Saturday, October 22, 2011

0 အလှည့်ကျ ဥက္ကဌရာထူး မြန်မာ ရယူမည့်ကိစ္စ ဆုံးဖြတ်ချက် မချမှတ်သေးရန် အာဆီယံကို တိုက်တွန်း

(The Jakarta Post သတင်းစာမှ၊ 19 Oct 2011 ရက်စွဲပါ "RI told to delay ASEAN decision on Myanmar chair bid ကို yangonchronicle 2011ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးတွင် စစ်မှန်သော တိုးတက်ဖြစ်ထွန်းမှုများ မဖော်ပြနိုင်သေးသရွေ့ ၂၀၁၄ ခုနှစ်၊ အလှည့်ကျ အာဆီယံ ဥက္ကဌရာထူး ရရှိရေးအတွက် သဘောတူညီမှု ပြုမည့်အရေးကိစ္စအား အချိန်ဆွဲ ထားသင့်ကြောင်း မြန်မာ့အရေးအာဆီယံ ပါလီမန်များအဖွဲ့(AIPMC) ကလက်ရှိ ဥက္ကဌရာထူး ရယူထားသည့် အင်ဒိုနီးရှားနိုင်ငံအား တိုက်တွန်းပြောဆိုလိုက်သည်။

လေ့လာစောင့်ကြည့်သူများနှင့် အာဆီယံအရေးတွင် ပါဝင်ပတ်သက်နေသူများက လာမည့်နိုဝင်ဘာလ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ်၊ အာဆီယံ ဥက္ကဌရာထူး မြန်မာနိုင်ငံ လွှဲပြောင်းရယူမည့်ကိစ္စအပေါ် အာဆီယံ အဖွဲ့ဝင်ခေါင်းဆောင်များက သဘောတူ ခွင့်ပြုကြလိမ့်မည်ဖြစ်သည်ဟု ထင်မြင်ချက်ပေး ပြောဆိုလျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ AIPMC က မြန်မာ လူ့အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် Burma Partnership အဖွဲ့မှ အဆိုပြုချက်ကို ထောက်ခံကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်လာရန် အားပေးအားမြှောက် ပြုသည့် အနေဖြင့် အင်ဒိုနီးရှားနိုင်ငံက တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း တိုက်တွန်းပြောဆိုသည်။

"AIPMC နဲ့ အင်ဒိုနီးရှားအောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မရှင်အနေနဲ့ လာမယ့် အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေ မြန်မာနိုင်ငံ ဥက္ကဌ ရာထူးရယူမယ့်ကိစ္စကို မဆုံးဖြတ်သေးဘဲ အချိန်စောင့်ဆိုင်းအောင် ပြောဆိုစည်းရုံးပေးဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာ လီဂါဝါကို ပြောဆိုသွားမှာဖြစ်ပါတယ်" ဟု AIPMC မှ အမှုဆောင်ဒါရိုက်တာ Agung Putri Astrid ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလှုပ်ရှားမှုများ ဖြစ်ပေါ်လျက် ရှိဆဲပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခံရသော သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဒီမိုကရေစီရေးအတွက် သိသာထင်ရှားသော တိုးတက်ဖြစ်ထွန်းမှုများ ထုတ်ဖော်နိုင်ခြင်းမရှိသေးကြောင်း Burma Partnership အဖွဲ့မှ Coordinator ဖြစ်သူ ခင်ဥမ္မာက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မြန်မာနိုင်ငံတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေဖြင့် တိုးတက် ဖွံ့ဖြိုးမှုများရှိလာအောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ လတ်တလော နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော်ကို လွှတ်ပေးလိုက်ခြင်းမှာလည်း အာဆီယံနှင့် အခြားကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှုကို ရယူနိုင်ရန် မည်ကာမတ်တ သဘောဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ခင်ဥမ္မာကဆိုသည်။

"မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစနစ် ကောင်းမွန်စွာ ပေါ်ထွန်းလာရေးအတွက် ကြိုးကြိုးစားစား လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားမှာ စစ်မှန်တဲ့ အာဏာရရှိထားတဲ့သူက သမ္မတဦးသိန်းစိန်မဟုတ်ပါဘူး။ ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အခြားစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး အဖွဲ့ဝင်ရှစ်ဦးပါဝင်တဲ့ အမျိုးသားလုံခြုံရေး ကောင်စီရဲ့ လက်ထဲမှာရှိလို့ပါ" ဟု ၎င်းကပြောသည်။

"အစိုးရက အကျဉ်းသား ၁၈၀၀ ကျော်ကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ကချင်၊ ကရင် အစရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေ အပေါ် အကြမ်းဖက်မှုတွေကိုလည်း ရပ်တန့်ပေးရပါမယ်" ဟု ၎င်းကပြောသည်။

အင်ဒိုနီးရှား ဒီမိုကရေစီလှုပ်ရှားရေးပါတီမှ ဥပဒေပြုအမတ်တစ်ဦးဖြစ်ပြီး AIPMC အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော Eva Kusuma Sundari က ဥက္ကဌရာထူး လွှဲပြောင်းရေး ဆုံးဖြတ်ချက်မပြုလုပ်သေးဘဲ အချိန်ရွှေ့ဆိုင်းခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး များကို အမှန်တကယ်လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြသရန် အချိန် ၂ နှစ် ရရှိမည် ဖြစ်သလို အာဆီယံအနေဖြင့်လည်း တိုးတက်ဖြစ်ထွန်းမှုများကို ကောင်းစွာ အကဲဖြတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတစ်ရပ်အမှတ်တကယ်ပေါ်ထွန်းနေပါတယ်ဆိုတဲ့အချက်ကို အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို ရိုးရှင်းစွာ ထုတ်ဖော်ပြသဖို့ အချိန်ပေးသင့်တယ်လို့ထင်ပါတယ်" ဟု မစ္စ Eva Kusuma က ဆက်လက်ပြောဆိုသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ကာ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းမှုများကို အကဲဖြတ်သည့်အခါတွင် တိုင်းရင်းသား ခေါင်းဆောင်များအပါအဝင် အခြား Stakeholder များ အားလုံးနှင့် တွေ့ဆုံသင့်ကြောင်း ၎င်းကဆိုသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.