Monday, October 8, 2012

0 တကယ်လို့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေ သဲကန္တာရ ဖြစ်သွားရင်..


Sahara desert

တကယ်လို့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေ သဲကန္တာရ ဖြစ်သွားရင်...

သဘာဝအလျောက် စိမ်းလန်းစိုပြေနေတဲ့ ပတ်ဝန်းကျင်ဟာ အဲဒီနိုင်ငံနဲ့ နေထိုင်တဲ့ ပြည်သူတွေအတွက် သိပ်ကို အကျိုးရှိပါတယ်။ ရေဗူးနဲ့ ဖိနပ်မပါ နွေခါမှသိ ဆိုသလို မိုးခေါင်လို့ ပူပြင်း ခြောက်သွေ့မှ မိုးရေရဲ့ တန်ဖိုးကို ပိုပြီး သိလာရပါတယ်။

တောတောင်ရေမြေ စိမ်းလန်း စိုပြေနေရင် မိုးရွာတာ ပုံမှန်ဖြစ်နေပါတယ်။ မြစ်ရေ ချောင်းရေတွေလည်း ပုံမှန် စီးဆင်းပါတယ်။ ဒါပေမယ့် တောတောင်တွေ ပြုန်းတီးရင် မိုးရွာသွန်းတာ ပုံမှန်မဟုတ်ဘဲ ဖြစ်လာတတ်ပါတယ်။ မိုးများရင် များမယ်.. မိုးခေါင်ရင်လည်း ခေါင်နေပါလိမ့်မယ်။ ဆက်တိုက် မိုးခေါင်ရင် သဲကန္တာရ ဖြစ်စေပါတယ်။

ကမ္ဘာမြေကြီးထဲမှာလည်း ကြီးမားတဲ့ အပူချိန် ရှိနေတာကြောင့် မြစ်ရေ စီးဆင်းမှုကို အားမပြုနိုင်တော့ရင် အဲဒီဒေသတွေဟာ မြေကြီးတွေ ပိုမို ပူလောင်လာပြီး ပတ်ကြားအက်တော့မှာ ဖြစ်ပါတယ်။


Karakum desert

တကယ်လို့များ အဲဒီလို ဒေသတွေမှာ တနှစ်ကို မိုးရေချိန် ၁ဝ လက်မထက် လျော့နည်းသွားရင် သဲကန္တာရ ဖြစ်စေပါတယ်။ သဲကန္တာရကို ဖြစ်စေတဲ့ နောက်ထပ် အကြောင်းရင်းတခုကတော့ ရရှိတဲ့
မိုးရေချိန်ထက် ရေငွေ့ပျံနှုန်းက အဆများစွာ ပိုနေတဲ့အခါ ဖြစ်ပါတယ်။

အပြစ်တင်သင့်တဲ့ အဓိကအကြောင်းရင်းကတော့ သဘာဝအလျောက် စိမ်းလန်းစိုပြေနေတဲ့ ပတ်ဝန်းကျင်ကို လူတွေက ဖျက်ဆီးပစ်နေကြတာပဲ ဖြစ်ပါတယ်။ တောတောင်တွေက သစ်ပင်တွေကို ပရမ်းပတာခုတ်လှဲကြတာက အလွန်ဆိုးဝါးတဲ့ စီးပွားရေး သောင်းကျန်းမှု ဖြစ်ပါတယ်။ စနစ်တကျ ပြန်လည် စိုက်ပျိုး ထိန်းသိမ်းတာ မရှိရင် တောပြုန်းပါတော့တယ်။

ဒီလိုပဲ တောင်တွေကို ဖြိုချပြီး သတ္တု တူးဖော်တာ၊ ဆည်တည်ဆောက်ဖို့ ရေလှောင်တမံတွေ ဆောက်တာကလည်း သဘာဝ ပတ်ဝန်းကျင်ကို အဓိက ဖျက်ဆီးနေတဲ့ လူတွေရဲ့ သောင်းကျန်းမှုပါပဲ။ တောတောင်ပြုန်းတီးရတာကြောင့် မိုးလေဝသ မမှန်တော့တာဟာ သဲကန္တာရကို ဖြစ်စေတဲ့ အကြောင်းရင်းတခုပါ။


Namib desert
 
မိုးနည်း၊ မိုးခေါင်၊ ရေငွေ့ပျံ စတဲ့ မိုးလေဝသ ဖောက်ပြန်မှုကြောင့် သဲကန္တာရဖြစ်သွားတဲ့အခါ အရင်က သဘာဝအလျောက် စိမ်းလန်းစိုပြေနေတဲ့ ပတ်ဝန်းကျင်မှာ စိုက်ပျိုးနေကျ ကောက်ပဲသီးနှံတွေကို စိုက်လို့ မဖြစ်ထွန်းတော့ပါဘူး။ သဲကန္တာရ စိုက်ပျိုးရေး (Desert agriculture) လုပ်မယ် ဆိုရင်တောင် လက်ရှိ မြန်မာနိုင်ငံအတွက် အတော့်ကို ခက်ခဲပါဦးမယ်။ မြန်မာက အစ္စရေးလ်လိုလည်း မတိုးတက်သေးပါဘူး။ နည်းပညာ၊ အရင်းအနှီး မလွယ်ကူတဲ့ အခြေအနေမှာ ရှိပါတယ်။

သဲကန္တာရအတွင်း တူးမြောင်းတွေနဲ့ ရေသွင်းတဲ့ Desert irrigation လုပ်ဖို့ စရိတ်စကတွေကလည်း ကြီးမားလှပါတယ်။ ရေအတွက် စရိတ်စကကိုက ကြီးမြင့်နေမှာ ဖြစ်ပါတယ်။ စရိတ်စက ကြီးကြီးနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ ထွက်ကုန်တွေကလည်း ဈေးကြီးလွန်းနေမှာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် တကယ်ကို မလွယ်တဲ့ ပြဿနာပါ။

သဲကန္တာရ ဖြစ်သွားရင် အဲဒီဒေသမှာ နေထိုင်သူတွေသာမက တနိုင်ငံလုံးမှာပါ လူသန်းနဲ့ချီပြီး အစာရေစာ ရှားပါးမှုကို ကြုံရနိုင်ပါတယ်။ အစာငတ်လို့သေ၊ အဟာရ မပြည့်လို့ ရောဂါဖြစ်ပြီး သေကြရဖို့ ရှိနိုင်ပါတယ်။ ရာသီဥတုဒဏ်ကို ကျင့်သားမရလို့လည်း သေနိုင်ပါတယ်။သဲကန္တာရက ဖုံမှုန့်တွေကြောင့် အသက်ရှူလမ်းကြောင်း ရောဂါနဲ့ အရေပြား ရောဂါတွေ ဖြစ်စေနိုင်ပါသေးတယ်။


Gobi desert

သဲမုန်တိုင်းတွေဟာ မိုင်ပေါင်း ရာပေါင်းများစွာအထိ ပြန့်နှံ့ ရောက်ရှိနိုင်ပါတယ်။ ဥပမာ- တရုတ်နိုင်ငံ မြောက်ပိုင်းက ဂိုဘီ သဲကန္တာရကနေ တိုက်လိုက်တဲ့ သဲမုန်တိုင်းဟာ တရုတ်နိုင်ငံတခုလုံးကို ရောက်ရှိနိုင်ပြီး အိမ်နီးချင်း တောင်-မြောက် ကိုးရီးယား နှစ်နိုင်ငံစလုံးကိုသာမက ဂျပန်ကို ကျော်ပြီး အမေရိကန်နိုင်ငံ အနောက်မြောက်ဒေသထိ ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သဲမုန်တိုင်း တိုက်လိုက်ရင်တော့ တနိုင်ငံလုံးကို အလွယ်တကူပဲ ချက်ချင်း ပြန့်နှံ့သွားမှာ ဖြစ်ပါတယ်။

သဲကန္တာရကို စိမ်းလန်း စားကျက်မြေအဖြစ် ပြန်လုပ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ သဲကန္တာရက နောက်ထပ် မကျယ်ပြန့်လာနိုင်အောင်သာ အသဲအသန် တားဆီးနေရတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် စရိတ်စက ကုန်ကျခံနေရတာကြောင့် တိုင်းပြည် ဖွံ့ဖြိုးမှုကို အကြီးအကျယ် နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။

လတ်တလော စီးပွားဖြစ်နိုင်တာလေးတခုကို မက်ပြီး မဆင်မခြင် လုပ်လိုက်မိရင် သဘာဝ ရေမြေတောတောင် ပတ်ဝန်းကျင် ပျက်စီးသွားပါလိမ့်မယ်။ အခုတောင်မှ မြန်မာနိုင်ငံမှာ တောတောင်ရေမြေတွေ အတော့်ကို ပျက်စီးနေပါပြီ။ ဖြိုချခံလိုက်ရတဲ့ တောင်တွေကို အစားထိုးလို့ ဘယ်တော့မှ မရနိုင်တော့ပါဘူး။ နောက်ထပ် ဆက်မမိုက်ကြဖို့ ဆင်ခြင်ကြရပါမယ်။ နိုင်ငံ့ကျေးဇူး သစ္စာကို စောင့်သိကြရပါမယ်။

ပျက်စီးသွားတဲ့ တောတွေကို စနစ်တကျ ပြန်လည် စိုက်ပျိုး ထိန်းသိမ်းရပါမယ်။ မြစ်ချောင်းတွေ၊ ပင်လယ်ကမ်းစပ်တွေ ဒီရေရောက်တောတွေကို မပျက်စီးရအောင် ဂရုတစိုက် ထိန်းသိမ်းထားရပါတော့မယ်။ ဒါတွေအားလုံးကို လူတိုင်းက တိတိကျကျ လိုက်နာကြရပါမယ်။ မလိုက်နာသူတွေကို ကျောသားရင်သား မခွဲခြားဘဲ ပြင်းထန်စွာ အရေးယူ အပြစ်ပေးတဲ့ ပုံစံနဲ့ မဖြစ်မနေ တားဆီးရတော့မှာ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံတောင်မှ အမြော်အမြင်ကြီးကြီးနဲ့ သစ်မခုတ်ရ ဥပဒေကို လူတိုင်း လိုက်နာနိုင်သေးရင် မြန်မာနိုင်ငံကလည်း အလားတူ လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အဖတ်ဆယ်မရတဲ့အထိ ပျက်စီးဆုံးရှုံးနိုင်မယ့် အရေးကို မြော်မြင်တွေးဆပြီး ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ အားထုတ်ကြစေချင်ပါတယ်။


လွင်အောင်စိုး
၈-၁ဝ-၂ဝ၁၂

ဆက်စပ်သတင်း - The Voice Weekly  ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို


Sonoran desert

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.