Monday, October 8, 2012

0 ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ( အမေရိကန်နိုင်ငံ Harvard တက္ကသိုလ်မှ ) -ဘာသာပြန်-Spring Flowers


  •                     လူကြီးမင်းတို့ တက္ကသိုလ်ရဲ့   ဥက္ကဌကို အောက်စ်ဖို့တက္ကသိုလ်မှာရော သူမရဲ့ ဌာနေဖြစ်တဲ့ ဒီဟားဗတ်တက္ကသိုလ်မှာပါ တွေ့ရတာ ကျမသိပ်ကို ၀မ်းသာပီတိဖြစ်ရပါတယ် ။ ဒီမှာတွေ့လို့ဆိုတာထက် တက္ကသိုလ်တစ်ခုမှာ တွေ့ရလို့ ဆိုရင် ပိုမှန်ပါတယ် ။ ဒါက ဘာကို ပြသလဲဆိုရင် ကမ္ဘာ့အထင်ရှားဆုံးတက္ကသိုလ်ကြီးတွေဟာ   တစ်ခုနဲ့ တစ်ခု   ချိတ်ဆက်မှုတွေ ရှိတယ် ဆိုတာပါ ။  သင့်တော်တဲ့ အချိန်တစ်ခုရောက်ရင် ဒါမျိုး ဆက်သွယ်မှုတွေကို ကျမတို့တိုင်းပြည်က တက္ကသိုလ်တွေမှာလည်း  ရှိလာဖို့ မျှော်လင့်ပါတယ် ။
  • Harvard University Campus
  • Classroom တစ်ခု
  •                   ဒီညနေ ကျမပြောချင်တာ ပညာရေးအကြောင်းမဟုတ်ဘဲ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတစ်ခုမှာ နေဖို့ရာအတွက် ဘယ်လိုပြင်ဆင်မှုမျိုးတွေ လုပ်ဖို့ လိုအပ်လဲဆိုတဲ့ အကြောင်းကို ပြောချင်ပါတယ် ။ မြန်မာပြည်ဟာ  ရာစုနှစ်တစ်ဝက်လောက် စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတဲ့ တိုင်းပြည်ပါ ။ စစ်တပ်က ပထမဆုံး အာဏာသိမ်းလိုက်တာ  ( ၁၉၆၂ )  မှာပါ.... အခုဘဲ  ( ၂၀၁၂ )  ရှိပြီ ဆိုတော့ လွန်ခဲ့တဲ့ အနှစ် ( ၅၀ ) လောက်က ဖြစ်ခဲ့တာဆိုပါတော့ ။  မြန်မာပြည်မှာ အပြောင်းအလဲစပြီး ပေါ်လာပြီဆိုပေမယ့် အဲဒီအပြောင်းအလဲရဲ့ အသီးအပွင့်ကိုတော့ မခံစားရသေးပါဘူး ။ ဒီအပြောင်းအလဲကို ကျမတို့ဟာ  '' ဒီမိုကရေစီကျတဲ့ပြုပြင်ရေးတွေလုပ်ဖို့ ''  ဆိုတဲ့ အုတ်မြစ်ပေါ်မှာ တည်ပြီး စလုပ်ခဲ့ကြတာပါ ။ ဒီလမ်းကို ဆက်လျှောက်ရင်းနဲ့ ကျမတို့ဟာ ကျမတို့ ပြည်သူတွေကို လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ နေတတ်တဲ့  လူတွေ ဖြစ်လာဖို့ သင်ပေးရမှာ ဖြစ်ပါတယ် ။
  •  
  •                     လူတွေက အစိုးရဘာတွေ လုပ်နေသလဲ ၊  အစိုးရရဲ့ ရည်ရွယ်ချက်တွေက ဘာလဲ ၊ သူတို့အခုလို လုပ်နေတာ ဘာကြောင့်လဲ စသဖြင့် မေးခွန်းပေါင်း မြောက်များစွာကို မေးကြပါတယ် ။ ဒါပေမယ့် နိုင်ငံသားတွေအနေနဲ့ရော ဘာတွေလုပ်နေသလဲဆိုတာကိုတော့ သိပ်မမေးကြပါဘူး ။ ကျမတို့အနေနဲ့ ဒီပြည်သူတွေကို လွတ်လပ်မျှတတဲ့ လူ့ဘောင်တစ်ခုမှာ နေဖို့ ဘယ်လိုတွေ ပြင်ဆင်ပေးနေသလဲ ဆိုတာကိုလည်း မေးခွန်း သိပ်မထုတ်ကြပါဘူး ။
  •                       စစ်အုပ်ချုပ်ရေးအောက်မှာ နေတာ ကြာလာရင် လွတ်လပ်တဲ့ လူ့ဘောင်မှာ နေရတာ ဘယ်လိုလဲ ဆိုတာကို နားမလည်ကြတော့ပါဘူး ။ ပြည်သူတွေဟာ ဒီနေ့အထိ ကြောက်နေကြတုန်းပါဘဲ ။ လက်ရှိမှာ ပြုပြင်ပြောင်းလဲရေးတွေ စနေပြီလို့ ဆိုနေရင်းနဲ့ကို  နိုင်ငံရေးလုပ်တဲ့ ဆွေမျိုးတွေဆီကို သွားမလည်ရဲတဲ့ လူတွေဆိုတာ ရှိနေတုန်းပါ ။

  •                     ဒီတော့ ဒီပြည်သူတွေကို လွတ်လပ်တဲ့ လူ့ဘောင်တစ်ခုမှာ နေတတ်ဖို့ ဘယ်လို ပြင်ဆင်ပေးကြမလဲ ။ အဲဒီအတွက် အကောင်းဆုံးနည်းကတော့ လက်ရှိအချိန်မှာကို လွတ်လပ်တဲ့လူ့ဘောင်တစ်ခုက လွတ်လပ်နေပြီသား  နိုင်ငံသားတွေလို ကျင့်သုံးနေထိုင်ကြဖို့ပါဘဲ ။ ဒီအဆင့်ကို ကိုယ်က စပြီးတော့ သတ္တိရှိရှိ ကျင့်သုံးရမှာပါ........အရာရာကို ကိုယ့်အတွက် ပြင်ဆင်ပြီးမြောက်အောင် အဆင့်သင့် စောင့်နေလို့ မရပါဘူး ။ .......လူတစ်ယောက်ဟာ သူ့ရဲ့ လုပ်ရပ် ၊ သူ့ရဲ့ ရွေးချယ်ချက်အတွက် တာဝန်ယူတတ်ရပါမယ်..... ဒါဟာ  Free Society မှာ နေတဲ့လူတစ်ယောက်ဆိုတာ ပြတဲ့ ဦးဆုံး အမှတ်အသားပါဘဲ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ဟာ ပြည်သူတွေကို လက်တွေ့ကျကျ သင်ကြားပေးခဲ့ရပါတယ် ။
 
ဟာဗတ်တက္ကသိုလ် ကန်တင်းတစ်ခု
  •                    ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက် ကျမတို့ဟာ ၀င်ပြိုင်ဖို့နေရာလွတ်ရှိတဲ့ မဲဆန္ဒနယ်တွေဆီကိုသွားပြီး မဲဆွယ်မှုတွေ လုပ်ကြပါတယ် ။ အဲလိုလုပ်တဲ့နေရာမှာ ကျမတို့ဟာ ပြည်သူတွေကို ရိုးရိုးလေးဘဲ ပြောပါတယ်..........ရွေးကောက်ပွဲတွေ ရှိမယ် ၊ အဲဒီမှာ ပြည်သူတွေဟာ မဲပေးခွင့်ရပါလိမ့်မယ် ၊ ဒီတော့ အဲဒီအခွင့်အရေးကို ပြည်သူတွေအနေနဲ့ ကျင့်သုံးဖို့ အရေးကြီးတယ် ဆိုပြီးတော့ပါ ။  
                   ဒါဟာ သူတို့ရဲ့ တာဝန်လည်း ဖြစ်တယ် ၊ တာဝန်လည်းဖြစ်တဲ့ ဒီအခွင့်အရေးကိုမှ မသုံးဘူးဆိုရင် သူတို့လိုချင်သလို အခြေအနေ မပေါ်ပေါက်လာဘူးဆိုရင်လည်း သူ့တို့မှာ ငြီးတွားနေဖို့ အခွင့်အရေးမရှိပါဘူး ။ ဒါတွေကို ကျမတို့ ရိုးရိုးရှင်းရှင်းဘဲ သူတို့ကို ပြောပြခဲ့ကြပါတယ် ။

  • .                  ရွေးကောက်ပွဲနေ့မှာ ရှင်တို့အားလုံးဟာ သမ္မတနဲ့ တန်းတူအခွင့်အရေးရှိတယ် ၊ သူလည်း တစ်မဲပေးလို့ရသလို ရှင်တို့လည်း တစ်မဲပေးလို့ရတယ် ၊ ဒီတော့ အဲဒီအခွင့်အရေးကို သုံးပါ ၊ အဲဒီအခွင့်အရေးကို သုံးပြီး ကိုယ့်မဲဆန္ဒနယ်မှာ ကိုယ်သဘောကျတဲ့လူကို ရွေးပါ ၊ ဒီလိုလုပ်တဲ့ နေရာမှာလည်း အမတ်လောင်းတစ်ယောက်ကိုဖြင့် တခြားအမတ်လောင်းတစ်ယောက်ထက် ဘာကြောင့် ပိုပြီး သဘောကျရတယ် ဆိုတာကို သေသေချာချာ စဉ်းစားပြီးမှ လုပ်ပါ  ဆိုပြီး ကျမ သူတို့ကို  ရိုးရိုးရှင်းရှင်းဘဲ ရှင်းပြခဲ့တယ် ။

  •                   ဒီမိုကရေစီနဲ့ တသက်လုံး အသားကျနေလာသူတွေအတွက်ကတော့ ဒါဟာ သိပ်ရိုးလွန်း ၊ လွယ်လွန်းတယ်လို့ ထင်ချင် ထင်စရာပါဘဲ ။ ဒါလေးတွေကို ပြည်သူတွေကို ပြောပြဖို့လိုသလား ဆိုပြီး မေးခွန်းထုတ်ချင်စိတ်ဖြစ်ရင် ဖြစ်ကြမယ်..........သိပ်လိုတာပေါ့ရှင် ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က လူတော်တော်များများဟာ သူတို့စိတ်ထဲရွေးထားတဲ့ အမတ်လောင်းကို  မဲပေးဖို့အရေးအတွက် မဲရုံကို သွားဖို့တောင် ကြောက်နေကြတာကိုး ။
 
  •                     ဟိုးအရင် ၁၉၉၀ တုန်းက ကျမတို့မှာ ရွေးကောက်ပွဲလုပ်ခဲ့ရဖူးပါတယ် ။ အဲဒီမှာ ကျမတို့ပါတီက ၀င်ပြိုင်ပြီး အမတ်နေရာ  ( ၈၂ % )  နိုင်ခဲ့ပါတယ် ။ ရလာဘ်ကတော့ သိကြတဲ့အတိုင်း ကျမတို့ ပါတီဝင်တွေ တော်တော်များများ ထောင်ချခံလိုက်ရပါတယ် ၊ ရွေးကောက်ပွဲရလာဘ်ကိုလည်း လုံးဝ အသိအမှတ်ပြုခြင်း မခံလိုက်ရပါဘူး ။ ကျမတို့ပါတီဟာလည်း နိုင်ငံရေးပါတီအဖြစ် မနည်းရပ်တည်ရှင်သန်ခဲ့ရတယ် ။  ကျမတို့ကို ရပ်တည်ရှင်သန်ခွင့်ပေးထားခဲ့တယ်ဆိုတာက သူတို့က ကျမတို့ပါတီကို မတရားအသင်းအဖြစ်ကြေငြာတာမျိုးတော့ မရှိခဲ့ဘူးပေါ့လေ ။ ပါတီကို မှတ်တင်ပုံတင်ထားခြင်းကလည်း ရပ်စဲတာမျိုး မရှိခဲ့ပါဘူး .....စကားမစပ် မြန်မာပြည်မှာ နိုင်ငံရေးပါတီထောင်မယ်ဆိုရင် ပါတီကို ရွေးကောက်ပွဲ ကော်မတီမှာ မှတ်ပုံတင်ရပါတယ် ။
 
  •                 ကျမတို့ပါတီအနေနဲ့ ဒီလို ခက်ခဲလှတဲ့ ကာလကို ဖြတ်ကျော်ခဲ့ရတာကြောင့် လူတွေက ကျမတို့ပါတီနဲ့ ပတ်သက်တယ်လို့ အထင်အမြင်ခံရမှာကို ကြောက်လာကြပါတယ် ။ အနှစ် (၂၀ ) ကျော်လောက် ဖြစ်ဖြစ်မြောက်မြောက် ရပ်တည်ရှင်သန်နိုင်ခဲ့တာလည်း မြန်မာပြည်မှာ ကျမတို့ တစ်ပါတီဘဲ ရှိတော့ နိုင်ငံရေးပါတီနဲ့ ဆက်သွယ်မှုရှိတာကို  အန္တရာယ်များတယ် ၊ ဒုက္ခကို လက်ယပ်ခေါ်တယ်လို့ ပြည်သူတွေက  ထင်လာကြတယ် ။ မတော်ရင် ထောင်လည်း ကျနိုင်တယ်လေ ။ သူတို့ ဒီလို မြင်တာလည်း အဆန်းတော့ မဟုတ်ပါဘူး .......ဘာကြောင့်လည်းဆိုတော့ ကျမတို့ရဲ့ ပါတီဝင်ပေါင်းများစွာ ထောင်ချခံရခဲ့ရတာကိုး ။
  •  
  •                ဒီတော့ ရွေးကောက်ပွဲ မတိုင်မီမှာ ပြည်သူတွေကို ပြောပြရပါတယ် ........မဲရုံကို သွားပြီး NLD အတွက်  ဒါမဟုတ်လည်း ကိုယ်သဘောကျတဲ့ ဘယ်အမတ်လောင်းမဆိုအတွက် မဲထည့်တာဟာ ထောင်မကျနိုင်ပါဘူး ၊ လျှို့ဝှက်မဲပေးစနစ်ပါ ဆိုပြီး ပြောရပါတယ် ။ ဒါပေမယ့် မယုံကြည်ရဲတာတွေများလွန်းနေတော့ သူတို့ဘယ်သူ့ကို မဲထည့်တယ်ဆိုတာ သက်ဆိုင်ရာအာဏာပိုင်တွေက သိသွားမှာဘဲလို့ ထင်နေတဲ့ လူတွေ အများကြီး ရှိခဲ့တယ် ။ ၂၀၁၀ မှာ နိုင်သွားခဲ့တဲ့ လက်ရှိ အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို မဲမထည့်ခဲ့ဘူးဆိုတာကို သူတို့ ( ကြံ ဖွံ့ )  သိသွားခဲ့ရင် အပြစ်ပေးခံရမယ်လို့ ထင်နေခဲ့ကြတယ် ။
 
  •                      ကျမတို့မှာ အဲဒီကိစ္စကို  ပြည်သူတွေ  ပီပီပြင်ပြင်နားလည်သွားအောင်ကို လုပ်ပေးခဲ့ရတာပါ ....... လျှို့ဝှက်မဲပေးစနစ်ဆိုတာ ကိုယ်ဘယ်သူ့ကို မဲပေးခဲ့တယ်ဆိုတာ ( ကိုယ်က လွဲလို့ ) ဘယ်သူမှ မသိနိုင်ဘူးဆိုတဲ့ အကြောင်း သူတို့ နားလည်သွားအောင် ရှင်းပြရတယ် ။ ပြီးတော့ ဘယ်လိုမဲပေးရတယ် ၊ ကိုယ့်မဲကို တရားဝင်အောင် ဘယ်လိုလုပ်ရတယ် ၊ မဲကို ဘယ်လို ခြစ်ရတယ် အစရှိသဖြင့်ကိုလည်း သင်ပေးခဲ့ရပါတယ် .......။

  •                     ရွေးကောက်ပွဲကော်မရှင်ကလည်း တကယ်ကို စည်းကမ်းကြီးပါတယ် ..........တချို့မဲဆန္ဒနယ်တွေမှာဆိုရင် ကိုယ်ခြစ်လိုက်တဲ့ အမှတ်ကလေးဟာ ခြစ်ရမယ့် အကွက်ကလေးက နည်းနည်းထွက်သွားတာနဲ့ ကိုယ့်မဲဟာ အကျုံးမ၀င်တော့ဘူးလို့ သတ်မှတ်ထားတယ် ။ ဒီလို ဒီမိုကရေစီစနစ်ရဲ့ အခြေခံလေးတွေအားလုံးကို ကျမတို့က ရှင်းပြခဲ့တာပါ ။
                       အဲဒါတွေကို ရှင်းပြခဲ့ရရုံမက လူတိုင်းလူတိုင်းမဲပေးဖို့ဟာ ဘာကြောင့် အရေးကြီးတယ်ဆိုတဲ့ အကြောင်းကိုပါ သူတို့နားလည်အောင် ရိုးရိုးရှင်းရှင်းနည်းနဲ့ ပြောပြရသေးတယ် ။ မင်းဟာ ကိုယ်ပေးရမယ့် မဲကို အရေးကြီးတယ်လို့ မထင်ဘူးဆိုရင် ၊ မင်းတို့ အိမ်နီးချင်းတွေကလည်း မင်းတို့လိုဘဲ တွေးကြရင် ၊  '' ကျန်တဲ့လူတွေ မဲပေးကြမှာဘဲ ငါမပေးလည်း ဘာမှ မဖြစ်ပါဘူး ''  လို့ ထင်ရင် ၊ ဒါမှ မဟုတ်လည်း တစ်မဲနှစ်မဲနဲ့တော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး လို့  ထင်ရင် ၊ လူတော်တော်များများကလည်း  ဒီလိုသာတွေးကြရင် မဲလာပေးတဲ့လူတွေ နည်းမှာဘဲ ။ အဲလိုနည်းရင် ကိုယ်သဘောကျတဲ့ အမတ်လည်း နိုင်ချင်မှ နိုင်တော့မယ် ။ ဒီတော့ လူတိုင်းဟာ မဲပေးမလား ၊ မပေးဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်အတွက် တာဝန်ယူကြရမယ်  ။
 
  •                        ကျမရဲ့ မဲဆန္ဒနယ်အတွက်ကတော့ အောင်မြင်မှုရတယ်လို့ ကျမပြောနိုင်ပါတယ် ။ မဲပေးသူ ( ၇၀ % ) နှုန်းလောက် လာပေးကြတယ် ။ ဒါဟာ အချိန်ကာလရှည်ကြီးတစ်ခုအတွင်းမှာ ပထမဆုံးအနေနဲ့  အမြင့်ဆုံး မဲရခြင်းပါဘဲ ။ မဲပေးတဲ့ ဖြစ်စဉ်မှာ ပါဝင်ဖို့လည်း အရမ်းကို အားတက်သရော ရှိကြတာကို တွေ့ခဲ့ရပါတယ် ။ သူတို့ မဲတွေဟာ အရေးကြီးကြောင်း သူတို့ သဘောပေါက်ကြတယ် ။ မဲပေးတဲ့နေ့မှာ ကျမရဲ့ မဲဆန္ဒနယ်ကို သွားတော့ တချို့သော မိန်းကလေးတွေ မဲပေးခွင့်မရလို့ မျက်ရည်ကျတာတွေ့ရတော့ ကျမအတော် စိတ်ထဲ ခံစားရပါတယ် ။ သူတို့ရဲ့ နာမည်က မဲပေးနိုင်တဲ့သူစာရင်းမှာ ပါမလာဘူးလေ........ဒီလို အားနည်းချက်တွေကတော့ အတော်များပါတယ် ၊ ဒီပြသာနာတွေအားလုံးကို ရွေးကောက်ပွဲကော်မရှင်က တမင်တကာ ဖန်တီးထားတယ်လို့တော့ ကျမ မထင်ပါဘူး ။ လုပ်နည်းလုပ်ဟန် နေရာမကျလိုက်တာဘဲ ဖြစ်မှာပါ ။
 
  •                     အဲလို မဲပေးခွင့်မရတဲ့ မိန်းကလေးတွေဟာ အရမ်းကို စိတ်မကောင်းတွေ ဖြစ်နေကြပြီး ကျမကို ပြောပါတယ်......''   ကျမတို့မဲတွေတော့ ပယ်မဲတွေ ဖြစ်တော့မှာဘဲ  ''  တဲ့ ။ ကျမက ပြုံးပြီးတော့ မဖြစ်ပါဘူး လို့ ပြောရပါတယ် ။ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို သူတို့ ဒီလို အလေးထားတာတွေ့တော့ ကျမသိပ်ကို ၀မ်းသာရပါတယ် ။ အချိန်တိုလေးအတွင်းမှာ ကျမတို့ သူတို့ကို သင်ပေးလိုက်နိုင်တယ် ။ ကျမတို့မှာ ဒီကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့် ခြောက်ပတ်ဘဲ ရခဲ့တာပါ ။ ဒီခြောက်ပတ်အတွင်းမှာ သူတို့တွေဟာ တာဝန်ကျေတဲ့ ပြည်သူတွေ ဖြစ်ချင်ရင်  ဒီရွေးကောက်ပွဲမှာ ပါကို ပါဝင်ရမယ် ၊ မဲပေးရမယ်ဆိုတာကို သဘောပေါက်သွားကြတယ် ။
 
  •                  ဒီလိုနဲ့ မဲပေးလို့အပြီး ကျမတို့လည်း ၄၄ နေရာရှိတဲ့အထဲက ၄၃ နေရာနိုင်သွားတော့ နောက်တစ်ဆင့်ကို တက်ရပြန်တယ် ။ ဒီတခါတော့ ကျမတို့ ပြည်သူတွေနဲ့ ပိုပြီး လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်တော့ မယ်လေ  ။ အရင်တုန်းကဆို NLD အနေနဲ့ ကျေးရွာအဆင့် ၊ မြို့အဆင့်ထိ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ဆိုတာ အရမ်းကို ခက်ခဲခဲ့ပါတယ် ။ ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက ကန့်သတ်ခဲ့ကြတယ်လေ ။ အခု ကျမတို့ နိုင်သွားပြီဆိုတော့  နောက်တဆင့်လုပ်ရမှာက '' ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကို ပြောင်းလဲဖို့ဆိုတာ ကိုယ့်တာဝန်ဘဲ ''  ဆိုတာကို  ပြည်သူတွေ နားလည်အောင် လုပ်ဖို့ပါဘဲ  ။
  •                  ဒါကို ကျမတို့ ရိုးစင်းတဲ့နည်းတွေနဲ့ ဆောင်ရွက်ခဲ့ကြတယ် ။ မြန်မာပြည်ရဲ့ တော်တော်များများအစိတ်အပိုင်းတွေဟာ ကျေးလက်ဒေသအဆင့်ဘဲ ရှိပါသေးတယ် ။ ကျမရဲ့ မဲဆန္ဒနယ်က ရန်ကုန်တိုင်းထဲမှာပါ ......ရန်ကုန်ဆိုတာက အရင်က မြန်မာပြည်ရဲ့ မြို့တော်ပေါ့ ။ ရန်ကုန်ဆိုတော့ မြို့အဆင့်မဲဆန္ဒနယ်လို့ လူကြီးမင်းတို့  ထင်ကောင်းထင်ကြမှာပါ ။ မဟုတ်ပါဘူး ။ ရန်ကုန်တိုင်းဟာ အပိုင်းကြီး ၂ ပိုင်းခွဲထားပြီး ကျေးရွာ ( ၂၂၇ )  ရွာနဲ့ ဖွဲ့စည်းထားပါတယ် ။ ဒီတော့ တော်တော်များများသော အစိတ်အပိုင်းမှာ ကျေးလက်တောရွာအဆင့်သာ ရှိတဲ့ အ၀န်းအ၀ိုင်းတစ်ခုပါဘဲ ။
 
  •                 ဒီလိုဆင်းရဲတဲ့ ၊ သူများတွေထက် အဘက်ဘက်က နိမ့်ကျတဲ့ ၊  လွတ်လပ်တဲ့နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကို ဘယ်တုန်းကမှ  မရခဲ့ဖူးတဲ့ ဒီကျေးလက် အဖွဲ့အစည်းကို သူတို့ဟာလည်း နိုင်ငံသားတွေပါဘဲ ၊ သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့ နိုင်ငံသားတွေဖြစ်အောင် လုပ်လို့ရတယ်ဆိုတာကို ဘယ်လိုနားလည်အောင် လုပ်ကြမလဲ ။

  •                  ကျမတို့ဟာ ဒါကို တဆင့်ချင်း လုပ်ခဲ့ကြတယ်  ။ ရွာသူရွာသားတွေ အလိုအပ်ဆုံးအရာဟာ ဘာလဲ ........ သိပ်ကို ရိုးစင်းအခြေခံကျတဲ့ အရာတွေပေါ့........လမ်းတွေ လိုမယ် ၊ ရေလိုမယ် ၊ လျှပ်စစ်မီးလိုမယ် ။ ပညာရေး နဲ့ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ အခြေခံလိုအပ်ချက်တွပေါ့ ။ ကျမရဲ့ မဲဆန္ဒနယ်မှာဆိုရင် မိုးတွင်းဆို လမ်းတွေဟာ သွားလို့ မရလောက်အောင်ပါဘဲ ။ ကလေးတွေဟာ တစ်နှစ်မှာ ငါးလလောက် ကျောင်းကို မသွားနိုင်ကြဘူး ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရွာကနေ ကျောင်းရှိတဲ့ ရွာကို သွားဖို့ အရမ်းခက်တယ် ။ ရေဆိုရင်လည်း ရွာပေါင်းများစွာမှာ သောက်သုံးရေ လုံလောက်တယ်ဆိုတာ မရှိသလောက်ပါဘဲ ။ အမျိုးသမီးလေးတွေဟာ ရေရှိတဲ့နေရာကို သွားဖို့ နာရီနဲ့ချီပြီး သွားရလေ့ရှိတယ် ။

  •                   ဒီတော့ ကျမတို့လည်း ရေတွင်းတူးတဲ့ အစီအစဉ်လို အလွန်ရိုးရှင်းတဲ့ ပရောဂျက်တွေနဲ့ အစပြုကြတယ် ။ ဒီလိုကိစ္စတွေဆောင်ရွက်ဖို့တာ ငွေတော့လိုတာပေါ့ .....ကျမတို့ကလည်း ချမ်းသာတဲ့ ပါတီမဟုတ်လေတော့ ပရောဂျက်ခပ်သေးသေးတွေနဲ့ဘဲ စရတယ် ။ ဒါပေမယ့် ဒီပရောဂျက်အသေးလေးတစ်ခုစီကို လုပ်ရင်း ကျမတို့ဟာ ရွာသူရွားတွေကို လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ့်တာဝန်ကိုယ်ယူပြီး ဘယ်လိုနေမလဲဆိုတာကို သင်ပေးရတယ် ။ ရေတွင်းတူးတာအတွက် ရိုးစင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျမတို့ ချပေးရတယ် ။ ကိုယ့်ရွာမှာ ရေတွင်းလာတူးစေချင်ရင် တချို့သော အခြေခံစည်းကမ်းတွေကိုတော့ လိုက်နာရမယ် ။ အရင်ဆုံး ရေတွင်းတူးဖို့ နေရာကို ရွေးရမယ် ........အဲဒီနေရာဟာ လူတိုင်းရောက်နိုင်တဲ့ နေရာဖြစ်ရမယ် .....သူများပိုင်နက်ထဲမှာ မဖြစ်ရဘူး ။ ဘာကြောင့်လည်းဆိုတော့ သူများခြံထဲသွားတူးမိရင် ခြံပိုင်ရှင်ရဲ့ ပစ္စည်းပုံစံ ဖြစ်သွားမှာ ကျမတို့မလိုလားဘူး ။


  •                    ဒုတိယအချက်အနေနဲ့ ရွာသားတွေအများစုလာရောက်ဖို့ လွယ်တဲ့နေရာဖြစ်ရမယ် ။  ရေတွင်းနဲ့ လူတွေနဲ့ တောင်တခြား မြောက်တခြား ဖြစ်နေရင် လာရတာ လွယ်မှာ မဟုတ်ဘူး ။ ဒါကြောင့် အချက်အချာကျတဲ့ နေရာဖြစ်ရမယ် ။ တတိယအချက်ကတော့ သောက်နိုင်သုံးနိုင်လောက်တဲ့ ရေ လွယ်တဲ့နေရာဖြစ်ရမယ်ပေါ့ ။ စတုတ္တနဲ့ အရေးအကြီးဆုံးအချက်ကတော့  သူတို့အတွက်တူးပေးထားတဲ့ရေတွင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကျေးရွာ ကော်မတီတစ်ခု ဖွဲ့ရမယ် ဆိုတာပါဘဲ  ။ သူတို့အတွက် တူးပေးထားတဲ့ ရေတွင်းကို  သူတို့ တာဝန်ယူရမယ်လေ ။  ဒီအချက်တွေနဲ့ မပြည်စုံဘဲတော့ ကျမတို့က ရေတွင်းကို မတူးပေးဘူး ။

  •                      ဒီကိစ္စတွေဟာ  ရိုးစင်းလွန်းတော့ ရေပိုက်ခေါင်းကို ဖွင့်လိုက်ရင် ရေရတဲ့ လူကြီးမင်းတို့အတွက်တော့ အံသြစရာဖြစ်ရင် ဖြစ်နေမှာပေါ့ ။ ဒါပေမယ့် ကျမတို့ဆီက ရွာသူရွာသားတွေအတွက်တော့ ထူးခြားပါတယ် ။ သူတို့ဟာ ရပ်နဲ့ရွာနဲ့နေတဲ့ဘ၀မှာ ပါကိုပါဝင်ရမယ်ဆိုတာသဘောပေါက်သွားစေတယ် ။ လွတ်လပ်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်နေနဲ့ အသိုင်းအ၀ိုင်းကို ကိုယ်ပြန်ကြည့်ရမယ်လေ  ။
 
  •                    ဒီလိုနဲ့ ကျမတို့ရဲ့ တခြားပရောဂျက်တွေမှာလည်း ပြည်သူတွေကို ပါဝင်ခိုင်းတယ် ၊ ကိုယ့်တာဝန်ကို ကိုယ်ယူခိုင်းတယ် ။ ကိုယ့်အတွက်လုပ်ပေးတဲ့ အစီအစဉ်တွေကို အဆုံးထိ ဖြစ်မြောက်အောင်မြင်အောင် တာဝန်ယူခိုင်းတယ် ။ ဒီတော့ ဆိုလိုတာက ကျမတို့ဟာ သူတို့ကို ဒီလိုနည်းလမ်းလေးတွေနဲ့ အစိုးရတစ်ရပ်လို ပြုမူနေထိုင်စေတယ် ။ ဒီရေတွင်းကို အုပ်ချုပ်သူတွေအဖြစ် ဆောင်ရွက်စေတယ် ။ ဒါမှလည်း တစ်ယောက်နဲ့တစ်ယောက် စကားပြောဆက်ဆံမှုတွေ လုပ်ရမယ် ။ ရေတွင်းနဲ့ ပတ်သက်လာတဲ့ ကိစ္စတွေကို တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆွေးနွေးရမယ် ။ ဘာလုပ်ကြမလဲဆိုတာကို သဘောတူအောင်ညှိရမယ် ။ ဥပမာ ရေတွင်းနံရံပြိုကျတာမျိုးဖြစ်ရင် ပြုပြင်ဖို့အတွက် ဘာတွေလုပ်ကြမလဲ ။ ပြင်ဖို့ ပိုက်ဆံကို ဘယ်လိုရှာမလဲ ။ ဘယ်လိုအမြန်ဆုံးနည်းနဲ့ လုပ်ကြမလဲ စသည်ဖြင့်ပေါ့ ။ ဒါတွေဟာ တာဝန်သေးသေးမွှားမွှားလေးတွေပါ ......ဒါပေမယ့်ဒါလေးတွေနဲ့ဘဲ ကျမတို့ဟာ ပြည်သူတွေကို လွတ်လပ်တဲ့ လူ့ဘောင်တစ်ခုမှာ တာဝန်သိသူတွေအဖြစ်  နေထိုင်သွားတတ်အောင်   သင်ပေးခဲ့ကြတယ် ၊ ဒီလိုနည်းနဲ့ လွတ်လပ်တဲ့ လူ့ဘောင်ကို တည်ဆောက်ဖို့ ကျမတို့ ကြိုးစားခဲ့ကြတယ် ဆိုပါတော့ ။

  •                        ဒီတာဝန်သေးသေးလေးတွေကို ယူခိုင်းရင်း ကျမတို့ ပြည်သူတွေ  မိမိကိုယ်ကို ဘယ်လောက် ယုံကြည်မှုတွေ ၀င်လာစေတယ်ဆိုတာ တွေ့ရတာ သိပ်ကို အံ့သြဖို့ကောင်းပါတယ် ။ ပြည်သူတွေဟာ  ဘယ်တုန်းကမှ တာဝန်သိတဲ့ ၊ စွမ်းဆောင်နိုင်တဲ့ လူကြီးအဖြစ်  ဆက်ဆံခြင်း မခံခဲ့ရဘူးလေ ။  အာဏာရှင်စနစ်အောက်မှာနေရတဲ့ ပြည်သူတွေဟာ မရင့်ကျက်တဲ့ကလေးတွေသဖွယ် ဆက်ဆံခြင်းခံရတတ်တယ် ။ ကိုယ် ဘာလုပ်ရမယ်ဆိုပြီး  ခိုင်းတဲလူ အမြဲရှိနေတယ် ။ မိမိဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နိုင်လောက်အောင် မရင့်ကျက်သေးဘူးလို့ချည်း အပြောခံထားရတယ် ။ ဒီတော့ ကိုယ်ပိုင်ဆုံးဖြတ်ချတာရယ် ၊ အဲဒီဆုံးဖြတ်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို တာဝန်ယူတတ်တာရယ် ဒါတွေဟာ လွတ်လပ်တဲ့လူ့ဘောင်မှာနေဖို့ ပထမဆုံးခြေလှမ်းတွေပါဘဲ ။
 

  •                        လူကြီးမင်းတို့က ဒါတွေတော်တော်များများကို သတိမထားမိတတ်ကြဘူး ။ ဒါတွေဟာ နေ့စဉ်ဘ၀မှာ ကြုံရတဲ့ ကိစ္စတွေလို့ လူကြီးမင်းတို့ ထင်ချင်မှလည်း ထင်မှာပေါ့လေ  ။ ဒါပေမယ့် တနည်းအားဖြင့်တော့ ဒါဟာ နေ့တိုင်း ရင်ဆိုင်ရတဲ့ ကိစ္စတွေပါဘဲ  ။ နေ့စဉ်မနက်တိုင်း နိုးရင် လူတိုင်းဟာ အဲဒီနေ့အတွက် တာဝန်တွေကို ယူကြရတာဘဲလေ ။ အတန်းသွားတက်မလား ၊ ဒါမှမဟုတ် အတန်းကို ဖျက်ပြီး တနေရာရာကို သွားမလား ၊ စာကြည့်တိုက်ကို သွားမလား ၊ ဒါမှမဟုတ် အိမ်မှာဘဲ နေပြီး စာဖတ်နေမလား စသည်ဖြင့်ပေါ့ ။ ဒါတွေဟာ ရိုးစင်းတဲ့ ဆုံးဖြတ်ချက်တွေပါ.........ဒါပေမယ့် ဒါတွေကို လုပ်ဖို့ ကိုယ့်မှာ အခွင့်အရေးရှိပါတယ် ။

                           ဒီတက္ကသိုလ်မှာ လူကြီးမင်းတို့ဟာ  ကိုယ့်ဘ၀ကို ကိုယ့်စိတ်ကြိုက်နေဖို့ လွတ်လပ်ခွင့်ရှိပါတယ် ။ ဒါပေမယ့် ဒါကိုဘဲ  ကျောင်းသားအများစုက သဘောမပေါက်တတ်ကြဘူး ။ သူတို့တွေ ဘယ်လောက် လွတ်လပ်ကြတယ် ဆိုတာ ၊ နေ့စဉ်နေ့တိုင်း သူတို့ဟာ လွတ်လပ်စွာ ရွေးချယ်ခွင့်တွေ ရနေကြတယ်ဆိုတာ  ၊  ကိုယ့်ဘ၀ကို ကိုယ်လိုချင်သလို ပုံပေါ်ခွင့် ရထားကြတယ်ဆိုတာကို သတိမထားမိတတ်ကြဘူး ။

Harvard University Campus
  •                      ကျမတို့မှာတော့  ခုမှ ကိုယ့်တိုင်းပြည်ကို ကိုယ်လိုချင်တဲ့ ပုံဖော်ရမယ့် လမ်းပေါ် ရောက်ခါစဘဲ ရှိပါသေးတယ် ။ ဒါက ဘာကိုဆိုလိုတာလည်းဆိုတော့ ကျမတို့ ပြည်သူတွေဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့  လူတွေ ဖြစ်ရမယ် ဆိုတာပါဘဲ  ။ ဒီလိုဖြစ်အောင်လုပ်တဲ့နေရာမှာ သူတို့ကို ကူညီလို့ရတဲ့ နည်းတွေ အများကြီး ရှိပါတယ် ။ ပညာရေးက သိပ်ကို အရေးပါပါတယ် ။ ဒါက ပညာရေးအဖွဲ့အစည်းမို့လို့ ဒါကို အလေးထားပြောရတာပါ ။ ကျန်မာရေးကလည်း အရေးကြီးတဲ့ထဲပါတာပါဘဲ ။ ပညာတတ်နေရုံနဲ့ မရဘဲ ပညာကို အသုံးချနိုင်ဖို့ ကျန်းမာရေးနဲ့လည်း ပြည့်စုံရဦးမယ် ။ ဒီလိုလုပ်ရာမှာ ကိုယ့်တစ်ယောက်တည်းအတွက် လုပ်တာမျိုးမဟုတ်ဘဲ ကိုယ်နေတဲ့ လူ့အသိုင်းအ၀ိုင်းအတွက်လည်း လုပ်ရမယ် ။

  • Harvard University Campus

Classroom တစ်ခု
  •                      ဒီမိုကရေစီလမ်းပေါ်ကို ရောက်တာ နောက်ကျလို့ ကျမတို့မှာ အကျိုးတစ်ခုတော့ ရတယ်လို့  ပြောလို့ရပါရဲ့ ။ အဲဒါကတော့ သူများတွေရဲ့ အမှားတွေဆီကနေ သင်ယူလို့ရတာပါ ။ အနောက်ကမ္ဘာရဲ့ ဒီမိုကရေစီနိုင်ငံတွေကို ကျမတို့ အားကျလေးစားပါတယ် ။ ဒါပေမယ့် ကျမတခါတလေလည်း မေးခွန်းထုတ်မိပါရဲ့ .....အဲဒီ ဒီမိုကရေစီနိုင်ငံတွေက လူတစ်ဦးချင်းစီဟာ ကိုယ်နေတဲ့ အသိုင်းအ၀ိုင်းအတွက် လုံလောက်တဲ့ တာဝန်တွေယူနေကြရဲ့လားဆိုတာကိုပါ ။ ကျမတို့ပြည်သူတွေအနေနဲ့ တာဝန်လည်း သိတဲ့ လွတ်လည်း လွတ်လပ်တဲ့ နိုင်ငံသားတွေ ဖြစ်ချင်ပါတယ် ။ တကယ်တော့ ကိုယ့်တာဝန်ကို ကိုယ်ယူဖို့ အဆင်သင့်ဖြစ်မနေဘူးဆိုရင် လွတ်လပ်တယ်လို့လည်း ပြောလို့ မရနိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ အဲလို တာဝန်မယူတတ်ဘူးဆိုရင် ကိုယ့်ရွေးချယ်ဆုံးဖြတ်မှုတွေဟာ ကိုယ်ကိုယ်တိုင် လုပ်တာဟုတ်ရဲ့လားဆိုတာကိုလည်း မသေချာတော့ဘူး ။ အဲဒီဆုံးဖြတ်ချက်တွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကိုလည်း ရင်ဆိုင်ရဲတဲ့ အစွမ်းအစ ရှိမရှိ မသေချာတတ်လို့ပါဘဲ ။

Harvard University Campus

Harvard University Campus
  •                         လွတ်လပ်မှု  Freedom  နဲ့ တာဝန်ယူတတ်မှု  Responsibility  ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ဘက်နှစ်ဘက်ပါဘဲ ။ တာဝန်မယူတတ်တဲ့သူ ၊ ကိုယ့်မှာ ဖြစ်လာတာကို သူများကို အမြဲအပြစ်တင်တတ်တဲ့သူတွေဟာ တကယ်လွတ်လပ်တယ်လို့ ပြောလို့ မရပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ မိမိတို့ရဲ့ တာဝန်ယူတတ်တဲ့ အသိစိတ်ဓါတ်ကို စွန့်လွှတ်ခဲ့သူတွေ ဖြစ်ကြလို့ပါဘဲ ။ ကျမတို့ဟာ တာဝန်ယူစိတ်ရှိတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းအားဖြင့် ဒီလမ်းကို အစပြုရမှာပါ ။  ဒီလမ်းကို သွားရင် ''  ငါတို့ဟာ ကိုယ့်ဘ၀ရွေးချယ်မှုတွေကို ကိုယ်လုပ်ဖို့ လွတ်လပ်မှု ရှိတယ် ၊ အဲဒီရွေးချယ်ချက်တွေရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ သတ္တိလည်း ရှိတယ် ''   လို့ ကျမတို့ ပြည်သူတွေ ပြောကို ပြောနိုင်ရပါမယ် ။

  •                       ဒီမိုကရေစီဆိုတာ မလွယ်တဲ့ ရွေးချယ်ချက် တစ်ခုပါ ။ အဲဒီရွေးချယ်မှုကို အကောင်အထည်ပေါ်အောင် လုပ်နိုင်ဖို့ မလွယ်သလို ရပြီးရင်လည်း ထိန်းထားဖို့ ဆိုတာ မလွယ်ပါဘူး ။ ဒါပေမယ့် ကျမတို့ ပြည်သူတွေမှာ အဲဒါတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိကြလိမ့်မယ်လို့တော့ ကျမ ထင်ပါတယ် ။ လူကြီးမင်းတို့ ဘက်ကလည်း ကျမတို့တတွေ ဒီထက်ပိုပြီး လွတ်လပ်တဲ့ ၊ ဒီထက်ပိုပြီး တာဝန်ယူတတ်တဲ့လူတွေဖြစ်အောင် လုပ်ဖို့ အကြံဥာဏ်ကောင်း၊ နည်းလမ်းကောင်းရှိတယ်ဆိုရင် ပြောကြပါ ။ ကျေးဇူးတင်ပါတယ် ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.