Tuesday, October 18, 2011

0 မင်းကိုနိုင် အောင်မြင်ပါစေ


မင်းကျင့်တရား ၁ဝ ပါး

မထွန်းကားတဲ့ခေတ်မှာ

သူဟာ တကယ့်သူရဲကောင်းပါ။

ကိုလိုနီ အဖြစ်ထက် ဆိုး

အမျိုးမျိုး ဖိနှိပ်မှုတွေအောက်

ဒူးမထောက်တဲ့ ဇာနည်

မြန်မာပြည်ရဲ့ အနာဂတ်။

နိုင်လိုမင်းထက် အာဏာစက်နဲ့

အမျက်ကို ထုတ်ပြ

အရှက်ကို ဖြုတ်ချထားတဲ့

နအဖ လူသရမ်းတို့

ဖမ်းဆီးလို့ ချုပ်နှောင်ကြလည်း

သူက လွတ်မြောက်သူ။

အောင်နိုင်တဲ့ စွမ်းအားဆိုတာ

ရမ်းကားတာကို ပြောသလား

ဒါဆိုရင် မှားပေလိမ့်

တရားတွေပျောက် အမှားတွေဖောက်လို့

မိုးသောက်မယ့်အချိန် ဝေး

အဲဒါက ခဏလေးပါ။

မြင်နိုင်တဲ့ တို့စွမ်းအား

ဝိုးတဝါးမှာ ရှိစေတော့

မလျှော့ဇွဲနဲ့ သွားကြမယ်

အမှောင်နယ် ကျော်ကာဖြတ်

လွတ်လပ်မယ့် မနက်ဖြန်က

နံရံတွေရဲ့ တစ်ဖက်မှာလေ။

ပါဝင်သမျှ ဒီကနေ့ ဇွဲတွေက

မနက်ဖြန်ဆီ အရောက်နွှဲနေတာမို့

ရပ်ကြည့်လို့ မနေပါနဲ့

အားလုံးရဲ့ ပန်းတိုင်ဟာလည်း

ကိုယ့်ပန်းတိုင်ပဲပေါ့

ကိုယ့်ပွဲကို ကိုယ်ခင်း

ကိုယ့်ဇွဲကို ကိုယ်ရင်းလို့

လွတ်လပ်ရေးသီချင်း သီကြမယ်။

စေတနာ နဲ့ ငြိမ်းချမ်းရေး

လူ့ခွင့်ရေးနဲ့ လွတ်လပ်ရေး

အတွေးမှာ ပီသ

ညီမျှတဲ့ လုံ့လထုတ်ရင်ဖြင့်

အဟုတ်မကြာ အကွာအဝေး

အယုတ်တမာတွေ ပြေးပေလိမ့်

ကိုယ့်မြေကို တကယ်ချစ်ရင်

အနှစ်နဲ့အကာ အမြန်ခွဲခြား

အနာဂတ်ဆီ သွားကြမယ်

တရားဓမ္မ အရင်းတည်

ပြည်မြန်မာ ရောင်နီလွှမ်းစေဖို့

မေတ္တာရည် စိတ်မှာမှန်း

မင်းကိုနိုင် ကျန်းမာပါစေ။ ။

ထိန်လင်း

အောက်တိုဘာ ၁၈၊ ၂ဝဝ၇


Htain Lin Facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.