Sunday, July 22, 2012

0 မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျသွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ? -
ဆောင်းပါးရှင်-ထွန်းအောင်ကျော်

၁၉၆၂ခုနှစ်တွင်စစ်တပ်မှတည်ဆဲအခြေခံဥပဒေကိုချိုးဖေါက်၍တိုင်းပြည်အာဏာကိုသေနတ်မိုးဒမြ တိုက်ပြီးရယူခဲ့သည်။ ထိုနှစ် ဂျူလိုင် ၇ ရက်နေ့တွင် ကျောင်းသားများက “မင်းတို့သုံးယောက်ပေါင်းမှ ၄တန်းတောင်အောင်ရဲ့လား” ဟုသရော်ပြောင်လှောင်စိန်ခေါ်မှုကိုတုံ့ ပြန်သည့်အနေဖြင့်ဂျာမန်လုပ်ဂျီသရီးစက်သေနတ်အသစ်များကိုအစမ်းသဘောအသုံးပြုပြီးပညာတတ်ကျောင်းသားများကိုရက်စက်နာကျဉ်းစွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထို့အပြင်သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအ ဆောက်အဦကြီးကိုဒိုင်းနမိုက်ဖြင့်ဖေါက်ခွဲဖျက်ဆီး ပြစ်ခဲ့သည်။ ထိုအချိန်မှစ၍မြန်မာနိုင်ငံရှိရန်ကုန်တက္ကသိုလ်ကြီးသည်မြန်မာကျောင်သားများနှင့်အရှေ့တောင်အာရှနိုင်ငံများ ရှိကျောင်းသားများ၏ပညာရင်နို့သောက်ဆို့ရာထိပ်တန်းအဆင့်မြင့်တက္ကသိုလ်ကျောင်းကြီးဘဝမှ လျှောကျပြီးစစ်အစိုးရအလိုကျဆိုရှယ်လစ်ပညာရေးခေါင်းစဉ်အောက်တွင်ခေါင်းမပါ သောစစ်ဗိုလ်များ၏လက်ဝါးကြီးအုပ်ချယ်လှယ်မှုကြောင့်အဆင့်အတန်းမမှီသောဘွဲ့ရများကိုသာမွေးထုတ်ပေးသည့်တက္ကသိုလ်ဘဝသို့ကျ ရောက်သွားခဲ့ရသည်။ပညာရေးဝန်ကြီးဒေါက်တာညီညီအပါအဝင်လက်တည့်စမ်းဆိုရှယ်လစ်ပညာရေးစံနစ်အောက်တွင်မြန်မာကျောင်းသားများအလူးအလဲခံစားရင်းတိုင်း ပြည် ကြီးတခုလုံးနိမ့်ကျသည့်ပညာရေးကြောင့်စီးပွါးရေးချွတ်ခြုံကျခါ ကမ္ဘာ့လူမွဲစာရင်းဝင်နိုင်ငံဘဝသို့ ကျရောက်သွားခဲ့ရသည်မှာရင်နာစ ရာပင်ဖြစ်သည်။

ဗိုလ်နေဝင်းသည်တိုင်းပြည်မွဲတေသွားရခြင်းနှင့်ပညာရေးနိမ့်ကျသွားရခြင်း၏အဓိကတရားခံဖြစ်သည်၊အာဏာရစစ်ခေါင်းဆောင်ဘဝတွင်နိုင်ငံခြားတိုင်းပြည်များသို့သွားရောက်၍နှစ်စဉ်ဆေးဝါးကုသခြင်း၊ဇိမ်ခံခြင်းတို့ကိုခံစားရင်းအိမ်နီးချင်းနိုင်ငံများဖြစ်သောထိုင်း၊မလေးရှား၊စင်ကာပူတို့တဖြေးဖြေးတိုးတက်ဖွံ့ဖြိုးလာသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်နေသူမှာဗိုလ်နေဝင်းအပြင်အခြားသူမရှိချေ။ ထိုနိုင်ငံများတိုးတက်လာမှုကို သိသော်လည်းမိမိပြည်သူများတိုးတက်မှု၊ တိုင်းပြည်ကမ္ဘာအဆင့် မှီနိုင်ငံဖြစ်ဖို့ထက်မိမိအာဏာတည် မြဲရေးကိုသာဦးစားပေးအလေးထားခဲ့ခြင်း၊လက်ဝဲအစွန်းရောက်များကိုမိမိအစိုးရအဖွဲ့ထည်းတွင်ပါဝင်စေခြင်းကြောင့်ထိုသူများကပညာရေးစံနစ်တွင်မူလတန်းမှစ၍အင်္ဂလိပ်ဘာသာစာပေသင်ကြားမှုကိုအင်္ဂလိပ်မုန်းတီးစိတ်ဖြင့်လျှော့ချပြီးအင်္ဂလိပ်ဘာသာမှလွဲ၍သင်ကြားနေသောဘာသာရပ်အားလုံးတို့ကိုမြန်မာစာနှင့်အစားထိုးသင်ကြားစေသဖြင့် ကျောင်းသားများအင်္ဂလိပ်စာညံ့ဖျင်းလာပြီးဘာသာရပ်အားလုံးကိုလေ့လာရာတွင်ကမ္ဘာအရပ်ရပ်ရှိသိပ္ပံ၊ဝိဇ္ဇာဘာသာရပ်တို့ကိုပြည့်ပြည့်စုံစုံအင်္ဂလိပ်စာဖြင့်ရေးသားထုတ်ဝေထားသောစာအုပ်စာတမ်းများကိုမဖတ်ရှုနိုင်တော့ဘဲရှိခဲ့သည်။ အင်္ဂလိပ်စာနှင့်ထုတ်ဝေထားသောစာပေတို့ကဲ့သို့မြန်မာပြန်စာအုပ်များမရှိခြင်းကြောင့်ယနေ့ မြန်မာ နိုင်ငံသားများကမ္ဘာ့အလယ်တွင်လေ့လာအားနဲလာခဲ့ပြီးဗဟုသုတချို့တဲ့သောလူဆင်းရဲ များအဖြစ် မျက်နှာငယ်ခဲ့ရခြင်းဖြစ်သည်။

ဒုတိယတရားခံမှာဗိုလ်သန်းရွှေဖြစ်သည်၊ဆရာဖြစ်သူကိုအာခံ၍ဆရာ့လမ်းစဉ်အတိုင်းအာဏာကိုင်စွဲရေးလမ်းစဉ်ကိုလိုက်သူမှာလည်း သူပင်ဖြစ်သည်။ ဗိုလ်နေဝင်းနှင့်ဗိုလ်သန်းရွှေတို့သည်အာဏာကိုင်စွဲထားရေးတွင်တူကြသော်လည်းစီးပွါးရေးလမ်းစဉ်တွင်မူလုံးဝကွဲပြားခြားနားကြသည်။ဗိုလ်နေဝင်းကဆိုရှယ်လစ်စီးပွါးရေးဟုကြွေးကျော်ပြီးတိုင်းပြည်တွင်းရှိစီးပွါးရေးလုပ်ငန်းရှင်များအားလုံးကိုအရင်းရှင်တံဆိပ်ကပ်ခါစီးပွါးရေးလုပ်ငန်းအားလုံးကိုပြည်သူပိုင်သိမ်းပစ်ခဲ့သည့်အတွက်အရှေ့ တောင်အာရှ၏ထိပ်တန်းနိုင်ငံဘဝမှလူမွဲနိုင်ငံဘဝသို့နှစ်တိုတိုအတွင်းကျရောက်သွားခဲ့ရသည်။ ဗိုလ်နေဝင်းသည်အမျက်စောင်မာန်ကြီးသည်၊ တကိုယ်ကောင်းဆန်လွန်းသည်၊သူတကိုယ်တည်းတိုင်းပြည်၏အညွန့်ကိုခူးစားရင်းတိုင်းပြည်ကြီးတဖြေးဖြေးဆင်းရဲနွံ့တွင်းသို့နှစ်နေသည်ကို တဆိမ့် ဆိမ့်ကြည့်နေနိုင်သူဖြစ်သည်။ အင်ဒိုနီးရှားအာဏာရှင်ဆူဟာတိုကိုအားကျပြီးအင်ဒိုနီးရှားနိုင်ငံ ကဲ့သို့ ရေနံထွက်မလားဟုတွေးပြီးရေနံဖြင့်ချမ်းသာနိုင်မလားဟုစိတ်ကူးနှင့်ကျိုးစားကြည့်ခြင်းကျွန်းသစ်များ ကိုခုတ်ရောင်းခြင်းမှလွဲ၍တိုင်းပြည်၏သဘာဝသံယံဇာတများတံခါးပိတ်ဝါဒကျင့်သုံး၍ကိုထိမ်းထားခဲ့ သူ ဖြစ်သည်။

ဗိုလ်သန်းရွှေသည်စီးပွါးရေးကိုသူ့လူယုံများအတွက်သာဖွင့်ပေးသည့်ခရိုနီစီးပွါးရေးစံနစ်ကိုဖန်တီးခဲ့ခြင်းသည်ဗိုလ်နေဝင်းနှင့်လုံးဝကွဲသည့်မူဝါဒဖြစ်သည်။ အလီဘာဘာလက်သစ်များဖြင့်ပြည်သူပြည်သား များအားလုံးနှင့်သက်ဆိုင်သောသဘာဝသံယံဇာတများကိုနိုင်ငံခြားသို့ဗြောင်ဈေးပေါပေါနှင့်ရောင်းချခဲ့သဖြင့်အဖိုးတန်ကျွန်းသစ်တောများ၊သစ်မာတောများဗိုလ်သန်းရွှေလက်ထက်တွင်လျှင်မြန်သောနှုန်း ဖြင့်ပြုံးတီးသွားခဲ့ပြီးမိုးခေါင်ရေးရှားမှုဒဏ်၊ရာသီဥတုဖေါက် ပြန်၍ ရေကြီးသည့်ဒုက္ခ၊ စသည်တို့ကို ပြည်သူများခါးစည်းခံခဲ့ကြရသည်။ ခရိုနီခေတ်ပျက်သူဌေးများ၊ နှင့်၎င်းတို့နှင့်ပင်းစားနေသောဗိုလ်ချုပ်များသန်းထောင်နှင့်ချီချမ်းသာလာသော်လည်းပြည်သူတို့ထမင်းနပ် မှန်အောင်မစားနိုင်သည့်အထိ ငတ်မွတ်ဆင်းရဲခဲ့ပြီးဆင်းရဲချမ်းသာကွာဟမှုနက်ရှိုင်းစွာဖြစ်ပေါ်လာခဲ့သည်။

ဗိုလ်နေဝင်းလက်ထက်မှစတင်၍ပညာတတ်လူတန်းစားများကိုနှိမ်ထားပြီး စစ်သားများကအထက်မှနေ ၍အုပ်ချုပ်ထားမှုကြောင့်ပညာတတ်လူတန်းစားများမြန်မာနိုင်ငံမှတစိမ့်စိမ့်ပြည်ပသို့ထွက်ခွါသွားခဲ့ကြသည်။ အခြားအကြောင်းတခုမှာ စက်ရုံအလုပ်ရုံများကိုပြည်သူပိုင်သိမ်းပြစ်လိုက်ခြင်းကြောင့် အလုပ် အကိုင်ရှားပါးလာပြီးအကျိုးဆက်အားဖြင့်ဘွဲ့ရ အလုပ်လက်မဲ့များမှိုလိုပေါက်လာခဲ့သည်၊ တိုင်းပြည်တွင်လိုအပ်နေသည့်ဆရာဝန်ပေါက်စများကအစအလုပ်မရသဖြင့်ပြည်ပသို့ထွက်ကြရသည်။ ပြည်ပသို့ထွက်ကြခြင်းကြောင့်ဥဏှောက်ယိုစီးမှုကိုဖြစ်စေခဲ့သည်။

ဗိုလ်သန်းရွှေလက်ထက်တွင်နဂိုကကျဆင်းနေသည့်ပညာရေးစံနစ်ကိုပြန်လည်မြှင့်တင်ရန်မစဉ်းစားဘဲလူထုနစ်နာချက်များကိုမကြည့်နိုင်တော့သဖြင့်ဆန္ဒပြတောင်းဆိုခဲ့ကြသောကျောင်းသားများကိုအင် အားမစုစည်းနိုင်စေရန်ရည်ရွယ်ပြီးဒေသကောလိပ်များကိုစာသင်ကြားရန်ပစ္စည်းပစ္စယမပြည့်စုံဘဲနှင့် မြို့ပြနှင့်ဝေးသောနေရာများတွင်ဖွင့်၍အင်အားဖြိုခွဲခဲ့ပြန်သည်။ ၁၉၈၈ခုနှစ်မှ၁၉၉၈အတွင်းတက် ရောက်သင်ကြားခဲ့ကြသောကျောင်းသားများသည်တနှစ်တွင်စာသင်ရက် ၄လ ထက်မကျော်ဘဲစာမေးပွဲများကိုလျော့လျော့ပေါ့ပေါ့နှင့်လုပ်ပြီးမြန်မြန်ဘွဲ့ရမြန်မြန်ကျောင်းမှထွက်ဆိုသည့်နိမ့်ကျသည့်အတွေးအခေါ်ဖြင့်ကျောင်းများတွင်ကျောင်းသားများအရည်အချင်းပြည့်ပညာတတ်မြောက်ရေးထက် ကျောင်းများတွင်ကျောင်းသားအင်အားစုများစုပြုံမနေစေရေးကိုရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်ခဲ့သည်။ စာမေးပွဲဖြေနိုင်မဖြေနိုင်လက်မှတ်ထိုး၍စာမေးပွဲခန်းသို့ဝင်သောသူတိုင်းကိုအအောင်ပေးခြင်းဖြင့်အ ရည်အသွေးနိမ့်ဘွဲ့ရများကိုတက္ကသိုလ်များမှထုတ်လုပ်ပေးစေခဲ့သည်။ နိုင်ငံလိုအပ်ချက်ဖြစ်သည့်အရည်အချင်းပြည့်မှီသည့်ဘွဲ့ရကျောင်း သားများပေါ်ထွန်းလာရေးထက်၊ အရပ်သားပညာရေးစံနစ်ကိုအရည်အချင်းညံ့ဖျင်းစေရန်အကွက်ချ၍ ထားပြီးတဖက်မှလည်း စစ်တပ် ဦးစီးဖွင့်လှစ်သည့်ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာကောလိပ်တို့တွင်မူ အရည်အသွေးပြည့်မှီသောအသင်အပြကောင်းသောဆရာများ၊ ပြည့်စုံသောဓါတ်ခွဲခန်းပစ္စည်းများ၊ ကျောင်းသုံးစာရွက်စာတမ်း များ၊ လုံလောက်သောသင်ရိုးညွှန်းတန်းစာအုပ်များတို့ကိုထား၍သင်ကြားစေခြင်း ဖြင့် ခွဲခြားထား ခဲ့သည်။

ယခင်ကကျောင်းသားများက“မင်းတို့သုံးယောက်ပေါင်းရင်တောင်၎တန်းအောင်ရဲ့လား”ဟူသော လှောင်ပြောင်မှုကိုလက်စားခြေသည့်အနေနှင့် “မင်းတို့ကျောင်းသားတွေငါတို့စစ်ကျောင်းဆင်းတွေ လောက်အရည်အချင်းမရှိပါဘူးကွာ” ဟုပြောနိုင်ရန်အကွက်ချထားသလားဟုပင်တွေးစရာဖြစ်နေပေသည်။အရပ်သားတက္ကသိုလ်ကျောင်းဆင်းများထက်စစ်ကျောင်းဆင်းများကပိုသိပိုတတ်ပိုတော် ကြောင်းကို ပြသရန်အလွန်ယုတ်ညံ့သည့်အတွေးအခေါ်ဖြင့်အကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။ မြေးဖြစ်သူကိုမူစင်ကာပူတွင်နေ့ချင်းပြန်လေယာဉ်နှင့်ကျောင်းထားသည်။ အရပ်သားကျောင်းသားများအတွက်မူထရံကာသက်ကယ်မိုးကောလိပ်များကိုတည်ဆောက်စေ၍၊စာသင်နေချိန်တွင်မိုးယိုခြင်း၊အရည်အချင်းပြည့်ဝသောဆရာများနည်းပါးခြင်း၊သင်ရိုးညွှန်းတန်းစာအုပ်များလုံလောက်စွာမရှိခြင်းကြောင့် ရေရှည်တွင်ပညာရေးအရည်အသွေးရှိသူများမှာစစ်ကျောင်းဆင်းများသာဖြစ်၍တိုင်းပြည်ကိုအုပ်ချုပ်မည့်သူများမှာလည်းစစ်အသိုင်းအဝိုင်းမှပင်ဖြစ်စေရမည်ဟုယုတ်ညံ့စွာစီမံကိန်းချ၍လုပ်ခဲ့သည်ဟုမြင်သည်။

အမှန်စဉ်စစ်တနှစ်တနှစ်တွင်စစ်တက္ကသိုလ်မှကျောင်းဆင်းများ၇၀၀၁၀၀၀ထက်မပိုချေ။ထိုအရည်အတွက်လောက်နှင့်နိုင်ငံတွင်းရှိ ပြည်သူသန်း ၆၀ လိုအပ်ချက်ကိုမဖြည့်ဆည်းပေးနိုင်ချေ။ အမေရိကန်ရှိကော်နယ်တက္ကသိုလ်တခုထည်းတွင်ပင်တနှစ်လျှင် ဘွဲ့ယူသူ ၆၀၀၀ ခန့်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့တိုးတက်ဖွံ့ဖြိုးသောနိုင်ငံတွင်ပင်အရည်အချင်းရှိသောဘွဲ့ရများနှစ်စဉ်သိန်းနှင့်ချီ ပြီးလိုအပ်လျက်ရှိသည်။တနှစ်တနှစ်တက္ကသိုလ်ပေါင်း ထောင်နှင့်ချီရှိသောထိုနိုင်ငံတွင်နှစ်စဉ်ဘွဲ့ရသူ နှစ်သိန်းခန့်ရှိသည်။ ထိုကြောင့်မဖွံ့ဖြိုးသေးသောမြန်မာနိုင်ငံကိုအရည်အချင်းပြည်မှီသောဘွဲ့ရစစ်ကျောင်းဆင်းလက်တဆုပ်စာနှင့်ဦးဆောင်ရန်စဉ်းစားတွေးခေါ်ပြီးလုပ်နေသောစီမံကိန်းသည်တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက်အလွန်အန္တရယ်ရှိသည်။

ဘယ်လိုမြှင့်တင်ကြမလဲ?
နိမ့်ကျနေသောပညာရေးစံနစ်ကိုမြှင့်တင်ဘို့ကြိုးစားရာတွင်ဘာအားနည်းချက်တွေရှိသလဲဆိုတာကိုအရင်လေ့လာပြီးထိုအားနည်းချက်တွေကိုအားသာချက်ဖြစ်လာရန်ပြောင်းလဲပြစ်ဖို့လိုသည်။

၁။ တကယ်တတ်ကျွမ်းသည့်ဆရာဆရာမများကိုခန့်အပ်ဖို့လိုသည်။ မဆလခေတ်၊ ငြိမ်ပိခေတ်၊ နအဖ ခေတ်တလျှောက်လုံးဆရာ၊ ဆရာမများ၏အရည်အသွေးတိုးမြှင့်ရေးကိုပြုလုပ်ခြင်းမရှိဘဲစားဝတ်နေ ရေး ကြပ်တည်းနေသောဆရာ၊ ဆရာမများကိုလုံလောက်သောလစာတိုးမပေးဘဲရွှေဥာဏ်တော်စူး ရောက်စွာဖြင့် အကျင့်စာ ရိတ္တပျက်စီးယိုယွင်းစေသည့်စာလဲသင်ဈေးလဲရောင်းဆိုသည့်၊ အခွင့်အ ရေး ကိုပေးပြီး ပညာရေးနှင့်လားလားမှမသက်ဆိုင် သည့်ကျောင်းတွင်အပိုဝင်ငွေရရန်ဆရာတပိုင်း၊ ဈေးသည် တပိုင်းဘဝသို့တွန်းပို့ခဲ့သည်။ ထို့ကြောင့်ဆရာများကကျောင်းသားများကိုစာသင်ကြားပေး ရေးတွင်စိတ်မဝင်စားတော့ဘဲကျောင်းတွင်ဈေးရောင်းအိမ်တွင်ကျူရှင်ပြပြီး၊ကျောင်းစာသင်ခန်းထဲတွင်စာကိုဟုတ်တိပတ်တိမသင်ကြားချင်သောအဿပြာဆရာများအဖြစ်ဖျက်စီးပြောင်း လဲပစ်လိုက်ခြင်း ကြောင့် ကလေးသူငယ်များကိုအကျင့်စာရိတ္တကောင်းမွန်ရန်၊ ပြည်သူပြည်သားများကို ကြင်နာသနား ပြီး ရိုးရိုးကျင့်မြင့်မြင့်ကြံစိတ်ဓါတ်ဖြင့်အများအကျိုးဆောင်ရွက်လိုစိတ်ရှိလာအောင်သင် ကြားပေးရ မည့်ဆရာဆရာမများအကျင့်စာရိတ္တပျက်စီးလာသောအခါတိုင်းပြည်ပညာရေးနှိမ့်ကျလာ ခြင်းမှာ အဆန်း မဟုတ်ချေ။ ထို့ကြောင့်အကျင့်စာရိတ္တကောင်းသောဆရာဆရာမများကိုမွေးထုတ်ပေးရ မည်။ အကျင့်စာရိတ္တကောင်းသောဆရာဆရာမများဖြစ်လာစေရန်လခလုံလောက်စွာပေးရမည်။

၂။ ဒုတိယလုပ်ရမည့်အချက်မှာပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများလွတ်လပ်စွာဖွင့်လှစ်သင်ကြားခွင့်ကိုပေး ရမည်။ ဗိုလ်နေဝင်းလက်ထက်အလွတ်ပညာသင်ကျောင်းများအားလုံးကိုပြည်သူပိုင်သိမ်းလိုက်ပြီး နောက်မြန်မာနိုင်ငံပညာရေးအဆင့်အတန်းနိမ့်ကျသွားခဲ့ရသည်။ အကြောင်းမှာပုဂ္ဂလိကကျောင်းများ သည်တော်ပေ့ကျွမ်းပေ့ဆိုသည့်ဆရာ၊ဆရာမများကိုဈေးကြီးကြီးပေးငှားပြီးသင်ကြားစေသဖြင့်ထို ကျောင်းများသို့တက်ရောက်နိုင်သောကျောင်းသားများသည်အစိုးရကျောင်းများထက်အောင်ချက် ကောင်းပြီးစာတော်ကြသည်။ အစိုးရအနေနှင့်နှစ်စဉ်တိုးလာနေသောကျောင်းသားဦးရေအတွက်လိုအပ်သည့်ကျောင်းများဆောက် လုပ်ခြင်း၊ တိုးချဲ့ခြင်းတို့ကိုလုပ်နိုင်သောအင်အားမရှိဘဲနှင့်ပုဂ္ဂလိကကျောင်းများကိုအရင်းရှင်ကျောင်း များဟုကင်ပွန်းတပ်ပြီးပြည်သူပိုင်သိမ်းလိုက်ခြင်းကြောင့်အစိုးရအားနည်းချက်ကိုပုဂ္ဂလိကကျောင်းများမှဝင်ရောက်ပခုံးထမ်းဖြည့်ဆည်းမှုကိုရိုက်ချလိုက်သလိုဖြစ်စေခဲ့သည်။ ဖြစ်သင့်သည်မှာအစိုးရ ကျောင်းများတွင်အရည်အချင်းပြည့်မှီသောဆရာဆရာမများရရှိအောင်ဆရာအတတ်သင်ကောလိပ်များကိုငွေကုန်ကြေးကျခံရင်းနှီးမြှုပ်နှံမှုဖြင့်အထူးကြပ်မတ်ပေးပြီးဆရာကောင်းများကိုမွေးထုတ်ပေးရေးသာဖြစ်သည်၊ ပုဂ္ဂလိကကျောင်းများကိုအစိုးရကျောင်းများထက်သာသဖြင့်လိုက်ပိတ်ပင်နေစရာမလို။ပုဂ္ဂလိကကျောင်းများသည်အစိုးရလိုအပ်ချက်ကွက်လပ်ကိုဖြည့်ဆည်းပေးသည့်ပညာရေးကဏ္ဍ၏အကူဒေါက်တိုင်များဖြစ်သည်ဟုမှတ်ယူနိုင်ရမည်၊ တတ်နိုင်လျှင်အားပေးရမည်။

၃။ ကာကွယ်ရေးအသုံးစားရိတ်ကိုလျော့ချ၍ ပညာရေးအသုံးစားရိတ်ကိုတိုးသုံးခြင်းဖြင့်ပြည်နယ်များ တွင်အထူးလိုအပ်နေသောနေရာများ၌မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများကိုတည် ဆောက် ပေးရမည်။ မြို့ကြီးပြကြီးများတွင်မြို့အင်္ဂါနှင့်ညီညွတ်သောတက္ကသိုလ် ၊ ကောလိပ် များကို တည်ဆောက်ခြင်း၊တိုးချဲ့ခြင်းတို့ကိုပြုလုပ်ခြင်းဖြင့်မြို့ပြများစည်ကားလာခြင်း၊မြို့ပြတွင်ရှိခြင်းကြောင့် အိမ်မှသော်၎င်း၊အဆောင်များမှသော်၎င်းကျောင်းတက်ရာတွင်ဘတ်စကားများ၊ကားများရှိခြင်း ကြောင့် ကျောင်းသို့လွယ်ကူစွာသွားနိုင်ခြင်းတို့ကြောင့်ကျောင်းသားများစိတ်လက်ရွှင်လန်းစွာစာသင်ကြားနိုင်သဖြင့်ထူးချွန်သောကျောင်းသားများဖြစ်လာနိုင်ပေသည်။

၎။ ကျောင်းသင်ရိုးညွှန်းတမ်းများကို နှုတ်တိုက်ထမင်းခွံ့ပညာရေးမှဆွေးနွေးဝေဖန်၍သင်ကြားသော စံနစ်သို့ပြောင်းနိုင်ရေးသည်အလွန်အရေးကြီးသောအချက်တခုဖြစ်သည်။ မြန်မာပြည်ပညာရေးစံနစ်၏ အဓိကပြုပြင်ရမည့်အချက်မှာဆရာပြောသမျှကိုလိုက်မှတ်ပြီး အာဂုံဆောင်အလွတ်ကျက်ဖြေဆိုသော အလေ့အထဖြစ်သည်။ အနောက်နိုင်ငံများတွင်ဆရာကစာသင်သားများအားဖတ်ရှုလေ့လာရမည့်အပိုင်းများ၊ အခန်းများကိုစာ မျက်နှာဖြင့်ဖေါ်ပြပေးပြီးထိုအခန်းများကိုမိမိဖာသာလေ့လာစေသည်။ ထို့နောက်ကျောင်းသားများတဦး ချင်းလေ့လာဖတ်သိသမျှကိုအတန်းတွင်းဆွေးနွေးပြီးသူ့အမြင်ကိုယ့်အမြင်ကိုဖလှယ်စေသည်၊ ကျောင်းသားများအမြင်ဖလှယ်မှုများထဲမှလိုအပ်သည်တို့ကိုဆရာကဖြည့်စွက်ဆွေးနွေးပေးသည်။ တခါတရံဆရာမမြင်သည်တို့မတွေးမိသည်တို့ကိုကျောင်းသားများကသိမြင်ပြီးတင်ပြလာသည့်အခါဆရာဖြစ်သူအတွက်ပါအမြတ်ထွက်သည်လည်းရှိသဖြင့်ထိုသင်ကြားသည့်စံနစ်သည်နှစ်ဦးနှစ်ဖက်အကျိုးရှိသည်။ အကြောင်းအရာတခုကိုဖက်ပေါင်းစုံ၊ရှုဒေါင့်ပေါင်းစုံမှကြည့်၍လေ့လာခြင်းသည်အလွတ်ကျက်စရာမလိုဘဲအမှန်တကယ်မှတ်သားနားလည်မှုကိုရသဖြင့်တန်ဖိုးရှိသည်။

၅။ ကျောင်းသားရပိုင်ခွင့်များကိုကာကွယ်ပေးနိုင်သည့်အပြင်ဘက်စုံပညာရေးတိုးတက်မှုကိုတွန်းအား ပေးနိုင်သည့်ကျောင်းသားသမဂ္ဂများပေါ်ထွန်းလာရေးသည်အရေးကြီးသည်။ ကျောင်းသားသမဂ္ဂခေါင်း ဆောင်များကိုရွေးချယ်ခြင်း၊ သမဂ္ဂအတွင်းနိုင်ငံရေးအရငြင်းခုံခြင်း၊စကားရည်လုခြင်း တိုင်းပြည်အခြေ အနေတို့ကိုသုံးသပ်ခွင့်ရလာခြင်း၊ တို့ကြောင့်နိုင်ငံရေးရည်ကြွယ်ဝလာပြီးတချိန်ချိန်တွင်ပြည်သူများကဘယ်သူကမျိုးချစ်စိတ်ရှိသည်အတွေ့အကြုံရှိသောနိုင်ငံရေးသမားကောင်းဖြစ်သည်ဟုရွေးချယ်နိုင်သဖြင့်တိုင်းပြည်အတွက်အကျိုးရှိသည်။ထို့ပြင်ကျောင်းသားသမဂ္ဂသည်အဆင့်မြင့်ပညာရေးကို ကျောင်းသားများကကျောင်းအုပ်ချုပ်ရေးတွင်ပါဝင်ဆွေးနွေးရွေးချယ်ခွင့်တို့ကိုပြုလုပ်နိုင်သဖြင့်ပညာ ရေးအရများစွာအကျိုးရှိ သည်။

၆။ အဆင့်မြင့်ပညာရှင်များပေါ်ထွန်းရေးတွင်အရေးကြီးသည့်အချက်ကြီးများထဲမှနောက်ဆုံးအချက်မှာ စာကြည့်တိုက်များဖြစ်သည်။ အနောက်နိုင်ငံများတွင်စာကြည့်တိုက်များကိုတက္ကသိုလ်များတွင်အထူးငွေကုန်ကြေးကျခံပြီးထားသည်မှာအလွန်အားရစရာကောင်းသည်။ဥာဏ်အမျှော်အမြင်အလွန်ကြီးသည့်လုပ်ရပ်ဖြစ်သည်။ တက္ကသိုလ် စာကြည့်တိုက်များသည်တက္ကသိုလ်ကျောင်းသားများ၏အဓိကပညာရှာမှီးရာနေရာများဖြစ်သည်။ စာကြည့်တိုက်စံနစ်သည်အလွန်ပွင့်လင်းပြီးကျောင်းသားအရပ်သားမခွဲခြားဘဲမည်သူမဆိုစာကြည့် တိုက်တွင်းသို့ဝင်ရောက်လေ့လာနိုင်သည်။ စာကြည့်တိုက်များ၏ပေါ်လစီသည်အထူးအတုယူစရာကောင်းသည်။

၁။ ကျောင်းသားများအနေနှင့်ကျောင်းသားကဒ်ပြားများဖြင့်စာကြည့်တိုက်မှစာအုပ်စာတမ်းများကိုလ နှင့်ချီ၍ငှားနိုင်ခွင့်ရှိခြင်း။

၂။ မည်သည့်စာကြည့်တိုက်မဆိုစာကြည့်တိုက်တွင်းရှိစာအုပ်စင်များတွင်းသို့အရပ်သားကျောင်းသားမရွေးဝင်ရောက်ပြီးမိမိဖတ်လိုသော စာအုပ်စာတန်းများကိုရှာဖွေရယူပြီးစာကြည့်တိုက်တွင်းရှိ စားပွဲ ကုလားထိုင်များတွင်ထိုင်၍ဖတ်ရှုနိုင်ခြင်း။ အပြင်လူများအနေနှင့်စာကြည့်တိုက်တွင်းရှိစာအုပ်ကိုငှား ရမ်း လိုသော်စာကြည့်တိုက်မှူးများထံတွင် မှတ်ပုံတင်၍ သတ်မှတ်ငွေပေးပြီးငှားနိုင်သည်။

၃။ မိမိစာကြည့်တိုက်တွင်မရှိသည့်စာအုပ်စာတမ်းများကိုလိုချင်ပါကစာကြည့်တိုက်မှူးထံအကြောင်း ကြား၍ဝယ်ခိုင်းနိုင်ခွင့်ရှိသည်။ အကယ်၍မစောင့်နိုင်ပါက (Inter Library Loan) စာကြည့်တိုက် အချင်းချင်းငှားရမ်းခြင်းသဘောတူညီချက်အရစာအုပ်ရှိ သောစာကြည့်တိုက်ကိုအကြောင်းကြား ပြီး လှမ်း၍မှာယူငှားရမ်းနိုင်သည်။

၎။ စာကြည့်တိုက်တွင်းတွင်လိုအပ်သောစာရွက်စာတမ်းများကိုမိမိဖါသာအကြွေထည့်၍ကူးယူနိုင် သောမိတ္တူကူးစက်များစာအုပ်စင်ဒေါင့်များတွင်ထားရှိပေးထားပြီးမည်သည့်စာကိုမဆို မိမိကူးယူလို သောစာများကိုစိတ်ကြိုက်ကူးယူနိင်ခွင့်ရှိသည်။

၅။ စာကြည့်တိုက်တွင်းရှိကွန်ပြူတာခန်းများတွင်ကျောင်းသားများအချိန်မရွေးဝင်ရောက်ပြီးအင်တာ နက်ကိုအသုံးပြုနိုင်သဖြင့်ကမ္ဘာအရပ်ရပ်တွင်ရှိမည်သူနှင့်မဆိုဆက်သွယ်နိုင်သလို၊လေ့လာလိုသော ဘာသာရပ်များကိုလည်းတားဆီးပိတ်ပင်ခံရမှုမရှိဘဲလေ့လာနိုင်ခွင့်ရှိသည်။

၆။ အရေးကြီးဆုံးအချက်မှာစာကြည့်တိုက်မှူးများ၏အခန်းကဏ္ဍဖြစ်သည်။ မှီငြမ်းစားပွဲ (Reference Desk) ရှိစာကြည့်တိုက်မှူးများ၏ တာဝန်မှာကျောင်းသားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရေး ပင်ဖြစ်သည်။ ၎င်းတို့သည်ကျောင်းသားများအပြင်၊ ပြင်ပမှလာရောက်လေ့လာသူမည်သူမဆိုကိုလိုအပ်သည့်စာအုပ်စာတမ်းများကိုအကူအညီတောင်းခံလာပါကရှာဖွေပေးခြင်း၊ ဘာသာရပ်အလိုက် မည်သည့်စာအုပ် စင်တွင်ရှိသည်ကိုညွှန် ပြပေးခြင်း၊စာကြည့်တိုက်တွင်းရှိဝင်ရောက်သူများ၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးရမည့်တာဝန်ကိုယူ ထားသူများဖြစ်သည်။ ကိုယ်အမူအရာနှုတ်အမူအရာချိုသာပြီးအလွန်ဖေါ်ရွေသူများဖြစ်သည်။ပြုံးပြုံး၊ ပြုံးပြုံး နှင့်ကျောင်းသားများလိုအပ်ချက်များကိုအားတက် သ ရောကွန်ပြူတာမှနေ၍ရှာဖွေပေးခြင်း၊ သွားရမည့်နေရာကိုလမ်းညွှန်ပေးခြင်းတို့ကိုစိတ်ပါလက်ပါ လုပ်ပေးကြသည်။

၇။ စာကြည့်တိုက်များတွင်စာအုပ်စာတမ်းများငှားရမ်းခြင်း၊ ပြန်လည်လက်ခံယူခြင်းတို့ကိုပြုလုပ်သော စားပွဲ ကို Circulationdeskဟုခေါ်သည်။ ကျောင်းသား၊အရပ်သားများကိုစာအုပ်စာတမ်းများရှာဖွေ ပေးသောစာကြည့်တိုက်မှူးများထိုင်နေသောစားပွဲကို Reference Desk ဟုခေါ်သည်။ စာကြည့်တိုက်တိုင်းတွင်လူအများသုံးရန်ခွင့်ပြုထားသောကွန်ပြူတာအခန်းများရှိသဖြင့်ကျောင်းသားများသာမဟုတ်အရပ်သားများပါကျောင်းသားမဟုတ်သော်လည်းကိုယ်စိတ်ဝင်းစားရာကိုလေ့လာနိုင်ခွင့်ရှိသည်။

၈။ အမေရိကန်နိုင်ငံတွင်နိုင်ငံတော်ပိုင်စာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ နှင့်အသင်း အဖွဲ့များမှဖွင့်လှစ်ထားသောစာကြည့်တိုက်များလည်းအများအပြားရှိသည်။ နိုင်ငံတော်ပိုင်စာကြည့် တိုက်များတွင်လည်းအသင်းဝင်ပြီးပါကစာကြည့်တိုက်တွင်းရှိ စာအုပ်စာတမ်းများကိုငှားယူနိုင် ခွင့်ရှိ သည်။ အသင်းဝင်ကြေးပေးစရာမလိုဘဲမှတ်ပုံတင်ပြပြီးအသင်းဝင်နိုင်သည်။ စာအုပ်စာတမ်းများအပြင် ဗီဒီယိုခွေများ၊ အသံသွင်း တိတ် ခွေများ လည်းငှားသည်။ စာကြည့်တိုက်တိုင်းတွင်တူညီသည့် အချက် တခုမှာစာကြည့်တိုက်တွင်းရှိမည် သည့်စာအုပ်စင်သို့မဆိုကိုယ်တိုင်သွားရောက် မွှေနှောက်ရှာဖွေခွင့် ရှိခြင်းပင်ဖြစ်သည်။ လေ့လာသူကိုယ်တိုင်စာကြည့်တိုက်တွင်းရှိစာအုပ်စာတမ်းများကိုကြည့်ရှုခွင့်ရှိသဖြင့်မူလကိုယ်ရှာဖွေလိုသောစာအုပ်အပြင်မိမိလေ့လာလိုသောဘာသာရပ်မှမိမိနှင့်သက်ဆိုင်သောအလားတူစာအုပ်စာ တမ်းများကိုတပြုံတခေါင်းကြီးတွေ့နိုင်ပြီးပိုမိုလေ့လာဖတ်ရှူခွင့်ရရှိသွားခြင်းဖြစ်သည်။ ထိုအခါမိမိလေ့လာလိုသောဘာသာရပ်ကိုကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုလေ့လာနိုင်သဖြင့်ဗဟုသုတကြွယ်ဝသူအဆင့်မြင့်ပညာရှင်များဖြစ်လာကြသည်မှာပွင့်လင်းကောင်းမွန်သောစာကြည့်တိုက်စံနစ်ကြောင့် ဖြစ်သည်။

တိုင်းပြည်တခုတွင်ပွင့်လင်းကောင်းမွန်သောစာကြည့်တိုက်အများအပြားရှိခြင်းသည်ပညာရေးတိုးတက်မှု၏အဓိကလိုအပ်ချက်ကြီးပင်ဖြစ်သည်။

ကျွနုပ်၏အတွေ့အကြုံ

၁၉၆၉-၁၉၇၃ တက္ကသိုလ်ကျောင်းသားဘဝကတနေ့တွင်ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်စာကြည့်တိုက် ကြီးသို့သွား ရောက်ပြီးစာကြည့်တိုက်မှူးထံတွင် ၁၉၆၂ ခုနှစ်သတင်းစာများကိုဖတ် ချင်သည့် ကြောင်း တောင်းသည့် အခါစာကြည့်တိုက်ဝန်းထမ်းကအမည်နှင့်ကျောင်းသားကဒ်ကိုတောင်း သည်၊ ထိုနောက်ဘာကြောင့် ကြည့်ချင်သည်ကိုစာရွက်တွင်ရေးခိုင်းသည်။ နောက်အကြောင်းကြားမည်ဟု ပြောလွှတ်လိုက်သည်၊ ကျောင်းပြီးသည့်အထိဘာအကြောင်းကြားစာမှရောက်မလာသလိုစာကြည့်တိုက်ဝန်ထမ်း၏တင်းမာသောမျက်နှာထားကြောင့်စာကြည့်တိုက်သို့ထပ်မရောက်တော့ချေ။ မြန်မာပြည်တွင်ကျောင်းသားများစာကြည့်တိုက်တွင်းရှိစာအုပ်စာတမ်းများကိုဝင်ရောက်ကြည့်ရှုခွင့်လုံးဝမရှိချေ၊ ထိုအကြောင်းအချက်ကလည်းလူနေမှုအဆင့်အတန်းနှင့်ဆိုင်နေမည်လားဟုတွေး စရာရှိ သည်။စာကြည့်တိုက်တွင်းသို့ဝင်ရောက်ပြီးမိမိလိုအပ်သောစာအုပ်စာတမ်းများကိုအနောက်နိုင်ငံများကဲ့သို့ကြည့်ခွင့်ပေးမည်ဆိုလျှင်စာအုပ်ခိုးယူခြင်း၊စာရွက်များဖြဲယူခြင်းများကိုဘယ်လိုပုံစံနှင့်တားဆီးကြမလဲ။ ပေးအပ်ထားသောအခွင့်အရေးကောင်းကိုအလွဲသုံးစားမပြုရန်ဘယ်လိုဥပဒေနည်းဥပဒေတွေနဲ့ ကာကွယ်မလဲဆိုသည်ကိုစဉ်းစာကြရမည်။ အဘယ့်ကြောင့်ဆိုသော်မဆလခေတ်အဆက်ဆက်၊ နဝတ/နအဖခေတ်အဆက်ဆက်စာရိတ္တမဏ္ဍိုင်ကျိုးပေါက်ပျက်စီးနေခဲ့သည့်မြန်မာ့လူမှုရေးအဆောက် အအုံကြီးကိုပြန်လည်တည့်မတ်ရန်မှာလွန်စွာမှပင်ခက်ခဲမည်ဟုယုံကြည်မိပါသည်။ သို့ရာတွင်မမှိတ်မသုံကြိုးစားပါကတနေ့တွင်ကမ္ဘာကလေးစားရသောအကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာတတ်လူငယ်များပေါ်ထွန်းလာနိုင်မည်ဖြစ်ပါသည်။

ထွန်းအောင်ကျော်

ဂျူလိုင် ၁၉ ရက် ၊၂၀၁၂ ခုနှစ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.