Sunday, October 16, 2011

0 အကျွတ်အလွတ် ဆွမ်းလောင်းပွဲ


အကျွတ်အလွတ် ဆွမ်းလောင်းပွဲ

နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများသည် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက် ဆရာတော်ကြီး၏ အကျွတ်အလွတ် အဓိဋ္ဌာန်ကျင့်စဉ်အား ၄.၁၀.၂၀၁၁ ရက်နေ့မှ ၁၂.၁၀.၂၀၁၁ သီတင်းကျွတ်လပြည့်နေ့အထိ (၉) ရက်တိုင်တိုင် အားထုတ်ကျင့်ကြံမှုများ ကျင်းပပြီးစီးသွားပြီဖြစ်ပါ၍ ၁၄.၁၀.၂၀၁၁ သောကြာနေ့ ညနေ (၆း၀၀) နာရီအချိန်တွင် ပြည်မြို့မှ ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တ သောမစာရ ကိုယ်တိုင်ကြွရောက်လာပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ညအိပ် သီတင်းသုံးကာ ၁၅.၁၀.၂၀၁၁ စနေနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် မြတ်စွာဘုရားရှင်အား ရည်စူး၍ သစ်သီး၊ ရေချမ်း၊ ဆီမီး၊ ပန်း၊ နံ့သာတို့ဖြင့် ပူဇော် ဆက်ကပ်ကာ အရပ် (၁၀) မျက်နှာတို့အား မေတ္တာပို့သခြင်းကို ပြုလုပ်ပြီးနောက် ရွှေပေါက်ပင် ဆရာတော်ကြီးအား အာရုံဆွမ်းဆက်ကပ်ခဲ့သည်။

နံနက် (၈း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နိဗ္ဗာန်မော်တော်ယာဉ် များအား အန္တရာယ်ကင်း မေတ္တာပို့ဆုတောင်းခြင်းကို ပြုလုပ်ပေးကာ ရွှေပေါက်ပင်ဆရာတော်ကြီး အား အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြသော လူနာများ၊ လူနာရှင်များနှင့် ဆရာတော်ကြီး၏ တပည့် ဒါယကာ ဒါယကာမများမှ သက်သတ်လွတ် အကျွတ်အလွတ် ဆွမ်းလောင်းလှူပွဲအား စည်ကားစွာကျင်းပခဲ့သည်။ လောင်းလှူထားသော သက်သတ်လွတ် ဆွမ်းများအား ဆရာတော်ကြီးမှ မြတ်စွာဘုရားရှင်အား ဆက်ကပ်လှူဒါန်းပြီး နောက် ဆရာတော်ကြီးအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ကို ဆရာတော်ကြီးမှ သက်သတ်လွတ် ဆွမ်းပေါင်းဖြင့် ကိုယ်တိုင်ခူးခတ် ကာ ကျွေးမွေးခြင်းနှင့် လှူဒါန်းထားသော သစ်သီးများ၊ မုန့်များတို့အား အန္တရာယ်ကင်း ကုသိုလ်ဖြစ် တဆင့် ပြန်လည်ဝေငှခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ယခုကဲ့သို့ ကုသိုလ်ကောင်းမှုပွဲတော်များ၊ အခမ်း အနားများ၊ စာပေဟောပြောပွဲများ၊ ဂုဏ်ပြုပွဲများ စသည့် လှုပ်ရှားမှုတိုင်းတွင် လုပ်အားပေး အသင်းသူ/သားများ၊ ၀န်ထမ်းများမှ မခိုမကပ် အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာ လာရောက် ပေးဆပ်မှုများသည် လူမှုရေး ပရဟိတလောကအတွက် အလားအလာ ကောင်းသော၊ မင်္ဂလာရှိသော အတိတ်နိမိတ်များပင် ဖြစ်တော့သည်။

ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.