေါက်လာရပါသေး သည်။ ခပ်တိုတို ကျော်ပြောရလျှင် သူနှင့် ပထမဆုံးတွေ့အပြီး နောက်ထပ် လေးငါးနှစ်မျှအကြာမှာ အနုပညာလုပ်ငန်းစုကို ကျွန်တော် တည်ထောင်ဖြစ်ခဲ့၏။

တီဗီကြေငြာ တစ်ခုအတွက် ကျွန်တော့်ဆီက သရုပ်ဆောင် သင်တန်းသား/သူတွေကို တော်ဝင်နှင်းဆီခြံမှာ သူ ကင်မရာစမ်းရိုက် ကြည့်ခဲ့သည်။ နောက်ပိုင်း သူနှင့်ကိုအောင်မင်းသိမ်း ရိုက်သော ဇာတ်ကားတစ်ကား မှာလဲ ခေါ်သုံးခဲ့သေးသည်။ ကိုအောင်မင်းသိမ်းဆိုသူကတော့ ကျွန်တော်နှင့် အဆင်မပြေလှ။ ကိုသူရနှင့်တော့ အခင်အမင် မပျက်ခဲ့ပါ။

ကျွန်တော်က ဇာတ်ညွန်းပညာလေ့လာနေမှန်းသိသဖြင့် သူ့ဆီ မှာ နိုင်ငံခြားက ဇာတ်ညွှန်းရေးနည်း သင်ခန်းစာ တွေ ရှိကြောင်းပြောပြ သည်။ နောက်တစ်နေ့ကျတော့ ကျွန်တော်လူလွှတ်ပြီးယူခိုင်းသည့်အခါ သူပေးလိုက်သော ဇာတ်ညွှန်းရေးနည်းပို့ချချက်တွေမှာ စီဒီတစ်ချပ်လုံး အပြည့်ပါပဲ။ နောက်ပိုင်းအချစ်ဂျာနယ်မှာ ကျွန်တော် ဇာတ်ညွှန်းရေး နည်း ရေးဖြစ်သည်မှာ ထိုစဉ်က သူ့ကျေးဇူးများ ကြောင့်ဖြစ်ပါသည်။

MRTV4 အတွက် ဂိမ်းအစီအစဉ်တစ်ခုရိုက်ဖို့ ကျွန်တော် သရုပ်ဆောင်ရွေးစရာကြုံတော့ ကိုသူရရယ် ဦးအောင်လွင်ရယ်လာကူ ကြသည်။ ထိုအချိန်တွင် သူကား တကယ့်ရုပ်ရှင်သမားစစ်တစ် ယောက် အသွင်ကို ပြလေပြီ။

မော်နီတာအား ကြည့်ရှုနေသော သူ့မျက်ဝန်းများ၊ သရုပ် ဆောင် ရွေးပွဲဝင်သူတို့အား ညွှန်ကြားနေပုံများအား ငေးမောနေမိရင်းမှ ၀ါရင့်ဒါရိုက်တာတစ်ယောက်၏ အသွင်အပြင်ကို ကျွန်တော်ရိပ်စားလာ မိခဲ့၏။

ကျွန်တော့်အမှတ်သညာထဲမှာ ကိုသူရနဲ့ ပတ်သက်လို့ စွဲထင် နေမိတာတွေကတော့ အများကြီးပါဘဲ။
ထိုစဉ်ကာလက သူနှင့်အတူအပြင်တွေဘာတွေ ထွက်သည့် အခါ မှတ်မှတ်ရရကြုံခဲ့တာလေးတစ်ချို့ရှိသည်။
သူ့ကားရှေ့မှာ တမင်ကိုးလို့ကန့်လန့်လာလုပ်သော ကားတစ်စီးကို လှမ်းငေါက်လိုက်ခြင်းအား တစ်ခေါက်ကြုံရဘူး၏။

သူ့ကား ဘေးပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ

“ရှေက ဘာကိုးလိုးကန့်လန့်လုပ်တာလဲ”

ဟူသောစကားမျိုးကို အော်လိုက်ခြင်းပါပဲ။

မျက်ခုံးတို့ တွန့်ချိုးကာ သူအော်လိုက်သော အသံမှာ လမ်း တလျှောက်ဟိန်းကာ ထွက်သွားသည်။ လမ်း၄၀ ထိပ်ဘက်မှာ ဖြစ်ပျက် ခဲ့ခြင်းဖြစ်၏။ ထိုနေရာ အနီးမှာက ကားဂိတ်လည်းရှိတာမို့ လူတွေ အတော် များသည်။

ကျွန်တော့်ရင်ထဲ ထိတ်သွားခဲ့၏။

ပြဿနာတော့ တက်တော့မှာပဲ။ ကိုသူရကလည်း ဒီနေရာမှာ မှ အော်ရတယ်လို့။ ဒီလိုနေရာကြီးမှာ ပြဿနာတက်ရင် လူတွေအကုန် ၀ိုင်းအုံကြည့်ကြမှာ။ ဘာပဲဖြစ်ဖြစ် သူက နာမည်ကြီးဆိုတော့ သူပဲ ထိခိုက်မှာ စိုးရိမ်လိုက်မိပါသည်။ တခြားနာမည်ကြီးတွေသာဆို တော်ရုံ တန်ရုံမတရားမှုလောက်ကိုတော့ သူတို့နာမည် ထိခိုက်မှာစိုးတာနဲ့ ငုံခံနေလိုက်မှာပါပဲ။

သို့သော် ကျွန်တော့်ပူပန်မှုများ အလဟဿ ဖြစ်သွားရပါ သည်။

အငေါက်ခံရသော ကားပိုင်ရှင်က သူ့ကို စိတ်မဆိုး။

`ဟာ ဇာဂနာကြီးပဲ´ ဟူသော မျက်နှာပေးဖြင့် ပြုံးကာပင်ပြန် ကြည့်နေသေး၏။ တခြားအနုပညာရှင်တွေ သူ့လို တုန့်ပြန်မှုမျိုးရလိမ့် မည် မထင်။ သူကား ပြည်သူ့အချစ်တော် နေရာကို စစ်မှန်စွာရရှိထားသူ ပေပဲ။

နောက်တစ်ခေါက်ကတော့ ဒီလိုပြဿနာမျိုး မဟုတ်ပါ။

နေပြည်တော်ရုပ်ရှင်ရုံနားသို့ ကျွန်တော်တို့ သွားဖြစ်ခဲ့စဉ်မှာဖြစ် သည်။ ဘာကိစ္စကြောင့်မှန်းတော့ မမှတ်မိတော့။

ကားလဲ မပါ။

ကျွန်တော်တို့နှစ်ယောက်သား လမ်းလျှောက်သွားခဲ့သည်။ လမ်းတလျှောက်လူတိုင်းလိုလိုက ကြည့်ကွက်ကြည့်ကွက်လုပ်ကြ၏။

သူကြားမကြားတော့မသိ။ တီးတိုးစကားသံများကို ကျွန်တော် သတိထားလိုက်မိသည်။

“ဟာ ဇာဂနာကြီးလွတ်လာပြီပဲ ... တဲ့”

အမှန်တော့ ထိုစဉ်က သူအပြင်ရောက်နေသည်မှာ အတော် ကြာပါပြီ။ အနုပညာအလုပ်များလုပ်ခွင့်မရဟု အပိတ်ပင်ခံထားရခြင်း သာ ရှိ၏။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေအမြင်မှာတော့ ဇာဂနာနှင့် ထောင်ကို ယှဉ်တွဲမြင်နေကြသည်လား။

ခေတ်ကို လွှမ်းမိုးနိုင်သောသူဆိုသည်မှာ အတော့်ကို နည်းပါ သည်။ သေချာသည်ကတော့ ထိုအထဲတွင် ကိုသူရသည်လည်း တစ် ယောက် အပါအ၀င်ဖြစ်၏။ ကိုသူရသည်ကား ကျွန်တော့်တို့ မျိုးဆက်အတွင်း၌ အတောက်ပဆုံးထဲမှ တစ်ယောက်။

ကုန်းဘောင်ခေတ်က “ရေးသမျှ မောင်ပုညထင်ကြ”သလိုပင် နိုင်ငံရေးပျက်လံးမှန်သမျှ ဇာဂနာ့ပျက်လုံးဟုသာ သမုတ်ခံခဲ့ရ၏။ မကြာမကြာဆိုသလို ဇာဂနာ့ပျက်လုံးအသစ်ဟူသော သရော်ချက်ပိုင်ပိုင် ဟာသကလေးများကို အရပ်ထဲ ဈေးထဲ ပြည်သူကြားထဲ တီးတိုးဖြန့်ချိ တတ်ကြလေ၏။

ကျွန်တော်နားလည်သလောက်တော့ ထိုဟာသအများစုမှာ ကိုသူရတကယ်ပျက်ခဲ့ခြင်းမဟုတ်ပါ။ ပြည်သူတွေ၏ မခံချိမခံသာစိတ် များ၊ ဖိဆီးမှုအား သရော်လိုသောစိတ်များမှ အရင်းခံပေါက်ဖွားလာ သည့် ပြည်သူကြားမှ ပျက်လုံးများပါပဲ။

ဒါပေမဲ့ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပြန့်ပွားသွားသည့် အခါ ဇာဂနာ့ပျက်လုံးဟု နာမည်တပ်ခြင်း ခံခဲ့ရတော့သည်။

တစ်နည်းပြောရပါလျှင် သူသည် မတရားမှုအပေါ် လှောင် ပြောင်သရော်လိုစိတ်အား ကိုယ်စားပြုသူ။ ကျွန်တော်တို့အားလုံး အမှောင်ဖုံးသော နှစ်လရှည်တွင် နေထိုင်ခဲ့ရစဉ် သူသည် တိမ်ညိုညစ် တို့ကြားမှ အလင်းရောင်ကို ထွန်းညှိသူ။

စကားလွန်နုတ်ကျွံပြောသည်ဟု မထင်စေ့လိုပါ။ သူ့ကြောင့် ဆိုရှယ်လစ်စနစ်ကြီးပြိုကျခဲ့သည်ဟု မဆိုဝံ့သော်ငြား ဆိုရှယ်လစ်စနစ် ၏ အတွင်းလှိုက်စားနေသော အကာပြဲ့ပြဲ့ အနှစ်မဲ့မှုများအား ဖော်ထုတ် ရာ၌ သူသည် ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့သူဖြစ်၏။ ဆိုရှယ်လစ်စနစ်အား ဖြိုလှဲရာ၌ သူကား အဓိကကျသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ပါ သည်။

ဇာဂနာဆိုသော လူတစ်ယောက် ကျွန်တော်တို့ ခေတ်တွင်ရှိနေ ခြင်းအတွက် ကျွန်တော်တို့ ပိုပေါ့ပါးသွားခဲ့ သည်။

လေးပင်လွန်းသော ၀န်းကျင်လေထုအား ရှုသွင်းရှုထုတ်ပြု လုပ်ရာတွင် အနည်းဆုံးတော့ နှုတ်ခမ်းတွန့်ကွေးကာ ရယ်စရာလေးများ ဖြင့် ပြက်ရယ်ပြုနိုင်ခဲ့၏။

တစ်ခါတစ်လေတော့လဲ ယင်းသို့ ပြက်ရယ်ပြုနိုင်သည့်စိတ် မှာ အတော်ကို အရေးတကြီးလိုအပ်ပါသည်။ ဘ၀မှာ ကြုံနေရတဲ့ အရာတွေကို ပြောင်းလဲဖို့လဲ မတတ်နိုင်၊ လက်မခံချင်လို့လဲ မရဆိုလျှင် လှောင်ပြောင်ရယ်မောလိုက်ဖို့သာ ရှိတော့သည်မဟုတ်လား။

ဇာဂနာသည် မြန်မာရယ်သံကို ကိုယ်စားပြုသော လူထု အော်လံဖြစ်ပါ၏။ ဇာဂနာတစ်ယောက် ကျွန်တော်တို့အနားမှာ ရှိခွင့် မကြုံခြင်းသည် ကျွန်တော်တို့အဖို့ ရယ်သံများဆိတ်သုဉ်းနေရခြင်းပင် ဖြစ်ပါတော့သည်။

Thorn Nay Soe

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.