မြန်မာ့နိုင်ငံရေး တွေးတောသူတို့က ၂၀၁၅ ကို စိုးရိမ်ကြသည်။ ၂၀၁၅ တွင် ဖြစ်ပေါ်နိုင်သည့် အနေအထားများကို မလွဲမသွေ စဉ်းစားလာကြရမည့် ၂၀၁၃၊ ၂၀၁၄ လောက်မှာပင် ၂၀၁၅ ၏ အလားအလာကို အကြောင်းပြုကာ ဒီမိုကရေစီ အကူးအပြောင်း လမ်းကြောင်း၌ ခလုတ်ကန်သင်းတွေ ပေါ်လာနိုင်သည်ဟု ချင့်တွက် ပူပန်ကြခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် အနိုင်ရခဲ့ပြီး၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက လစ်လပ်နေရာအားလုံးနီးပါး ရရှိသွားခဲ့သည်ကို ကြည့်ကာ ၂၀၁၅ တွင် အင်အားစုချင်း ထိပ်တိုက် ရင်ဆိုင် မိနိုင်သည့် အန္တရာယ်ရှိသည်ဟု အများပင် ရှုမြင်ကြသည်။
သည်တွင်၊အသွင်ကူးပြောင်းဆဲ တိုင်းပြည်တို့၌ ဒီမိုကရေစီ ခိုင်ခိုင်မာမာ ဖြစ်မဖြစ် အကဲဖြတ်သည့် အခြင်းအရာတစ်ရပ်ကို ဖော်ပြလိုသည်။ ယင်းက အာဏာ အလွဲအပြောင်း ကိစ္စဖြစ်သည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည့် အာဏာ လက်ရှိတို့က အနိုင်ရလာသူတို့အား ဣနြေ္ဒမပျက် အာဏာ လွှဲပြောင်းပေးသော ဖြစ်စဉ်များ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မျှ အပြန်အလှန် ဖြစ်ပေါ်ခဲ့ပြီဆိုလျှင် အဲသည် တိုင်းပြည်၌ ဒီမိုကရေစီ အခြေခိုင်ပြီ၊ ဒီမိုကရေစီ ဓလေ့များ အသားကျပြီ မှတ်ယူကြလေ့ ရှိသည်။
စဉ်းစားကြသူတို့က အကယ်၍ ၂၀၁၅ တွင် လွှဲပြောင်းရမည့် အနေအထားမျိုး ပေါ်ပေါက်ခဲ့သော် ဒီမိုကရေစီဓလေ့ ပြည့်ဝစွာ ကျင့်သုံးနိုင်ကြမည်လား၊ သို့တည်း မဟုတ် မကြာခင်ကမှ စတင်ခဲ့သည့် နိုင်ငံရေး ပြိုင်ပွဲစည်းကမ်းများ ပျောက်ပျက်သွား မည်လား တွေးတောစိုးရိမ်ကြခြင်း ဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း ကိစ္စကို ပညာရှင် မျက်စိဖြင့် ကြည့်သည့် နိုင်ငံရေး သဘောတရားဆရာ လယ်ရီဒိုင်းမွန်းက ၂၀၁၅ တွင် အကျပ်အတည်း ရှိနိုင်သည်ဟု ရှုမြင်ပြီး၊ ယင်းအကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် အင်အားစုကြီးများအကြား နိုင်ငံရေး သဘောတူညီချက် (political pact) တစ်ခု ရရှိဖို့ လိုသည်ဟု သုံးသပ်သည်။ နိုင်ငံရေး ပြိုင်ပွဲမှ ထွက်ပေါ်လာနိုင်သည့် မသေချာသော ရလဒ်အတွက် စိုးရိမ်ပူပန်ခြင်း၊ ရလဒ်ထွက်လာပြီးမှ လက်မခံနိုင်ဟု ငြင်းဆန်ခြင်း စသည့် ပြဿနာများကို တားဆီးနိုင်ရန်အတွက် အင်အားကြီးအုပ်စု အားလုံး လက်ခံနိုင်သည့် ရလဒ်တစ်ခုကို ကြိုတင် ညှိနှိုင်း သတ်မှတ်ပြီး၊ ယင်းအတိုင်း အဖြေထွက်အောင် ကစားခြင်းမျိုး ဖြစ်သည်။
သည်သဘောအရ သူ တင်ပြသည့် နည်းလမ်းတစ်ရပ်က ရွေးကောက်ပွဲစနစ်ကို ပြုပြင်ဖို့ ဖြစ်သည်။
ယခု ကျင့်သုံးနေသည့် မဲများသူ အနိုင်ယူ (First-past-the post) စနစ် [မဲ အများဆုံးရသူက တစ်မဲတည်းပဲ သာသည်ဖြစ်စေ အနိုင်ရ၍၊ တစ်မဲနှင့် ကပ်ရှုံးလျှင်လည်း လုံးဝ အရှုံး ဖြစ်သည့်စနစ်] အစား၊ အချိုးကျ ကိုယ်စားပြုသော (proportional representation) စနစ် [ပါတီအသီးသီးတို့က မဲဆန္ဒနယ်မြေအားလုံး၌ မိမိတို့ ရရှိသည့် စုစုပေါင်း မဲအရေအတွက်ပေါ် မူတည်၍ လွှတ်တော် ကိုယ်စားလှယ် ဦးရေကို အချိုးကျရရှိသည့်စနစ်] ကျင့်သုံးမည်ဆိုလျှင် တစ်ပါတီတည်းက အပြတ် အသတ် အနိုင်ရ၍ တစ်ဖက်သူတို့ စိုးရိမ် ပူပန်လောက်အောင် ကြီးစိုးလွှမ်းမိုးသွားသည့် အနေအထားမျိုး ဖြစ်ပေါ်နိုင်မည် မဟုတ်ဟု ဆိုသည်။
သူက မဲများသူ အနိုင်ယူစနစ်နှင့် အချိုးကျစနစ်တို့ကို ပေါင်းစပ် အသုံးပြုနိုင် ကြောင်းလည်း အကြံပြုသည်။
သည်တွင် ဖြစ်စေချင်သော ရေတို ရလဒ်တစ်ခုကို မျှော်မှန်းကာ ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ခြင်းသည် သင့်မသင့်ကို လည်းကောင်း၊ ယင်းစနစ်မျိုးမှ မည်သို့သော မလိုလားအပ်သည့် ရလဒ်များ ပေါ်ထွက်လာနိုင်သေးသည်ကို လည်းကောင်း စဉ်းစားဖို့ လိုပါလိမ့်မည်။
ထို့ပြင် အင်အားစုကြီးများမှ ဦးဆောင်သူတို့ ညှိနှိုင်းကာ နိုင်ငံရေး လမ်းကြောင်းကို သတ်မှတ် ပြဋ္ဌာန်းကြမည်ဆိုလျှင် အများပြည်သူကို လျစ်လျူရှုရာ ရောက်သဖြင့် ဒီမိုကရေစီ သဘောမပြည့်ဝဟု ဆိုစရာလည်း ရှိပါသည်။ ဒီမိုကရေစီ ဆိုသည်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် အယူအဆမျိုးစုံ ရှိသူတို့ ၀င်ရောက် ယှဉ်ပြိုင်ကြလျက် ပြည်သူတို့က မိမိတို့ နှစ်သက်သူ၊ မိမိတို့နှင့် သဘောထားချင်း တူညီသူတို့ကို ရွေးချယ်ပေးရခြင်းဖြစ်ရာ ရလဒ်သည် ပြည်သူ့ ဆန္ဒပေါ်တွင် မူတည်သည်။ အဲဒါကြောင့်လည်း ဒီမိုကရေစီ (လူထု-အုပ်စိုးမှု) စနစ် သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များ အုပ်စိုးသော စနစ်ဟု ခေါ်ကြခြင်း ဖြစ်သည်။ ရလဒ်ကို ကြိုတင် ညှိနှိုင်းရယူကြမည်ဆိုလျှင် ဒီမိုကရေစီနှင့် ကွာဟသွားလိမ့်မည်။
သို့သော် သည်ကနေ့သည် ဒီမိုကရေစီသို့ ဦးတည် ကူးပြောင်းနေဆဲ ကာလသာဖြစ်ရာ ပွင့်လင်းမြင်သာမှု မရှိတာ၊ အများပြည်သူ ပါဝင်ဆွေးနွေးခွင့် မရှိရုံမက သိခွင့်ပင် မရှိတာ စသည့် ဒီမိုကရေစီ မပြည့်ဝမှုတွေက ဟိုမှာ သည်မှာ ရှိနေဦးမည်သာ ဖြစ်သည်။
တစ်ဖက်တွင် နယ်ပယ်စုံမှ နိုင်ငံရေး ဦးဆောင်သူများအကြား ဆက်ဆံမှု တိုးတက်လာခြင်းကမူ ပြည်သူတို့အတွက် ၀မ်းမြောက်စရာဟု ဆိုချင်သည်။
မကြာမီက သတင်းဓာတ်ပုံတစ်ခုတွင် ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ လည်ကတုံး ရှပ်အင်္ကျီဖြူ ကိုယ်စီ ဆင်မြန်းလျက် ညီရင်းအစ်ကိုများပမာ တစ်သားတည်း ဆင်တူစွာ တွေ့မြင် ရသည့်အခါ အံ့သြ၀မ်းသာမိရသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်တို့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံရှေ့တွင် အတူတွဲရပ်ကြသည့် ရှုခင်းကို မြင်တွေ့ကြ ရပြီးနောက်၊ NLD ပါတီ ရွေးကောက်ပွဲဝင်လာခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်က ကြိုဆိုခြင်းများ ဆက်လက် ဖြစ်ပေါ်ခဲ့သည်ကို ထောက်ရှုကာ ၈၈ တို့ကိုလည်း နိုင်ငံရေးပြိုင်ပွဲသို့ စတင် လက်ကမ်း ကြိုဆိုလိုက်ခြင်း ဖြစ်သည်ဟု ရှုမြင်မိသည်။
တစ်ဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့တွင် ဆက်လက် ဆောင်ရွက်ဆဲ အဆင့်မှာပင် ရှိနေသေးသော်လည်း ငြိမ်းချမ်းရေး ကိစ္စကို တောက်လျှောက် တာဝန်ယူ ဆောင်ရွက်လာခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အရ နောက် အစိုးရလက်သို့ လွှဲပြောင်းပေးရမည့် ၂၀၁၅ မတိုင်မီ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီစုံ ပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ် ကျင်းပပြီး အနာဂတ်အရေး ဆွေးနွေးနိုင်ရန် ရည်ရွယ် ကြိုးပမ်းလျက် ရှိကြောင်း ကြားသိရရာ ဗဟိုနှင့် ဒေသ အသီးသီးရှိ နိုင်ငံရေး ဦးဆောင်သူများအကြားတွင်လည်း ဆက်သွယ်မှု၊ ဆွေးနွေးမှု၊ ညှိနှိုင်း အဖြေရှာမှုများ တိုးတက်လျက် ရှိသည်ဟု ဆိုနိုင်သည်။
ပြန်ချုပ်သော် အနာဂတ် မြန်မာ့နိုင်ငံရေး အထူးသဖြင့် ၂၀၁၅ အရေးနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းမှုများရှိသည့်တိုင် နိုင်ငံရေးတွင် သက်ဆိုင်ရာ အစိတ်အပိုင်း အသီးသီးမှ ဦးဆောင် ဖန်တီးနိုင်စွမ်းရှိသူတို့အကြား အင်အားသုံး ပြိုင်ဆိုင်မှုများထက် ညှိနှိုင်း အဖြေရှာသည့် ဘက်သို့ ရွေ့လျားလာနေသည်ဖြစ်ရာ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်အတွက် မျှော်လင့်ချက်များ တိုးတက်လျက် ရှိသည်ဟု ဆိုချင်ပါသည်။
၆ ဇူလိုင် ၂၀၁၂
(ဇူလိုင် ၁၂/၂၀၁၂၊ အတွဲ ၂၊ အမှတ် ၁၀၂၊ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်