Sunday, October 16, 2011

0 လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ကြေမွသွားသော အိပ်မက်များ (အပိုင်း- ၁) -
ရေးသူ-ထွန်းအောင်ကျော်



အချိန်က ၁၉၈၀- နေရာ- အင်းစိန်ထောင်။

ထွန်းအောင်ကျော်တယောက် နေမကောင်းသဖြင့် ဆေးရုံတက်နေရသော ငယ်သူငယ်ချင်း ရဲမြင့်သိန်းရှိရာ ထောင်ဆေးရုံသို့ ထွက်လာခဲ့သည်။ အချိန်က နေ့လည်ခန့်တော့ ရှိပေလိမ့်မည်။

ရဲမြင့်သိန်းကို ကုတင်ပေါ်တွင် ပက်လက်တွေ့လိုက်ရသည်။ “သူငယ်ချင်း စိတ်မလျော့နဲ့၊ ငါတို့ ငါးနှစ်ပြည့်ရင် လွှတ်မယ်လို့ ငါပြောထားတယ် မဟုတ်လား၊ ငါးနှစ်ပြည့်ခါနီးပြီ” ဟု အားပေးတော့ ရဲမြင့်က ပြုံးပြီး “မင်း ဒီလိုဘဲ ပြောနေတာဘဲ လွတ်မယ်မထင်ပါဘူးကွာ” လို့ အားလျော့သံနဲ့ ပြောသည်။

“အေးပါကွာ စိတ်မလျော့ပါနဲ့ လွတ်မှာပါ၊ တကယ်ပါကွ၊ ယုံလိုက်စမ်းပါ” ဟု သူငယ်ချင်းကို အားပေးမိသည်။ ထို့နောက် အခန်းထဲမှ ထွက်လာပြီး ဆေးရုံဝင်း ထွက်ပေါက်သို့ လှမ်းလာခဲ့သည်။ ရင်ထဲတွင် သူငယ်ချင်းအတွက် စိတ်မကောင်း၊ မသေနိုင်ပါဘူးဟု အားပေးမိသည်။

“ကိုထွန်းအောင်ကျော်! ကိုထွန်းအောင်ကျော်! ဆေးမှူးကိုဘသန်းက လှမ်းခေါ်သည်။ လှည့်ကြည့်လိုက်တော့ သူ့ဆေးခန်း ပြူတင်းပေါက်မှ လက်ယပ်ခေါ်နေသည်။” “မြန်မြန်မာလာဗျို့ ခင်ဗျားတို့အတွက် သတင်းပါတယ်” ဟု အော်ပြောသဖြင့် ပြေးသွားမိသည်။

“နားထောင် နားထောင်” ဟု ကိုဘသန်းက ပြောသည်။ သူ့မျက်နှာတွင် ဝမ်းသာနေသည့် အသွင်ကို ဆောင်နေသည်။ ထွန်းအောင်ကျော် ရေဒီယိုမှ ပြောသံကို နားစိုက်ထောင်လိုက်သည်။ “နိုင်ငံတော် အစိုးရမှ ယနေ့မှ စ၍ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။ ထုတ်ပြန်ချက် ၂/ ၈၀ အရ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီး ရာဇဝတ်အကျဉ်းသားများကို ၃ ပုံ ၂ ပုံ လျော့ရက်ပေးလိုက်သည်” ဆိုသည့် အသံသည် ထွန်းအောင်ကျော် နားတွင်းသို့ သကာရည်အလား ချိုမြစွာ စီးဆင်းလို့ သွားသည်။ ကိုဘသန်းကို ကျေးဇူးတင်စကား ကမန်းကတန်းပြောပြီး ရဲမြင့်ရှိရာ လူနာဆောင်သို့ ဒုန်းစိုင်းပြေးလာခဲ့သည်၊ ပျော်လိုက်သည့် ဖြစ်ခြင်း။ “ငါတို့ လွတ်ပြီကွ၊ ငါတို့လွတ်ပြီ” ဟု ရင်တွင်းမှ လှိုက်လှဲစွာ မြည်ဟိန်းနေခဲ့သည်။ ရဲမြင့်ကုတင်ရှေ့ရောက်တော့

“ဟေ့ကောင် ကုလားမ ငါတို့ လွတ်ပြီကွ၊ ငါမပြောလား၊ ငါတို့ ငါးနှစ် မနေရပါဘူးလို့” ဟု ဝမ်းသာအားရ ပြောမိသည်။ ရဲမြင့်က မချိုမချဉ် ပြုံးပြီး “ငါတော့ မပျော်ဘူးကွာ” ဟု ဆိုသည်။ “ဘာလို့တုန်းကွ” ဟု မေးတော့ “ငါအသဲရောင်နေတော့ လွတ်ရင် အရက်သောက်လို့ ရမှာ မဟုတ်ဘူး” ဟု ညဉ်းပြသည်။

“ခွေးမသား အရေးထဲ အရက်မသောက်ရမှာ စိတ်ညစ်နေရသေးတယ်” ပြောပြောဆိုဆို သူငယ်ချင်းနှစ်ယောက် ပျော်မြူးနေကြသည်။ ထိုနောက် ရဲမြင့်ကို ထားခဲ့ပြီး (၃) ဆောင်သို့ ပြန်ပြေးသည်။ ဟိုရောက်တော့ ရဲဘော်တွေအားလုံးကို ကြားခဲ့သည်ကို အော်ဟစ်ပြောဆိုရင်း အားလုံး တဝုန်းဝုန်းနှင့် ဖြစ်ကုန်ကြသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ကသူက ကသည်၊ ဂျွမ်းထိုးသူက ထိုးသည်။ အပျော်ဆုံးနေ့ဆိုသည်က ဒီလိုနေ့ပါဘဲဟု ဆိုရမလိုပင် ဖြစ်သည်။

ရှင်လိင်ပြန်သောနေ့၊ အိမ်ထောင်ကျသောနေ့၊ ထောင်မှလွတ်သောနေ့ဆိုသည့် နေ့သုံးနေ့သည် အပျော်ဆုံးနေ့များ ဖြစ်သည်ဟု ဆိုကြသည်။ ယနေ့ မြန်မာပြည်တွင် ကိုရင်များ ရှင်လိင်ပြန်သောနေ့သည် အပျော်ဆုံးနေ့အဖြစ် မသတ်မှတ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ကိုရင်ဝတ်ခြင်းသည် ဟိုရှေးယခင်က ကိုရင်ဝတ်ပုံ အကွာခြားကြီးကွာခြားလို့ နေခဲ့ပြီဖြစ်သည်။

ရှေးခေတ်က ကိုရင်ဝတ်လျင် မိဘက ဥပဇ္ဇာယ်ဆရာတော်ထံ အပ်ရသည်၊ ဆရာတော်က “ဒီကိုရင်ဟာ သာသနာပိုင်သွားပြီ မင်းတို့နှင့် မဆိုင်တော့” ဟု ပြောလွှတ်လိုက်သည်။ မိဘကလည်း ဆရာတော့်ကို အပြီးအပ်ပြီး ဆရာတော် သဘောဟု လက်ခံရသည်။ လက်မခံသော မိဘ၏ သားသမီးကို ဆရာတော်က ကိုရင်စည်းမပေး။ ထို့ကြောင့် ထိုခေတ်က ကိုရင်ဘဝရောက်သည်နှင့် မိဘက လာရောက်လှူဒါန်းကူညီခြင်းမှ အပ အစစအရာရာ ဆရာတော်ကသာ ကိုရင်များကိုပိုင်သည်။ ကိုရင်တွေ သာသနာမှာ မပျော်ပိုက်ဘဲ မိဘထံ ဘယ်လောက်ပြန်ချင်ပြန်ချင် ဆရာတော်က ဟင့်အင်းဆိုလျှင် မပြန်နိုင်ကြ၊ ကြိတ်ငိုသူငို၊ မိဘများကို ကြိတ်ပြီး ဆရာတော်ကို လျှောက်ပေးပါဟု ပူဆာသူက ပူဆာ။ ဆရာတော်က ခွင့်မပြုလျှင် မိဘလည်း မတတ်နိုင်ကြ။

ဆရာတော်က အေး မင်းတို့ သဂြိုဟ်၊ ပရိတ်ကြီး၊ ကိန်းဂဏန်း ဒူးဂဏန်း အကုန်ရအောင်ကျက်၊ ရတဲ့ ကိုရင်ကို ပြန်ခွင့်ပြုမယ်ဆိုလျှင် ကိုရင်ကြီးငယ်မဟူ ဖင်ဗူးတောင်းထောင်၍ သဂြိုဟ် ၉ ပိုင်း၊ ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌာန်း အကျဉ်းအကျယ်၊ မေတ္တာပို့စသည်တို့ကို သူ့အရွယ်အလိုက် ဆရာတော်က ချပေးသမျှကို ကျက်ကြရသည်။ ထိုအထဲတွင် ဆရာတော်က ကြေနပ်သည့် အဆင့်ရောက်လာသော ကိုရင်ကို လူထွက်ချင်ပါက ထွက်ခွင့်ပြုသည်။ လူထွက်ခွင့်ရသော ကိုရင်သည် ဂျွမ်းသုံးလေးပြန် ထိုးသည့် အထိ အလွန်ပျော်သည်။ မထွက်ရသော ကိုရင်တို့က ငိုယို၍ ကျန်ရစ်သည်။ ထို့ကြောင့်ခလေးဘဝ ရှင်လိင်ပြန်သောနေ့သည် အပျော်ဆုံးနေ့တနေ့ဟု ဆိုခြင်းဖြစ်သည်။

ယ္ခုခေတ်တွင်မူ ဘုန်းကြီးကျောင်းသွား လှူဘွယ်ပစ္စည်းပစ္စယပေးလျှင် ဘုန်းကြီးက ချက်ချင်းဆံချ သင်္ကန်းတောင်းလိုက်ဆိုခိုင်းပြီး ကိုရင်ဝတ်ပေးလိုက်သည်။ ကိုရင်တွေ ဘာဘာညာညာ သိပ်မသင်ရ (၇) ရက် ပြည့်သည်နှင့် သင်္ကန်းချွတ်ပြီး မိဘထံပြန်လိုက်သွားကြသည်။ လူထွက်ရာ၌ ဘာခက်ခဲမှုမျှမရှိ။ လွယ်လိုက်သည့်ဖြစ်ခြင်း။ ရှေးစံနစ်သည် ဗုဒ္ဓဘာသာကို ပိုမိုခိုင်မြဲစေသည်။ ဘာသာတရားနှင့် သံဃာတော်တို့ကို ပိုမိုတန်ဘိုးထား လေးစားစေသည်။ ကိုရင်လွယ်လွယ်ဝတ်၍ မရသလို လွယ်လွယ်ထွက်၍လည်း မရချေ။ ဝတ်ချင်လျှင် သာသနာပိုင်အဖြစ်ပေးပါသည်ဟု မိဘက သဘောတူရသည်။ မဝတ်ခင် သင်္ကန်းတောင်းကို အလွတ်ကျက်ရသည်။ မရလျှင် သင်္ကန်းစည်းမပေးဘဲ ရသည်အထိ ကျက်ရသည်။ ယနေ့ခေတ် လွယ်လွယ်ဝတ်၊ လွယ်လွယ်ထွက် စံနစ်ဖြင့်သဖြင့် တန်ဘိုးကျသည်။ သာသနာညှိုးနွမ်းလာသည်။ သံဃာတော်များကို ရိုသေရမှန်း အလေးအနက်ထားရမှန်း မသိသည့် ခေတ်ဖြစ်လာခဲ့သည်။

အိမ်ထောင်ကျသော အခါတွင်လည်း ရှေးက သမီးရှင်ထံ သုံးနှစ်သုံးမိုး ကျွန်ခံပြီး အလုပ်လုပ်ရသည်။ သုံးနှစ်ပြည့်မှ ကြိုက်နှစ်သက်သူနှင့် အိမ်ထောင်ပြုခွင့်ရသည်။ ထို့အတွက် အိမ်ထောင်ကျသည့်နေ့သည် အထူးပျော်ရွှင်ရသောနေ့ပင် ဖြစ်သည်မှာ အံ့သြစရာမဟုတ်ချေ။ ယနေ့ အိမ်ထောင်မကျခင်ကတည်းက Living Together အတူ အိပ်နေကြပြီ၊ ခေတ်မှီနေကြပြီ၊ တခါတရံ လက်မထက်ဘဲ ထိုအတိုင်း နှစ်နှင့်ချီပြီး နေနေကြသဖြင့် လက်ထပ်သောအခါတွင် ထူးဆန်းထွေလာ စိတ်လှုပ်ရှား ရှိမနေတော့ချေ။ လွယ်လွယ်ရနေသဖြင့် တန်ဘိုးထားမှု ကျဆင်းလာခဲ့ရသည်။

ထောင်ကလွတ်တဲ့နေ့သည် အလွန်ပျော်စရာကောင်းမည် အမှန်ဖြစ်သည်။ ဒီမိုကရေစီစံနစ်ကျင့်သုံးသော နိုင်ငံတခုတွင် ထောင်မှ လွတ်သောသူသည် အပြစ်ဒါဏ်ခံပြီးသူ ဖြစ်သဖြင့် သူ့အတွက် ရာဇဝတ်ပြစ်မှု ထပ်ပြီးမကျူးလွန်ပါက ဘာမျှ စိုးရိမ်ကြောင့်ကျစရာမရှိပေ။ လွတ်လွတ်ကျွတ်ကျွတ် ပျော်စရာပင်ဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီစံနစ် ဆိတ်သုဉ်းနေသော နိုင်ငံများတွင်မူ ထောင်မှလွတ်သော်လည်း တရားဥပေဒ စိုးမိုးမှု မရှိသဖြင့် လုံခြုံမှု မရှိနိုင် လွတ်ပင် လွတ်ငြားသော်လည်း ကျီးလန့်စာစားနေရသော ဘဝပင်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းများဘဝသည် အာဏာရှင်နိုင်ငံများလက်အောက်တွင် လုံခြုံမှု ကင်းမဲ့နေသဖြင့် ထောင်မှ လွတ်သော်ငြားလည်း ဖိနှိပ်မှု စံနစ် ထောင်တွင်း၌ ဆက်လက်နေထိုင်မြဲ နေထိုင်ကြရသဖြင့် ပျော်သင့်သလောက် ပျော်ရွှင်မှု မရရှိနိုင်ချေ။

အပျော်ဆုံး နေ့သုံးနေ့အကြောင်း ရှင်းပြနေရသဖြင့် ကျွန်တော့်၏ ဇါတ်လမ်းလေး ရပ်နေသည်ကို ပြန်ဆက်ပါဦးမည်။ (၃) ဆောင်ဝင်းအတွင်း ကျွန်တော်တို့ ပျော်ရွှင်စွာ အောင်ပွဲခံနေစဉ် ထောင်ပိုင်ထောင်မှူးတို့မှ လူစာရင်းများကို စစ်ဆေးလာပါလာသည်။ ထို့နောက် အလုပ်သမားအရေးအခင်းမှ ပါလာသော အလုပ်သမားခေါင်းဆောင်များ၊ ထို့နောက် နှစ်အနည်းငယ်သာ ကျသော နိုင်ငံရေးသမားများ၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သည့်အမှုဖြင့် ကျနေသော မီးမောင်းအဖွဲ့သားများ၊ စာစောင်ထုတ်ဝေမှု၊ ကဗျာထုတ်ဝေမှု စသည်ဖြင့် ကျနေသော နိုင်ငံရေး အကျဉ်းသားများကို ၃ ပုံ ၂ ပုံ လျော့၍ တွက်ချက်ပြီး ၃ ပုံ တပုံ နေသားရှိပါက ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ပြီး ထောင်မှ စတင်လွှတ်ပေးပါသည်။ ကျွန်တော်တို့ ရှေ့တွင် သူငယ်ချင်းများ ဦးသန့်၊ ဂျွန်၊ မှိုင်းအရေးအခင်းမှ ရဲဘော်များ တသုတ်ပြီး တသုတ် ထွက်သွားကြသည်။ တချို့က ကျန်ရစ်သူ ကျွန်တော်တို့ကို မျက်ရည်လည်လည်နှင့် နှုတ်ဆက်ပြီး စိတ်မကောင်းကြောင်းပြောသွားကြသည်။

ထိုသူများ တသုတ်ပြီး တသုတ် ထွက်သွားသော်လည်း ကျွန်တော်တို့ တသိုက်မှာမူ မလွတ်ဘဲ ကျန်နေသည်။ တရက်ပြီး တရက်၊ တသုတ်ပြီး တသုတ် လွှတ်နေသည်။ နိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ် သားများအားလုံးကိုရောပြီးလွှတ်သည်။ နိုင်ငံရေးအကျဉ်းသားများကို နေ့ဖက်တွင် လွှတ်သည်က နည်းပြီး ညဖက်တွင် လွှတ်သည်ကများသည်။ ဒီလိုနဲ့ တပတ်ဖြစ်လာတော့ ကျွန်တော်ထွန်းအောင်ကျော်စတင် ပေါက်ကွဲလာသည်။ ကိုယ့်ဟာကိုယ် စိတ်ဒုန်းဒုန်းချပြီး နေနေတာ အကောင်းသား၊ ဒီလွတ်ငြိမ်းချမ်းသာ ခွင့်ဆိုတာကြီး ပေါ်လာမှ နဂို ဒုန်းဒုန်းချပြီးသား စိတ် အနယ်ထလာသည်။ လွှတ်သည်ပြောသည့်အတွက် လွတ်ပြီဟူသော အသိကြောင့် လူက လွတ်ချင်လာသည်။ သို့ရာတွင် တကယ်တမ်း မလွတ်ဘဲ ဖြစ်နေသည့်အခါ ထိုစိတ်ဆင်းရဲမှုမျိုးသည် ခံစားဘူးသူများမှ ကိုယ်ချင်းစာနိုင်ပါလိမ့်မည်ဟု ပြောပါရစေ။

စိတ်အချဉ်ပေါက်ပေါက်နှင့် မိန်းဂျေး (Main Jail) ကို ဖြတ်ပြီး ကြိုးတိုက်ထဲဝင်သည်။ ယ္ခင်က ဝင်မရ၊ မိန်းဂျေး ဖြတ်လျှင် သွားခွင့်ရမှဖြစ်သည်။ ယခုတော့ ထွန်းအောင်ကျော်နှင့် ရဲမြင့်သိန်းတို့ ခတ်တည်တည် မိန်းဂျေးဖြတ်သည်။ ဝါဒါတွေက မပြောရဲဖြစ်နေသည်။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ဖြစ်မည်ထင်သည်။ ကြိုးတိုက်ထဲတွင်သေဒါဏ်ကျနေသော မန်းငွေအောင်၊ မန်းဒါဝိတ်၊ ဦးထိန်လင်း (ရခိုင်လူမျိုး)၊ဆရာတော် ဦးလာဘ၊ ဖေါက်ခွဲရေးသမား ဇော်မြင့်၊ ဇေယျ ၊သူရတို့နှင့် တွေ့သည့် နိုင်ငံရေးသမားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မလွှတ်သည့်အတွက် မဆလအစိုးရ ကတိမတည် လိမ်သည်၊ ထို့ကြောင့် ဆန္ဒပြမည်ဟု ညှိသည်။ အားလုံးက သဘောတူသည်။ ထို့နောက် အချုပ်ကျနေသည့် အချုပ်ခံ နိုင်ငံရေးသမားများကို ၃ ဆောင်အပေါ် (၁) နှင့် အပေါ် (၄) ခန်းတွင် ဝင်ရောက် ဆွေးနွေးသည်။ သူတို့ကလည်း ပါမည်ဟု ဆိုသည်။ အချုပ်သားများသည်ထောင်ကျများလိုအပြင်ထွက်ခွင့်မရ။ နောက်တနေ့ ကြိုးတိုက်သို့ တခေါက်သွားသည်။ အားလုံးနှင့် နှုတ်ဆက်ပြီးအပြန်တွင် ဦးထိန်လင်းက ထွန်းအောင်ကျော်ကို တိုးတိုးကပ်ပြောသည်။ မန်းငွေအောင်ကို မယုံနှင့်ဟုဆိုသည်။ ကြိုးတိုက်တွင် ထွန်းအောင်ကျော် မရှိခိုက် မန်းငွေအောင်က ဆန္ဒပြမှုတွင် မပါရန်ပြောသည်။ အကယ်၍ အောင်မြင်လျှင် နောက်မှဝင်ပါရန်နှင့် မအောင်မြင်လျှင် သူဖာသာသူခံပလေ့စေဟု ပြောခြင်းကို ဦးထိန်းလင်း မကြိုက် လက်မခံ။ သူ့ကို ရာထားသူ လုံးဝပါမည်ဟု ကတိပေးသည်။ စည်းလုံးရမည့်အချိန်တွင် ဤကဲ့သို့ စိတ်ထားသူများရှိသေးသလားဟု ထွန်းအောင်ကျော် အံ့သြမိသည်။

နောက်တနေ့ မနက်ပိုင်းတွင် (၃) ဆောင်၌ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်သွားသဖြင့် ထွန်းအောင်ကျော်တို့ လူနည်းစုသာ ကျန်သည်။ ထို့နောက်ညအချိန်တွင် (၃) ဆောင်တခုလုံးကို (၅) ဆောင်သို့ ညတွင်းပြောင်းခိုင်းသဖြင့် အထုတ်အပိုးကိုယ်စီဖြင့် ပြောင်းခဲ့ကြရသည်။

ထွန်းအောင်ကျော်တို့ (၅) ဆောင်ရောက်ပြီးနောက် သူတို့အုပ်စုကို ချန်၍ (၃) ဆောင်မှ ပြောင်းလိုက်လာသူ ရာဇဝတ်သားများကိုရာဇဝတ်သားများအားလုံးကို (၃) ဆောင်သို့ ပြန်ခေါ်သွားသည်။ “အော်၊ ငါတို့ ထောင်ဆူမှာ ဒီလောက်တောင် ကြောက်ကြပါလား” ဟု ပြုံးမိသည်။ ထောင်ထဲတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက် ရက်ပေါင်း ၁၆ ရက်ခန့်နေပြီးမှ ည ၉ နာရီခန့်တွင် ထွန်းအောင်ကျော်တို့ တသက်တကျွန်း၊ နှင့်သေဒါဏ် ကျနေသည့်နှစ်ကြီးသမားများကို ဗူးဝသို့ ခေါ်ထုတ်ပြီး လူစစ်ဆေးခြင်း၊ လက်ဗွေနှိပ်ခြင်း၊ စသည်တို့ကို ပြုလုပ်လာပြီး ည ၁၂ နာရီခန့်တွင် အချုပ်ကားကြီးများပေါ် အသုတ်လိုက်တင်ပြီး လွှတ်လိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မလွတ်ခင် (၁၆) ရက် နေထိုင်ခဲ့ရသည့် ကာလသည် နေသား ၅ နှစ်ခန့် နေထိုင်ခဲ့သည့် ကာလထက်များစွာ စိတ်ဆင်းရဲခံစားမှု အပြင်းထန်ဆုံးကာလအဖြစ် ရင်ထဲတွင် နာနာကျင်ကျင် အမာရွတ်ထင်ကျန်ရစ်ခဲ့သည်။ ကျေးဇူးတင်ခံရမည့်အစား မဆလအစိုးရ လုပ်ရပ်သည် နာကျည်းမှုကို တိုးပွားစေခဲ့သည်။

ထောင်တွင်း၌ မလွတ်သဖြင့် ဒေါသပေါက်ကွဲနေကြသလို ထောင်ပြင် မြင်ကွင်းသည်လည်း ကြေကွဲစရာ အတိဖြင့် ပြည့်နေခဲ့သည်ကို ထောင်တွင်းရှိ ထွန်းအောင်ကျော်တို့ တသိုက်က မသိရှိခဲ့ကြချေ။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် ထောင်ပြင်တွင် နိုင်ငံရေးအကျဉ်းသား မိသားစုများ နေ့မဆိုင်း ရောက်ချလာကြသည်။ ထိုအထဲတွင် ထွန်းအောင်ကျော်နှင့် ရဲမြင့်သိန်းတို့၏ အမေများဖြစ်သော ဒေါ်ကြင်နှင့် ဒေါ်မမလေးတို့လည်း ပါသည်။ ထောင်ပိုင်ကို ဒေါ်ကြင်က ဝင်မေးသည်။ ထောင်ပိုင်က မလွတ်သေးဘူးဟု ပြောသည်။ အထက်အမိန့်မရသေးကြောင်း ကောင်းမွန်စွာ ပြောပြသဖြင့် ပြန်ခဲ့ကြသည်။ သည်လိုနှင့် နေ့တိုင်း မနက်ဆိုလျှင် ကားမောင်ပြီး ဒေါ်မမလေးအိမ်ဝင်ခေါ်ပြီး အမေနှစ်ယောက်သား ဇောနှင့် ထောင်ဗူးဝသို့ ထမင်းချိုင့် ဆွဲပြီးလာစောင့်သည်။ တရက်မှ နှစ်ရက်၊ နှစ်ရက်မှ သုံးရက်ကြာလာသည်။ လွတ်လာသူများကို လိုက်မေးသည်။ ထောင်ဝင်စာတွေ့စဉ် မျက်မှန်းတန်းမိသော သားသူငယ်ချင်းများတွေ့လျှင် လိုက်မေးသည်။ ယခင်နိုင်ငံရေး အကျဉ်းသားဟောင်းများကလည်း လာကြိုကြသည်။ သူတို့ကလည်း ဒေါ်ကြင်တို့ကို အားပေးသည်။ သို့ရာတွင် သားတို့က လွတ်မလာ။ ညနေပိုင်း ဝါဒက ဒီနေ့ ပြီးပြီ။ မလွတ်တော့ အိမ်ပြန်ကြပါ ပြောမှ ပြန်ခဲ့ကြသည်။ အိမ်ရောက်တော့ ယောက်ျားဖြစ်သူကို ပြောပြီး “ကျုပ်သားလေးတော့ မလွတ်တော့ဘူးလား မသိဘူးတော်”ဟု ဆိုပြီး မျက်ရည်ကျသည်။ သားချစ်သော မိခင်တို့ မျက်ရည်သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အခါ ပို၍ ကျခဲ့ရသည်။ ပို၍ ဝမ်းနည်းခဲ့ရသည်။ လွတ်လာသူများကိုကြည့်ပြီး မိမိသားသမီးပါမလာသဖြင့် ပို၍ ကြေကွဲခဲ့ကြရသည်။ ဤကဲ့သို့ ဒုက္ခကို အုပ်ချုပ်သူလူတန်းစားများ ကိုယ်ချင်းစာတတ်ကြမည်မဟုတ်။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့်အစကနဦးပေါက်ဖွါးလာခဲ့သောလှပအိပ်မက်များထိုရက်ပိုင်းအတွင်းကြေမွ ပျက် စီးလို့သွားခဲ့ပါပြီ၊ နှလုံးသားတွင်လည်းနာကျဉ်းမှုဒါဏ်ရာအမာရွတ်တို့ကထပ်ဆင့်နေရာယူခဲ့ပြီဖြစ်သည်။

အော်လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာလူတချို့ကရီစရာလုပ်ကွက်အဖြစ်ကစားလိုက်သော်လည်းယုံကြည်ချက် ကြောင့်အကျဉ်းကျနေသူ နိုင်ငံရေးသမားများနှင့် မလွတ်သူများအဖို့ အိပ်မက်ဘုံလေးယုတ်မာရက်စက် သောမုန်တိုင်းဒါဏ်ကြောင့်ကြေမွပျက်စီးသွားခဲ့သလိုပင်။

ထွန်းအောင်ကျော် (အောက်တိုဘာလ၊ ၁၅ရက်၊ ၂၀၁၁ခုနှစ်)

ဒုတိယပိုင်းရေးနေပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.