Wednesday, December 26, 2012

0 ကျီးကန်း ငမည်းနဲ့ ဟံသာဝတီ ဦးဝင်းတင် (မောင်ဝံသ)

တတိယအကြိမ်ဆေးစစ်ဖို့ စင်ကာပူကို ပြန်ရောက်နေတုန်း သည်စာကို ရေးဖြစ်ပါတယ်။ ကီမိုဆေးသွင်းကုသမှု စင်ကာပူမှာ နှစ်ကြိမ်၊ ရန်ကုန်မှာ နှစ်ကြိမ်အပြီး ဒုတိယအကြိမ် ဆေးလာစစ်တုန်းက အဆုတ်က အကြိတ်ရဲ့အရွယ်ပမာဏ အတော်ကလေး ကျုံ့သွားတယ်လို့ သိရပါတယ်။ ဆေးသွင်းကုသမှု ရန်ကုန်မှာနောက်ထပ် လေးကြိမ်အပြီး ယခုတစ်ကြိမ်မှာ ဆေးစစ်ချက်အဖြေက အကြိတ်ဟာ ထပ်ပြီးလျော့မသွားပေမယ့် ပိုလည်း ကြီးမလာဘူး၊

တစ်ခြားနေရာတွေကိုလည်း ပျံ့နှံ့မှု မရှိဘဲ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောုင့် ကုသနေတဲ့ သမားတော်က ဆေးတစ်မျိုး ပြောင်းပေးလိုက်ပါတယ်။ အရင်က gemcitabine ကို cipllatin နဲ့ Avastin နဲ့ တွဲပြီး သွင်းခဲ့ရာက အခု gemcitabine ကိုဖယ်လိုက်ပြီး Alimta ဆိုတဲ့ ဆေးအသစ်ကို ပေးလိုက်ပါတယ်။ ကျွန်တော့်ကို ချစ်ခင်ကြင်နာစွာ သတင်းမေး အကူအညီပေးနေကြတဲ့ ပြည်တွင်းပြည်ပ မိတ်ဆွေများထဲက ဆေးအကြောင်း နားလည်သူများ သိနိုင်ဖို့ ဆေးအမည်များဖော်ပြလိုက်တာပါ။ ဆေးဝါးတွေရဲ့ ဈေးနှုန်းကတော့ ကြောက်ခမန်းလိလိပါ။ ကျွန်တော် အရင်တစ်ကြိမ်က အစီရင်ခံခဲ့ဖူးသလိုပါပဲ၊ မိတ်ဆွေသင်္ဂဟများရဲ့ ကူညီထောက်ပံ့မှုသာ မရှိရင် ဘယ်လိုနည်းနဲ့မှ ကျွန်တော် ဆေးမကုနိုင်ပါဘူး။ အမည်နာမတွေကို မဖော်ပြနိုင်ပေမယ့် ကူညီနေသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ။

ဆေးစစ်တာတွေပြီးတော့ ရန်ကုန်မပြန်ခင်နားနားနေနေရှိခိုက် စာအုပ်တချို့ ဖတ်ဖြစ်ပါတယ်။ သမီးကြီးထိုက် ဖတ်ချင်လို့ မှာလိုက်တဲ့ စာအုပ်တွေ ၀ယ်လာတဲ့အထဲမှာ ဇာဂနာရဲ့ "ပထမ"နဲ့ မသိတာစမ်းချောင်းရဲ့" စမ်းချောင်း အင်းစိန် ဟားဗတ်"တို့ ပါပါတယ်။ အချိန်ရတုန်း အဲဒီနှစ်အုပ်စလုံး ဖတ်ပြီးသွားပါတယ်။ ဇာဂနာစာအုပ်က ခပ်ပါးပါးဆိုတော့ အရင်ဖတ်ပြီးသွားတယ်။ မသီတာစာအုပ်က ထူပြီး အကြောင်းအရာတွေက များလေတော့ ဖြည်းဖြည်းဖတ်ရပါတယ်။

ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ အမှာစာမှာ မသီတာရဲ့ စာအုပ်ဟာ သူ့ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ"စာအုပ်ထက် ပိုကောင်းတယ်လို့ ရဲရဲကြီး ညွှန်းထားပါတယ်။ "ကျွန်တော့်စာအုပ်က သတင်းစာကလောင်နဲ့ ရေးတယ်။ အဖြစ်ကိုရေးတာ။ သနစ်ကိုရေးတာ။ ထောင်ဆိုတာ ငရဲဟေ့လို့ ပြောပြတာ။ ထောင်ဆိုတာ ကျောင်းဟေ့လို့ ပြော ပြတာ။ ရသဆွံ့ရှားတယ်။ ခံစားချက် များတယ်။ မသီတာစာအုပ်က
စာပေကလောင်နဲ့ ရေးတယ်။ ဝေဒနာကိုရေးတာ။ စေတနာကိုရေးတာ။ ထောင်ဆိုတာ စိတ်ခံယူချက်ရှင့်လို့ ပြောပြတာ။ ထောင်ဆိုတာ ရုပ်ခံစားချက်ရှင့်လို့ ပြောပြတာ။ ရသပြည့်လျှံတယ်။ ခံစားချက် ဗောင်းလံတယ်။"လို့ ဆရာက အားပါးတရ ရေးထားပါတယ်။ ဆရာ ညွှန်းသလောက်လည်း ကောင်းတာအမှန်ပါပဲ။ ကျွန်တော့် မျက်စိအခြေအနေအရ နားနားနေနေဖတ်ရတော့ သုံးရက်အကြာမှာ ဖတ်လို့ ပြီးသွားပါတယ်။ စာမျက်နှာတိုင်းက ကျွန်တော်တို့ကို အတိတ်က အရိပ်တွေကို ပြန်သတိရအောင် ကာလယန္တရားစက်ကြီးနဲ့ ပြန်ခေါ်သွားသလိုပါပဲ။

ဇာဂနာရဲ့" ပထမ" ထောင်အတွေ့အကြုံစာအုပ်ကတော့ သူ့ပါရမီအတိုင်း မထိခလုတ် ထိခလုတ်လေးတွေနဲ့ ဖတ်ရင်း အကြိမ်ကြိမ် ပြုံးမိစရာတွေအများကြီးပါပါတယ်။ ၈ လေးလုံးအရေးတော်ပုံကြီးပြီးခါစအချိန်မှာ ဦးဦးဖျားဖျား အဖမ်းခံရတဲ့ စာပေနဲ့ အနုပညာရှင်တစ်စုအကြောင်း ရွှင်ရွှင် သွက်သွက်ကလေး ရေးထားတာပါ။ ဇာဂနာ၊ ဇင်ဝိုင်း၊ မိုးဝင်း၊ ညီဝင်းစိန်၊ ဦးအောင်မြင့်မြတ်၊ စပယ်ဦး ဦးတင်စိုးနှင့် ကိုအမိန်တို့ ဘားလမ်းကနေ ပိတ်ဆို့ဖမ်းဆီးခံရ ပြီး နောက်ပိုင်းတွေ့ကြုံရတဲ့ ဖြစ်ရပ်တွေကို ၁၉၈၉ ဧပြီလ ၂၁ ရက် ထောင်ကလွတ်ပြီးပြီးချင်း နှစ်ရက်အကြာမှာ ရေးထားတဲ့ မှတ်တမ်းလို့ ဆိုပါတယ်။ သူ့စာအုပ်ထဲမှာ အင်းစိန်ထောင်မကြီးထဲက သီးသန့်ထောင်ကလေးတစ်ခုလို့ ဆိုနိုင်တဲ့ အထူးဆောင်အကြောင်းပါတော့ ကျွန်တော် ၁၉၈၉ကနေ ၂၀၀၁ အတွင်း သုံးကြိမ် ၀င်လိုက်ထွက်လိုက်ဖြစ်ခဲ့စဉ် သုံးကြိမ်လုံး နေခဲ့ဖူးတဲ့ ၁၀ခန်းတွဲအထူးတိုက်အကြောင်းကို ပြန်ပြောင်းသတိရစရာတွေ ဖြစ်ရပါတယ်။

ရန်ကုန်မှာ စောစောပိုင်းက ကျွန်တော် ဖတ်ခဲ့တဲ့ ဇော်သက်ထွေးရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်ထဲမှ

ာ ကျွန်တော့်အခန်းထဲက မျက်စဉ်းဆေးခပ်ဖို့ အင်္ဂလိပ်လို အညွှန်းစာရွက်လေး တွေ့သွားလို့ ရေးကြီးခွင်ကျယ် စစ်ဆေးခံရတဲ့အကြောင်း ပါခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်က တွဲဘက်ထောင်လို့ ခေါ်ကြတဲ့ သီးသန့်ထောင်ထဲက ကျွန်းတိုက်ထဲမှာ ဖြစ်ခဲ့တာပါ။ ထောင်မကြီးက အထူးတိုက်ကို ရောက်တော့ ပိုလို့တောင် တင်းကျပ်ပါတယ်။ ဇာဂနာရဲ့ အထူးတိုက်အတွေ့အကြုံတွေကို ဖတ်ရင်း ကျွန်တော်တို့အဲဒီမှာ ရှိခဲ့တဲ့ အချိန်က ဟံသာဝတီဦးဝင်းတင်အခန်းထဲ ကျီးကန်းငမဲက ဘောပင်ခိုးသွင်းတဲ့အမှုအကြောင်း ပြန်သတိရပြီး ပြုံးမိပါတယ်။

ကျီးကန်းငမဲဆိုတာက လူမဟုတ်ပါ။ တကယ့်ကျီးကန်းအစစ်ပါ။ သရက်ပင်အမြင့်ကြီးရဲ့ ထိပ်ဖျားနားက ကျီးကန်းအသိုက်တစ်ခု မတော်တဆ ပြုတ်ကျတော့ ကျန်တဲ့ ကျီးပေါက်စလေးတွေ သေကုန်ပေမယ့် နောင် ငမဲလိဲု့ နာမည်ပေးခံရမယ့် ကျီးကန်းကလေးက ကံကြီးလို့ မသေဘူး။ သူ့ကို ကျောက်တန်းဘက်က လူသတ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့" မောင်ညို"ဆိုပါစို့၊ အကျဉ်းသား မောင်ညိုက ပြုစုယုယကျွေးမွေးခဲ့လို့ အသက်ရှင်နေခဲ့တယ်။ မောင်ညိုက အထူးဆောင်ဝင်းထဲမှာပဲ ထားရှိတဲ့ အမြဲဆင်းခေါ် ထောင်ကျလုပ်သားဆောင်မှာ ညအိပ်ရတယ်။ သူက အထူးဆောင်ရဲ့ ဖိုကြီးခေါ် ထမင်းရုံမှာ တာဝန်ကျတယ်။ ပေါက်စနဘ၀ကစပြီး ငမဲကို သူက အိပ်ဆောင်ကို ခေါ်သွားပြီး သူ့ဘေးမှာ သိပ်တယ်။ ငမဲ နည်းနည်းကြီးလာပြီး အတောင်ပံတွေ သန်မာလာတော့ သရက်ပင်တွေပေါ် ပျံတက်တယ်။ ကျီးကန်းတွေရဲ့ ဓလေ့စရိုက် ထူးဆန်းပုံက ငမဲကို ကျီးကန်း အသိုက်အ၀န်းက လက်မခံကြတော့ဘူး။ အထက်မြင့်မြင့်ကို ငမဲ ပျံတက်လာရင် ၀ိုင်းပြီး ထိုးဆိတ်မောင်းထုတ်ကြတယ်။ သည်တော့ ငမဲခမျာ သရက်ပင်ကြီးတွေရဲ့ အောက်ခြေပိုင်း အကိုင်းတွေအထိပဲ ပျံတက်ခွင့်ရှိပါတယ်။ ကျီးသိုက်က ပြုတ်ကျတဲ့ ကောင်၊ လူတွေနဲ့ ရောနှောပေါင်းဖက်နေတဲ့အကောင်ဆိုပြီး မသင်္ကါ ဖြစ်နေကြပုံရပါတယ်။ မောင်ညိုက မနက်အလုပ်ဆင်းလာပြီဆိုရင် ငမဲကို ပခုံးပေါ်တင်လာပြီး ဖိုကြီးထဲ အလုပ်ဝင်ချိန်မှာ ငမဲက သရက်ပင်အောက်ခြေကိုင်းတွေပေါ်လှေ

ျာက်နားနေလေ့ရှိပါတယ်။ ညနေစောင်း အလုပ်သိမ်းပြီဆိုရင် မောင်ညိုက ကျွန်တော်တို့ တိုက်ရှေ့က စိုက်ခင်းတွေအလယ် လူသွားလမ်းလေးက လျှောက်သွားရင်း" ငမဲရေ လာဟေ့ အိပ်ဆောင်ပြန်ကြရအောင်"လို့ အသံပေးလိုက်တာနဲ့ ကိုရွှေငမဲက တစ်နေရာရာက ပေါ်လာတယ်။ ငြိမ့်ငြိမ့်လေး ပျံဝဲဆင်းလာပြီး မောင်ညိုရဲ့ ပခုံးပေါ်နားကာ လိုက်သွားပါလေရော။ အဲဒီမြင်ကွင်းလေးဟာ လနဲ့ နှစ်နဲ့ ချီပြီး ညနေစောင်းတိုင်း မြင်တွေ့နေကျ ကြည်နူးစရာ မြင်ကွင်းကလေးပါ။ ဒီလိုနဲ့ ငမဲဟာ ကျီးကန်းတွေနဲ့ မပေါင်းတော့ဘဲ လူတွေနဲ့ ပိုနီးစပ်လာရာက ကျွန်တော်တို့ အခန်းတွေထဲပါ တစ်ခန်းဝင်တစ်ခန်းထွင် ၀င်လာရဲတဲ့အထိ ကဲလာပါတယ်။ နေ့လယ်နေ့ခင်း သူ့မွေးစားအဖေ အလုပ်များနေချိန်မှာ သူက သရက်ကိုင်းတွေပေါ် လျှောက်သွားမနေတော့ဘဲ ကျွန်တော်တို့ အခန်းတွေထဲ လာလာလည်ပါတယ်။ သို့ပေမယ့် ဒီကောင်က အတော် ဘရုတ်ကျပါတယ်။ ကျွန်တော်တို့ အခန်းထဲက စားစရာထည့်တဲ့ ဘူးတွေ ခွက်တွေကို လှန်လှော မှောက်ခါပစ်တယ်။ မြေပဲဆံဘူးတို့ဘာတို့ ပွင့်ကျသွားရင် စားပစ်တယ်။ ကျွန်တော်ဆိုရင် သူလာတဲ့အချိန် တရားထိုင်နေတာနဲ့ တိုးလို့ကတော့ ပခုံးပေါ်တက်ပြီး နောက်စေ့ကို နှုတ်သီးနဲ့ ထိုးဆိတ်ခံရတော့တာပါပဲ။ ဆက်ပြီး ထိုင်လို့မရအောင် နှောင့်ယှက်တတ်ပါတယ်။ တစ်နေ့မှာတော့ ၁ ခန်းက ဆရာဦးဝင်းတင်က ၃ခန်းက ကျွန်တော့်ကို လှမ်းအော်ပြောတယ်။ ကိုဝံသရေ ငမဲဆိုတဲ့ကောင် ကျုပ်ကို ဒုက္ခပေးနေတယ်ဗျို့တဲ့။ ဘာဖြစ်တာလဲ ဆရာလို့ မေးတော့ ကြံကြံဖန်ဖန်ဗျာ၊ ဒီကောင် ထောင်ဝန်ထမ်းတွေရုံးခန်းက ဘောပင်တွေ စာရွက်တွေ ခိုးလာပြီး ကျွန်တော့် ကွပ်ပျစ်အောက်မှာ လာဖွက်ထားတယ်ဗျ၊ ဒီကောင် ထောက်လှမ်းရေး သူလျှိုလားမသိပါဘူးဗျာတဲ့။ ဆရာ အဲဒီကိစ္စ ဘယ်လို ဖြေရှင်းလိုက်လဲလို့ မေးတော့ ဟာ သူတို့ ရှာဖွေရေးဝင်မှတွေ့ရင် ပြသနာတွေ တက်ကုန်မှာဆိုတော့ ၀န်ထမ်းတွေကို ခေါ်ပြီး အပ်လိုက်ရတာပေါ့။ ငမဲလုပ်တယ်ဆိုတာ သူတို့ကလည်း သိတယ်။ တော်တော် ရှုပ်တဲ့ကောင် လို့ ပြန်ပြောပါတယ်။ ဆရာရယ် ငမဲက ဆရာ့ကို စာတွေ ရေးစေချင်တဲ့ စေတနာနဲ့ ဘောပင်တို့ စာရွက်တို့ ခိုးသွင်းပေးတာ ဖြစ်မှာပေါ့၊ ဒီကောင် ထောက်လှမ်းရေးသူလျှိုတော့ မဖြစ်နိုင်ပါဘူး။ ဖြစ်ချင်းဖြစ် ဒီမိုကရေစီဘက်တော်သားတွေထဲက တစ်ယောက်ယောက် ၀င်စားတာများလားလို့ ကျွန်တော်က လှမ်းပြောတော့ ဆရာက ကြံကြံဖန်ဖန်ဗျာလို့ ပြန်ပြောပါတယ်။

၂၀၀၁ မှာ ကျွန်တော် ပြန်လွတ်လာချိန်အထိ ငမဲ ရှိပါသေးတယ်။ နှစ်အတန်ကြာပြီးတော့ အထူးဆောင်က နောက်ပိုင်း လွတ်လာသူနိုင်ငံရေးအကျဉ်းသား တချို့နဲ့ စကားစပ်မိလို့ ငမဲအကြောင်း ကျွန်တော်က သတင်းမေးတဲ့အခါ သူ့ဇာတ်သိမ်းခန်းက ရုပ်ရှင်သဘောနဲ့ ဆိုရင် အလွမ်းဇာတ်ဖြစ်ပါလိမ့်မယ်။ အကျဉ်းသားမောင်ညိုဟာ နှစ်ကြီးသမားဆိုတော့ ရဲဘက်စခန်း မထွက်ရဘူး။ နောက်ပိုင်းမှာ လွတ်ရက်နှစ်နှစ်လောက်ပဲ ကျန်တဲ့အချိန်ကျတော့ မောင်ညို ရဲဘက်စခန်း ပါသွားတယ်။ သူက သူလွတ်ရင် ငမဲကို အိမ်ခေါ်သွားမယ်လို့ ပြောပြောနေတာ၊ ခုတော့ လွတ်တာမဟုတ်ဘဲ ရဲဘက်စခန်း ပါသွားတာဆိုတော့ ခေါ်လို့မရဘူးပေါ့။ ငမဲကို သူ့သူငယ်ချင်းတစ်ယောက်ဆီ အပ်ထားခဲ့တယ်တဲ့။ ဒါပေမယ့် သံယောဇဉ်ဆိုတာက ခက်သားကလား။ မောင်ညိုနဲ့ နှစ်ရှည်လများ သံယောဇဉ်တွယ်ခဲ့တဲ့ ငမဲဟာ မောင်ညို့သူငယ်ချင်းနဲ့ မနေဘဲ သရက်ပင်အောက်ခြေကိုင်းတွေမှာပဲ လိုက်နားနေတယ်၊ အထူးတိုက် နိုင်ငံရေးအကျဉ်းသားတွေဆီလဲ မလာတော့ဘူးတဲ့။ နောက်တော့ သရက်ကိုင်းတွေပေါ်မှာ သွားလာနေတာလဲ မတွေ့ရတော့ဘဲ ပျောက်သွားတယ်တဲ့။ အထူးဆောင်ဝင်းထဲကကို တစ်နေရာရာကို အပြီးတိုင် ထွက်သွားပုံရတယ်လို့ ကျွန်တော့်မိတ်ဆွေက ပြောပါတယ်။ မောင်ညိုနောက်ကိုများလိုက်ရှာဖိ

ု့ ထွက်သွားလေသလား ငမဲရယ်လို့ ကျွန်တော်က ပြောမိရင်း အလွမ်းဇာတ်သိမ်းလေးတစ်ခုအဖြစ် မှတ်ထားလိုက်ရပါတယ်။ ဇာဂနာရဲ့ ပထမ စာအုပ်ကို ဖတ်ရင်း အထူးတိုက်တုန်းက အတွေ့အကြုံလေးတစ်ခုကို ပြန်သတိရမိလို့ သည်စာကို ရေးဖြစ်သွားပါတယ်။

၂၃၊ ၁၂၊ ၂၀၁၂

maungwuntha@gmail.com

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.