Wednesday, October 19, 2011

0 အစိုးရဆိုတာ လွှတ်တော်ကို အခြေခံထားရတာဖြစ်လို့ ဘာလုပ်လုပ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ လုပ်ပါ။


အစိုးရပိုင်လို့ အတင်း နာမည်တပ်တာကိုက အစိုးရက ပြည်သူတွေကို အနိုင်ကျင့်တာ ဖြစ်တယ်။

ဒါတွေက နိုင်ငံပိုင်၊ ပြည်သူပိုင်တွေ ဖြစ်တယ်။ အစိုးရပိုင်တာ မဟုတ်ဘူး။ အကြမ်းဖျဉ်းဆိုရင် အစိုးရဆိုတာ ခု ဖွဲ့စည်းပုံအရ ၅ နှစ် တကြိမ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အနိုင်ရ ပါတီက ဖွဲ့စည်းလိုက်တဲ့ အုပ်စုပဲ။ ဒါကြောင့် သူတို့က ကြိုက်သလို ပိုင်ဆိုင်ခွင့် လုပ်ပိုင်ခွင့် ပေးလို့ မဖြစ်ဘူး။

ဒီလိုသာ နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အဦတွေကို အာဏာရပါတီရဲ့ အစိုးရက အလိုအလျောက် ပိုင်ကြေးဆိုရင် အခုရော၊ နောက်နောင် အစိုးရသစ် တက်လာတိုင်းရော ပြဿနာတွေက ရှုပ်ထွေး ကြီးထွားလာမှာ ဖြစ်တယ်။

ဥပမာ- ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘာသာရေး အစွန်းရောက် နိုင်ငံရေးပါတီက အာဏာရပြီး အစိုးရ ဖြစ်လာမယ် ဆိုပါတော့။ ဒါဆိုရင် တနိုင်ငံလုံးမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ဘုရား ပုထိုး ကျောင်းကန်၊ ဇရပ်တွေအားလုံး အစိုးရပိုင်ဖြစ်သွားပြီး ဖျက်ဆီးခံရမှာပေါ့။

လတ်တလော ငွေရဖို့တခုတည်းကိုသာ မကြည့်ပါနဲ့။ ရေရှည် တိုင်းပြည်တည်တံ့ကောင်းစားရေးကိုသာ ကြည့်ပါ။ ဒါဟာ လူထုဆန္ဒအစစ်အမှန်လို့ ကျနော် ယုံကြည်ပါတယ်။

နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အဦတွေကို အစိုးရက သုံးချင်ရင် ဖြစ်သင့်တာက ခုလောလောဆယ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းအတည်ပြုထားတာ မရှိသေးလို့ ဥပဒေနဲ့အညီဖြစ်အောင် လွှတ်တော်ကို ခွင့်တောင်းရမယ်။

ဥပဒေ ပြဌာန်းထားတာ မရှိသေးဘဲ အစိုးရသဘောနဲ့ စိတ်ကြိုက် လုပ်နေရင် ဒါဟာ ဥပဒေမဲ့ လုပ်ရပ် ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဥပဒေသစ်ကို စောင့်ပါ။ လွှတ်တော်က အတည်ပြုတာကို စောင့်ပါ။ လူထုသဘောတူတာကို စောင့်ပါ။

လွှတ်တော်ဆိုတာ လူထုဆန္ဒအရ ဥပဒေပြုရမှာဖြစ်လို့ ဥပဒေအဖြစ် အတည်ပြုရင် ယေဘူယျအားဖြင့် လူထုက လက်ခံတဲ့သဘော သက်ရောက်တယ်။

နောက်တချက်က သမိုင်း အမွေအနှစ်ကို တန်ဖိုးထား ဆုံးဖြတ်ပေးနေတဲ့ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးတို့နဲ့ ကင်းလွတ်တဲ့ နိုင်ငံပိုင် အဆောက်အဦဟောင်းတွေ၊ အားကစားကွင်း မဟုတ်တဲ့နေရာတွေကိုသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သုံးဖို့ စဉ်းစားပါ။

နောက်ဆုံး လွှတ်တော်က သဘောတူသည့်တိုင်အောင် လူထုဆန္ဒ မဟုတ်သေးဘူးဆိုရင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပပြီး စိန်ခေါ်လိုက်ပါ။

ဒီလိုမျိုးတွေ လုပ်နိုင်မှ နိုင်ငံနဲ့ပြည်သူကို လေးစားချစ်ခင် တန်ဖိုးထားတဲ့ အစိုးရ၊ ပြည်သူက ယုံကြည် အားကိုးတဲ့ အစိုးရ ဖြစ်လာနိုင်ပါမယ်။

နိုင်ငံရေးပါတီတွေမှာလည်း တာဝန်ကြီးကြီးမားမား ရှိနေပြီ ဆိုတာကို ဒီနေရာကနေ အသိပေးလိုက်ပါတယ်။

လွင်အောင်စိုး

၁၈-၁ဝ-၂ဝ၁၁

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.