Thursday, October 20, 2011

1 သီတင်းကျွတ်လပြည့်နေ့နဲ့ ကျနော့်မျက်ဝန်းထဲက မှတ်တမ်း


အဲ့လူကြီးနာမည်တော့မမှတ်မိတော့ဘူး.....။တပ်ပြေးလို့အကျဉ်းကျခံခဲ့ရတယ်....လေဖြတ်နေတယ်.....လာကြိုမယ့်လူမရှိဘူး..လမ်းမလျှောက်နိင်ဘူး...... တံခါးဝမရောက်ခင်ထိကျနော် ထမ်းခေါ်လာခဲ့တယ်....သူတံခါးဝကျော်တော့ ... လူတွေကိုတွေ့တော့ ဝမ်းသာပြီးငိုတယ်..... ကျနော်လည်း သူ့ကိုထမ်းရင်းမျက်ရည်ကျခဲ့ရတယ်.... သတင်းတောင် ဆက်မယူနိင်ခဲ့ပါဘူး...။ မြောက်ဥက္ကလာမှာနေတယ်လို့ပြောပါတယ်....ချမ်းမြသုခ မှနေ၍ မြတ်မန္တလာထွန်းကားနဲ့ ပိုက်ဆံ၅၀၀၀ထည့်ပေးပြီး ရန်ကုန်ကိုပြန်ပို့လိုက်ပါတယ်...။အဲ့ဦးလေးကြီးပြန်မှ ပြန်ရောက်ပါ့မလားလို့ ကျနော်စိုးရိမ်မိနေတယ်...


(ပြည်တွင်းအလွတ်သတင်းထောက်တဦးရဲ့မန္တလေး အိုးဘို အကျဉ်းစခန်းမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်-ကျော်ဇေဝင်း Facebook)

၁၁.၉.၂၀၁၁ ည ၁၁နာရီအကျော်မှာ ကျနော်အိပ်မရလို့ သူငယ်ချင်းတစ်ယောက်ရဲ့ အင်တာနက်ဆိုင် တစ်ဆိုင် ကို ထွက်ခဲ့ပါတယ်။ကျနော် အင်တာနက်ဆိုင်ရောက်လို့ အီးမေးလ်ဖွင့်ကြည့်လိုက်တော့ ကျနော့်
အသိ တိုက်ပိုင် သတင်းထောက်တစ်ယောက်က အီးမေးလ်ပို့ထားတာကိုတွေ့ရတယ်။”မနက်ဖြန် အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်။အဲ့သတင်းကိုသိလား ၊ မန္တလေး အိုးဘို အကျဉ်းစခန်းက လွတ်လာမယ့် အကျဉ်းသားတွေကို ဓာတ်ပုံရိုက်ပေးနိင်မလား” ဆိုပြီး ကျနော်ဆီကိုအီးမေးလ် ပို့လာ ပါတယ်။ ကျနော်ကလည်း အလွတ်သင်းထောက် ပီပီ ကျနော်ရအောင်ရိုက်ပေးမယ်ဆိုပြီး အဲ့နေ့မနက် ၅နာရီက တည်းကရောက်သွားတယ်(စကားမစပ် ကျနော်တစ်ညလုံးလည်းမအိပ်ရသေးပါဘူး)။အိုးဘို အကျဉ်းစခန်း ရှေ့ခပ်တည်တည်နဲ့သွားနေခဲ့တာ မနက် ၁၀နာရီကျော်ထိ ဘာမှမထူးခြားလို့ ပြန်လာခဲ့ ပါတယ်။အင်တာနက်ဆိုင်ထက်ဝင်ပြီး ကျနော်အီးမေးလ်ပြန်သွားပို့ပါတယ်။”ဘာမှထူးခြားတာမတွေ့သေးဘူး ၊ ကျနော်မအိပ်ရသေးလို့ ပြန်အိပ်တော့မယ်”လို့ ကျနော်အီးမေးလ်ပို့လိုက်ပါတယ်။

ကျနော် Facebook ဖွင့်လိုက်တော့ ခုပဲ အိုးဘိုအကျဉ်းစခန်းရှေ့မှာသတင်းထောက်တွေ ရောက်နေပြီဆိုပြီး ထက်သတင်းတွေထွက်လာတော့ ကျနော်လည်းမအိပ်တော့ပဲ ပြန်သွားကြည့်မယ်ဆိုပြီး ကျနော် ပြန်သွား ခဲ့ပါတယ်။လမ်းမှာကျနော်သူငယ်ချင်းတစ်ယောက်ကလည်း အဲ့ရှေ့သွားကြည့်မယ်ဆိုလို့ ကျနော်တို့ ၂ယောက်တူတူ သွားခဲ့ကြတယ်။(သူလည်းအလွတ်သတင်းထောက်ပါပဲ)။အိုးဘိုအကျဉ်းစခန်းရှေ့ရောက်တော့ သတင်းထောက်တွေ ဟိုတစ်စ ဒီတစ်စတွေ့နေရပါပြီ။ကျနော်လည်း ကင်မရာပါပေမယ့် မထုတ်ရဲသေးပဲ သူတို့ ဘာလုပ်မလည်းဆိုတာ စောင့်ကြည့်နေရတဲ့အချိန်ပါ။အဲ့ချိန်မှာပဲ တိုက်ပိုင်အကြီးတန်းသတင်းထောက် တစ်ချို့ အိုးဘိုအကျဉ်းစခန်းဂိတ်ကို ကျော်ဖြတ်ပြီး ဝင်သွားတာတွေ့တော့ ကျနော်လည်း ရပြီဆိုပြီး သူတို့နောက်ကလိုက်ဝင်သွားပါတယ်။အကျဉ်းစခန်းရှေ့က ဂိတ်ဝကနေပြီး ဗူးဝအထိရောက်သွားပါတယ်။

အလွတ်သတင်းထောက် တစ်ယောက်အနေနဲ့ ဗူးဝအထိရောက်နေတာ မိုက်မဲမှုတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။မထူးတော့တာကို မထူးဘူးလို့ပဲထားပြီး ကျနော်သတင်းထက်ယူဖို့ ကြိုးစားခဲ့ရပါတယ်။ ဘာသတင်းမှမရသလို ဓာတ်ပုံတောင်ရိုက်လို့ မရတဲ့ ဗူးဝရှေ့မှာ အလွတ်သတင်းထောက် တစ်ယောက်အနေနဲ့ မနေသင့်တော့ဘူးဆိုတာ သိလာလို့ ကျနော် ပြန်လည်တပ်ခေါက်ပြီး အိုးဘို အကျဉ်းစခန်းရှေ့နားက အအေးဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး စိတ်ပျက်လက်ပျက်နဲ့ လက်မှိုင်ချလိုက်ပါတယ်။အဲအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်း ကျနော်ဆီ ဝင်လာပြီး မနက်ဖြန် အကျဉ်းသား ၆ထောင်ကျော်လွှတ်ပေးမယ်လို့ သတင်းတွေ တီဗီမှာပါလာတယ်ဆိုပြီးကျနော်ကိုပြောပါတယ်။ကျနော်လည်း ဒါဆိုမနက်ဖြန်မှလွတ်မှာ သေချာပြီး ၊ ပြန်မယ်အလုပ်မှာ ကျနော်သူငယ်ချင်း (အလွတ်သတင်းထောက်တစ်ယောက်)က အွန်လိုင်းပြန်တတ်ပြီး သတင်းတွေကြည့်ရအောင်လို့ ပြောလာပါတယ်။ကျနော်လည်း ပင်ပန်း (ညမအိပ်ရသေး)နေပေမယ့် အွန်လိုင်းပြန်တတ်ပြီး အီးမေးလ်တွေစစ် Facebook သုံးရင် ကျနော် ညနေ၆နာရီဘယ်လို ထိုးသွားမှန်း ကို မသိလိုက်တော့ပါဘူး။ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေလည်း လွတ်မယ်ဆိုတဲ့ သတင်း တွေ ထွက်နေတော့ ကျနော်လည်း အိပ်ဖို့ကမလွယ်တော့ပါဘူး။ကျနော်ဆီ အီးမေးလ်ပို့ထားတဲ့ တိုက်ပိုင် သတင်းထောက်တစ်ယောက်ကို ဖုန်းဆက်ပြီးကျနော်မနက်ဖြန်ဘာလုပ်ရမလည်းဆိုတာ မေးပါတယ်။ သူကလည်း ကျနော်ကို မနက်ဖြန်ကစပြီး အိုးဘိုထောင်ရှေ့မှာစောင့်နေပြီး ဓာတ်ပုံရိုက်ဖို့ ဒေတာတွေယူဖို့ အီးမေးလ်တွေဝင်လာပါတယ်။ကျနော်ကလည်း ဟုတ်ပြီပေါ့။မနေ့ညကတည်းက မအိပ်ရသေးတဲ့အရှိန် ကလည်းပါတယ်။ဒီကိစ္စနဲ့ အိပ်လို့မရတာလည်းပါပါတယ်။ဘာလို့လည်းဆိုတော့ အလွတ်သတင်းထောက် တစ်ယောက်ကို တိုက်ပိုင်သတင်းထောက်တစ်ယောက်က စခိုင်းတဲ့ချိန်ဆိုတော့ စိတ်နဲ့လည်းဆိုင်တာပေါ့။

ညအိပ်ကောင်းအောင် နည်းနည်းမော့ အိမ်ပြန်လိုက်ပြီး ကင်မရာတွေ အားသွင်း ၊ စာအုပ်တွေ အဆင်သင့်လုပ် ၊ ဘောပင်လ်တွေ အဆင်သင့်ပြင် ဖုန်းတစ်ခါတည်းအားသွင်းပြီး အိပ်လိုက်ပါတယ်။မနက် ၆နာရီမထိုးခင်မှာပဲ ကျနော်သူငယ်ချင်း (အလွတ်သတင်းထောက်) တစ်ယောက်က ဖုန်းဝင်လာပြီး သွားရအောင်လို့ပြောတဲ့အတွက် ကျနော်တို့ ၂ယောက် လက်ဘက်ရည်ဆိုင်ထိုင်ပြီး ထွက်လာတော့ အိုးဘို အကျဉ်းစခန်းရှေ့မှာ ကိုယ်ကလွဲလို့ ဘယ်သတင်းထောက်မှမရှိပါဘူး။ကျနော်တို့လည်း နီးရာ လက်ဘက်ရည်ဆိုင်မှာထိုင်နေချိန် တိုက်ပိုင်သတင်းထောက်တော်တော်များများ ရောက်လာတာကို တွေ့ရပါတယ်။

ကျနော်တို့လည်း သူတို့နဲ့အတူဝင်ရောပြီး မီဒီယာသမားတွေကြားထဲ ရောနှောနေရပါတော့တယ်။ ၈နာရီ မထိုးခင်လောက်မှာ Express Car တစ်စီး အိုးဘိုအကျဉ်းစခန်းထဲဝင်သွားတာတွေ့လိုက်တော့ သေချာပြီ ၊ ယုံကြည်ချက်ကြောင့်ကျတဲ့ အကျဉ်းသားတွေကို ဒီကားနဲ့ခေါ်သွားမှာဆိုပြီး ဆိုင်ကယ်တစ်ခါတည်းထုတ် ကင်မရာအသင့်ပြင်ထားပါတော့တယ်။နောက်နာရီဝက်လောက်နေတော့ အဲ့ကားပြန်ထွက်လာပါတော့တယ်။ ဒီကကောင်ကလည်း အလွတ်သတင်းထောက်တွေပြီပြီ ကျနော်သူငယ်ချင်း (အလွတ်သတင်းထောက်) တစ်ယောက်ကဆိုင်ကယ်မောင်း ကျနော်ကနောက်ကနေပြီးတော့လိုက်သွားပါတော့တယ်။လိုက်ရင်းလိုက်ရင်း နန်းရှေ့ ၁၉လမ်းထိပ် မီးပွိုင့်ရောက်တော့ ကားပေါ်ကလူတွေကို ကြည့်လိုက်တယ်။နိင်ငံခြားသားတွေကို လွှတ်လိုက်တဲ့ကား သေပြီဆရာဆိုပြီး ကျနော်တို့လည်းနောက်ပြန်လှည့်ခဲ့ရပါတယ်။

အဲ့အချိန်မှာပဲ နာမည်ကြီး ကဗျာဆရာတစ်ယောက်က အိုးဘိုရှေ့ကတည်းက ကားနောက်လိုက်လာပြီး ကျနော်တို့ဆိုင်ကယ်နား ကပ်မေးပါတော့တယ်။ အဲ့တာဘယ်သူတွေလည်းလာမေးတော့ နိင်ငံကြားသားတွေ လို့ပြောလိုက်ချိန်မှာပဲ သူလည်း မျက်နှာရှုံ့မဲ့ပြီး ပြန်လှည့်သွားပါတော့တယ်။ကျနော်တို့ကလည်း အားမလျှော့ဘူး။အိုးဘိုအကျဉ်းစခန်းရှေ့ပြန်သွားပါတယ်။ဟိုရောက်တော့ ဘာမှမထူးသေးဘူးဆိုတာ သိတော့ ဆိုင်ကယ်လေးဘေးထိုး ကင်မရာလေး လက်ထဲမှာကိုင်ပြီး ဘာရိုက်လို့ရိုက်ရမှန်းမသိပဲ ချောင်းမြောင်း နေရပါတော့တယ်။ ၉နာရီကျော်မှာပဲ အဖိုးကြီးတစ်ယောက်ကို ဝှီးချဲနဲ့ထုတ်လာတာတွေ့ရတော့ လွှတ်နေပြီဆိုတာ သေချာတာနဲ့ အိုးဘိုအကျဉ်းစခန်းရဲ့တံခါးဝအထိ သွားပြီး အထဲဝင် သတင်းယူဖို့ ကျနော်တို့လည်းကြိုးစားပါတော့တယ်။အဲ့အချိန်ထိ တံခါးဝကျော်ထိ ဘယ်မီဒီယာ ဘယ်သတင်းထောက်မှ ဝင်လို့မရသေးပါဘူး။အဲ့အချိန်မှာပဲ ပေါ်ပြူလာဂျာနယ်တိုက်က အစ်ကိုတစ်ယောက်က စကားတော်တော် ပြောလိုက်ရပြီး မီဒီယာသမားတွေဝင်လို့ရပြီလို့ပြောလိုက်တဲ့အချိန်မှာ ကျနော်တို့လည်းအနောက်နေ လိုက်ဝင်ပါတော့တယ်။ကျနော်လည်း အလွတ်သတင်းထောက်ပြီပြီ ဘယ်ဂျာနယ်ကလည်းမေးရင် ကျနော်မီဒီယာကပါလို့ပဲ ပြောပြောပြီး ဝင်သွားရင် တံခါးဝကျော်သွားပါတော့တယ်။ကျနော်လည်း ထွက်လာသမျှ အကျဉ်းသားတွေကို ဓာတ်ပုံရိုက် အင်တာဗျူးရင်း၁၁နာရီကျော်လာပါတော့တယ်။

အဲ့အချိန်မှာကျနော်သတင်းမယူနိင်အောင်ဖြစ်သွားတာလေးတွေရှိပါတယ်။ဘာလည်းဆိုတော့အကျဉ်းသားအဖိုးအိုတစ်ယောက် ခုံပေါ်မှာထိုင်နေပါတယ်။”ထလို့လည်းမရဘူးလို့” စကားခပ်ဝါးဝါးနဲ့ ပြောသံတစ်ခု ကျနော်နားထဲ ခပ်တိုးတိုးကြားလိုက်ရပါတယ် (ကျနော်ကိုလှမ်းပြောသလိုကိုကြားလိုက်ရပါတယ်)။ပြန်လှည့်ကြည့်လိုက်တော့ လေဖြတ်နေတဲ့ ဦးလေးကြီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်၊ သူ့အသက်က ၇၀ကျော်လောက်ရှိပြီလို့ ကျနော် သိလိုက်ပါတယ်။ကျနော်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားတယ်။ကင်မရာကိုအိတ်ထဲထည့်ပြီး ကျနော်လည်းသူ့ကိုမေးလိုက်ပါတော့တယ်။ဦးလေးဘယ်ပြန်မှာလည်းလာကြိုမယ့်လူရှိလားလို့ပဲမေးလိုက်ပါတယ်။အဲ့အချိန်မှာ ဘာမှုနဲ့ ကျတာလည်း ၊ အမှုတွဲကဘာလည်းဆိုတာ မေးဖို့ကို ကျနော်စွံ့အလို့ သွားခဲ့ပါပြီ။ ကျနော်လည်းသူ့ကိုမေးလိုက်တယ် ၊ လာကြိုမယ့်လူရှိလားဆိုတော့ ခေါင်းခါပြပါတယ်။ ဘယ်မှာနေလည်းဆိုတော့ သူအားယူပြီး ၂မိနှစ်လောက်နေမှ ရန်ကုန်မြောက်ဥက္ကလာဆိုပြီးပြောပါတယ်။ လာကြိုမယ့်လူမရှိဘူးလို့လည်း ပြောပါတယ်။ကျနော်ရင်ထဲမှာ အစို့ကြီးစို့ခံလိုက်ရသလို ဘာမှလည်းမပြောနိင်တော့ပါဘူး။ကျနော်လက်ကိုဆွဲပြီး လမ်းလျှောက်လို့ရလားမေးတော့ ခေါင်းခါမလို ခေါင်းငြိမ့်မလို လုပ်တာနဲ့ ကျနော်လည်း အိုးဘိုအကျဉ်းစခန်းက ဝန်ထမ်းတစ်ဦးနဲ့ တွဲပြီးထွက်လာပါတယ်။

ဝန်ထမ်းက သံတံခါးကျော်တော့ ကျနော်နဲ့လွှဲထားလိုက်ပါတယ်။ကျနော်လည်းသူ့ကို မထူးပါဘူးဆိုပြီး ထမ်းလာတော့ သူဟာ ပါးစပ်ကြီးဟပြီး ဘာမှမပြောနိင်ပဲ အကျဉ်းစခန်းအပြင်ကလူတွေကိုတွေ့တော့ ငိုပါတော့တယ်။သူဘယ်နှစ်နှစ်ကျလည်းကျနော်မှာ မမေးနိင်တော့ပါဘူး။ကျနော့်ကို ကျနော်လည်း သတင်းထောက်ဆိုတာကိုမေ့ပြီး သူ့ကိုထမ်းရင်း ကျနော်လည်း မျက်ရည်မထိန်းနိင်ပဲ မျက်ရည်တွေဟာ ထွက်ကျလာပါတော့တယ်။အကျဉ်းစခန်းရှေ့ကခုံမှာ သူ့ကိုထိုင်ခိုင်းရင်း ကျနော်ဘာလုပ်ရမလည်း စဉ်းစား နေမိပါတော့။အဓိကကတော့ သူဘယ်လိုပြန်မလည်းပေါ့။ကျနော်အမျိုးမဟုတ်ပေမယ့် ဒီလိုလူမျိုးတွေကို တွေ့ရတော့ ကျနော်ဝမ်းနည်းမိပါတယ်။ဘာအမှုနဲ့ပဲ အကျဉ်းကျကျဉ်းကျ အပြင်ကိုစရောက်တဲ့ချိန်မှာ လှောင်အိမ်ထဲက ဌက်တစ်ကောင်လို ဘယ်သွားရမှန်းမသိ ဘယ်အကိုင်းနားရမှန်းမသိတဲ့ ဌက်လိုပါပဲ။ မိသားစုမရှိတဲ့လူတွေ မိသားစုလာမကြိုတဲ့လူတွေဆို ပိုဆိုးပါတယ်။

သူ့ဘေးမှာ မျက်ရည်ကျတဲ့လူဆိုလို့ ကျနော်တစ်ယောက်ပဲရှိပါတယ်။ကျနော် သတင်းထောက်ဖြစ်နေလည်း ကျနော်မနေနိင်ပါဘူး။လူတစ်ယောက်ကိုကူညီချင်ခဲ့တဲ့ စိတ်ရင်းကြောင့်လားမသိ ၊ ကျနော်သူ့နားလေးမှာ ယောင်လည်ယောင်လည်နဲ့ ဖြစ်နေချိန်မှာ ချမ်းမြသုခမှ အစ်မကြီး မယုယုတို့ရောက်လာပါတော့တယ်။ သူ့ကိုပြုစုပေးဖို့ ကားခေါ်ထားပြီးဖြစ်တဲ့အကြောင်းပြောချိန်မှာ ကျနော်လည်းကျေးဇူးတင်ကြောင်းပြောပြီး ကျနော်လည်း သတင်းထောက်အနေနဲ့ သတင်းထက်သွားယူပါတော့တယ်။စိတ်ထဲမှာတော့ တစ်ထစ်ထစ်နဲ့ ပေါ့။ အဲ့အချိန်မှာ အကျဉ်းစခန်းထဲက တစ်ဖွဲ့ပြီးတစ်ဖွဲ့ထွက်လာသလို ၊ ကိုယ့်မိသားစုတွေ များတွေ့မလား ဆိုပြီး အကျဉ်းထောက်ထဲကနေထွက်လာပြီး ရှာနေတဲ့လူတွေ လည်းရှိပါတယ်။ မိသားစုဝင်တွေကလည်း ကိုယ့်လူကို လွတ်လာမလားလို့ မျှော်လင့်ချက်တံခါးတွေနဲ့ စောင့်နေကြပါတော့တယ်...။ကျနော်လည်း ဓာတ်ပုံရိုက်ရင်း သတင်းယူရင်း ညနေ၃နာရီခွဲကျော်တော့ နောက်ဆုံးပိတ်ကားကြီးတစ်စီးနဲ့ အကျဉ်းသားတွေ ထွက်လာပါတော့တယ်။ကျနော်လည်း အဲ့ကားပေါ်ကလူတွေကို လှမ်းမေးလိုက်ပါတယ်။ အထဲကလွတ်မယ့် လူတွေ ကျန်သေးလားဆိုတော့ ဒါအကုန်ပဲ လို့သူတို့ကလှမ်းပြောလိုက်ပါတယ်။

ပျော်တဲ့လူတွေကတော့ပျော်နေကြတာပေါ့ဗျာ။တစ်ချို့မိသားစုဝင်တွေကလည်း ကိုယ့်မိသားစုဝင် မလွတ်လို့ ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်ကြသလို ကောင်းကင်ကြီးကိုကြည့်ပြီး နောက်တစ်ကြိမ် ငါတော့လွတ်မှာပါလို့ အထဲကနေ အားတင်းထားသူတွေလည်းရှိနေတယ်လို့ ကျနော်ခံစားရပါတယ်။ ပြန်လွတ်လာတဲ့လူတွေက လည်း ဝမ်းသာပျော်မြူးနေကြသလို တစ်ချို့ကလည်း ဝမ်းပန်းတစ်သာ ဖက်ငိုနေကြတာတွေ လည်းရှိနေခဲ့ပါ တယ်။

အဲ့အချိန်မှာပဲ ကျနော် လေဖြတ်နေတဲ့ ဦးလေးကြီးကိုသတိရပြီး ပြန်သွားလိုက်တဲ့အချိန်မှာ အဲ့လူကြီး မရှိတော့ပါဘူး။ ကျနော်လည်း စိုးရိမ်စိတ်နဲ့ ချမ်းမြသုခက အစ်ကိုကြီးတွေ အစ်မကြီးတွေမေးကြည့်တော့ သူတို့ဆေးခန်းခေါ်သွားပြီး ဆေးထိုး ဆေးပုလင်းချိတ်ပေးလို့လမ်းလျှောက်နိင်ပြီဖြစ်ကြောင်း ၊ ညနေ၅နာရီကားနဲ့ ရန်ကုန်ကိုပြန်ပို့လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။အဲ့အချိန်မှာကျနော် ချမ်းမြသုခ အသင်းကြီးကို ပြောမပြတတ်အောင်ကို ကျေးဇူးတင်သွားပါတယ်။ပြီးတော့ ချမ်းမြသုခ လူမှုကူညီရေးအသင်း မှ ပုဒ်မအသီးသီးနဲ့ ပြန်လွတ်လာတဲ့ အမျိုးသား ၊ အမျိုးသမီးတွေကုန်လုံးကို ထမင်းကျွှေးနေတာ တွေ့ရ ပါတယ်။ လမ်းစရိတ်တွေလည်းပေး.ကားတွေနဲ့လည်းလိုက်ပို့နေတာတွေလည်းတွေ့ရတော့ ချမ်းမြသုခ အသင်းတစ်ခုထဲကသာမဟုတ်ပဲ ကျန်တဲ့အဖွဲ့အစီးတွေကလည်း သူတို့လို လူအားတွေ ငွေအားတွေနဲ့ ကူညီရင်ဘယ်လောက်ကောင်းလိုက်မလည်းဆိုတဲ့ အတွေးလေးတစ်ခုလည်း ကျနော်ဆီမှာ ဝင်လာပါတယ်။

သတင်းထောက်တွေကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ လူတွေကို သတင်းထောက်တွေ မီဒီယာသမားတွေမှ အင်တာဗျူးတွေလုပ်နေချိန် ဓာတ်ပုံတွေရိုက်နေချိန်မှာပဲ ကျနော်ဟာခြေပစ်လက်ပစ်နဲ့ အိုးဘိုအကျဉ်းစခန်းရှေ့လမ်းမဘေးက အုတ်တံတိုင်းကိုမှီပြီး ထိုင်ချရင်း ငါ့ဓာတ်ပုံတွေ ဂျာနယ်တိုက်တွေက ယူမသုံးရင်နေပါစေ ရန်ကုန် မြောက်ဥက္ကလာကိုပြန်မယ့် လေဖြတ်နေတဲ့ စကားလည်းမပီတဲ့ ဦးလေးကြီးကိုပဲ ပြန်ပြေးမြင်ပြီး သူဘယ်လိုပြန်မလည်း သူ့မိသားစုနဲ့တွေ့ပါ့မလားဆိုတာ ကိုအသက်ဝအောင်ရှုဖို့အားမရှိပေမယ့် သူ့အတွက်ပဲ စဉ်းစားနေမိပါတော့တယ်ဗျာ......။

ကျော်ဇေဝင်း

1 comment:

  1. မြင့်မြတ်သော နှလုံးသား ပိုင်ရှင် မီဒီယာသမားစစ်စစ် တစ်ယောက် ဖြစ်ကြောင်း ထောက်ခံလိုက်ပါသည် ... သာဓု သာဓု သာဓု

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.