Thursday, November 3, 2011

0 မြစ်ဆုံရေကာတာ ရပ်ဆိုင်းပြီးနောက် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းအရှိန်မြှင့်လုပ်ဆောင်လာ : Speed up Kyaukphyu-Kunming pipe line projet

(Yangon PressInternational )

မြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်မှုကို ရပ်ဆိုင်းထားမည်ဟု ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံကို ဖြတ်သန်းသွယ်ယူမည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံက အရှိန်မြှင့်လုပ်ဆောင်လာ သည်ဟု ယင်းစီမံကိန်းအတွက် ပိုက်လုံးများ ပို့ဆောင်ပေးသူတို့က ပြောသည်။

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ဆက်သွယ်မည့် သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းကို ယခုနှစ် လယ်ဝန်းကျင်မှ စတင်လုပ်ဆောင်ခဲ့ရာတွင် အစပိုင်း၌ အရှိန်နှေးခဲ့သော်လည်း စက်တင်ဘာလ နှောင်းပိုင်း သမ္မတ ဦးသိန်းစိန် က မြစ်ဆုံ ရေကာတာ စီမံကိန်းကို သူ့အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာပြီးသည့်နောက်တွင် အရှိန်မြှင့်လုပ်ဆောင်လာသည်ဟု ပိုက်လိုင်း သယ်ယူသည့် ကုန်တင်ကား မောင်းသူများက ပြောသည်။

“အရင်လပိုင်းက တနေ့ကို ပိုက်သယ်တဲ့ ကားခေါက်ရေ ၂၀ ၀န်းကျင်ပဲရှိပေမယ့် အခုတော့ တရက်ကို ကားအစီး ၄၀ နှုန်းလောက်နဲ့ သယ်တယ်။ အရင်က ပိုက်ဆံလက်ငင်းမပေးလို့ ကားတွေလည်း သိပ်မသယ်ကြပေမယ့် အခုတော့ ငွေလက်ငင်းရှင်းလို့ သယ်ပေးကြတယ် ” ပိုက်လိုင်းသယ်ပို့သည့် ထရပ်ကား မောင်းသူတဦးက ဟုပြောသည်။

မြန်မာစစ်ရေးနှင့် နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးအောင်ကျော်ဇောက “ ကားအဆင်းအတက် လည်း ပိုများလာတယ်။ ဒီရက်ပိုင်း အချိန်တိုအတွင်းမှာ ပစ္စည်းတွေများများ ပို့နေတာ တွေ့ရတယ်” ဟုပြောသည်။

၎င်းက ထပ်မံပြောဆိုရာတွင် ယခုလုပ်ဆောင်လျှက်ရှိသည့် ယခုသွယ်ယူလျက်ရှိသည့် ပိုက်လိုင်း သည် နောက် ၂ နှစ် ၃နှစ်အတွင်း တရုတ်ပြည်၏ စွမ်းအင်သုံးစွဲမှု၏ ၆၀ ရာခိုင်နှုန်းကို သယ်ပို့ပေးနိုင်မည့် ပိုက်လိုင်းဖြစ်လာလိမ့်မည်ဟုလည်း ပြောဆိုသည်။

ထို့ကြောင့် ယခု ပိုက်လိုင်း စီမံကိန်းသည် “ မြစ်ဆုံရေကာတာ စီမံကိန်းထက် အဆ၁၀၀ လောက် အရေးကြီးတဲ့စီမံကိန်း” ဖြစ်သည်ဟုလည်း ဦးအောင်ကျော်ဇောက ထောက်ပြသွားသည်။

ကျောက်ဖြူ-ကူမင်း ပိုက်လိုင်း စီမံကိန်းသည် အရှေ့အလယ်ပိုင်းမှ သယ်ယူလာသည့် ရေနံနှင့် ရခိုင်ကမ်းလွန်မှ သဘာဝဓါတ်ငွေ့တို့ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ မကွေးတိုင်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် တို့ကိုဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ပိုက်လိုင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့ကိုလည်း အဆိုပါ ပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ယခုပိုက်လိုင်း စီမံကိန်းမှ တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၁ ဘီလျံဝန်းကျင် ရရှိမည်ဖြစ်၍ နှစ် ၃၀ အတွင်း စုစုပေါင်း ၂၉ ဘီလျံရရှိမည့် စီမံကိန်း ဖြစ်သည်။
ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် အတူ ရထားလမ်းပါ ဆောက်လုပ်မည် ဖြစ်သည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.